ကင်ဆာဆေးဆိုတာ အားလုံးလည်းသိကြမှာပါ။ ကင်ဆာဝေဒနာ ခံစားနေရတဲ့သူတွေမှာသုံးတယ်။   ကင်ဆာဆေးသွင်းခြင်းမှာ ကင်ဆာဆဲလ်တွေကိုသတ်တာနဲ့ ထပ်ပြီးမပွားအောင် ကာကွယ်ဖို့သုံးကြတယ်။ အဲဒီဆေးတွေမှာ ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်။ ဆရာဝန်တွေကတော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချင့်ချိန်ပြီးသုံးကြတယ်။ ကင်ဆာရောဂါခံစားနေရပြီဆိုရင် ခွဲစိတ်တာ၊ ဓါတ်ရောင်ခြည်ပေးတာအပြင် ကင်ဆာဆေးသွင်းခြင်းလည်းပါတယ်။

ကင်ဆာဆေးသွင်းတယ်ဆို တာဘာလဲ

ကျန်းမာတဲ့လူတစ်ယောက်မှာ ဆဲလ်ပွားတယ်၊ ကြီးထွားတယ်ဆိုတာရှိပါတယ်။ ကင်ဆာရောဂါဖြစ်ပြီဆိုရင်တော့ ဆဲလ်ပွားတာပုံမှန်မဟုတ်တော့ဘဲ ပိုပြီးပွားတဲ့အခါ ထိန်းချုပ်လို့မရတော့ပါဘူး။ အဲဒီကင်ဆာကုထုံးတွေဟာ ကင်ဆာလူနာတော်တော်များများအတွက် အကျိုးရှိတာမှန်ပေမယ့် လူနာရဲ့ရောဂါအခြေအနေပေါ်လည်း မူတည်ပါတယ်။ အဲဒါကြောင့် ဆရာဝန်တွေဟာ လူနာတစ်ယောက်ကို ကင်ဆာဆေးသွင်းတော့မယ်ဆိုရင် ကောင်း ကျိုး ဆိုးကျိုးတွေကို ပြောပြပြီးမှကုသတာဖြစ်ပါတယ်။

ကင်ဆာဆေးကို ဘာကြောင့်သုံးလဲ

မခွဲစိတ်ခင် ကင်ဆာအလုံး အကျိတ်ကို သေးစေတယ်။ ခွဲပြီးသွားရင် ကင်ဆာဆဲလ်တွေ မကျန်အောင်သုံးတယ်။ ကုသလို့မပျောက်နိုင်တဲ့ ကင်ဆာရောဂါတွေ မှာ ရောဂါဆက်မပြန့်အောင်နဲ့ အတိုင်းအတာတစ်ခုထိ တားဆီး နိုင်အောင်သုံးကြပါတယ်။

ကင်ဆာဆေးသွင်းပြီဆို ဘယ်လောက်ကြာမလဲ

ဒါကတော့ ကင်ဆာအမျိုးအစားနဲ့ အဆင့်ပေါ်မူတည်ပြီး တရက်ကနေရက်သတ္တပတ် အနည်းငယ်ထိကြာ တတ်ပါတယ်။ ကင်ဆာဆေးတစ်ခါသွင်းပြီးသွားရင် နလန်ပြန်ထူဖို့ အချိန်ယူရပါတယ်။ (ဥပမာ တစ်ရက်ဆေးသွင်းပြီး တပတ်ကနေ သုံးပတ်လောက်နားရတာမျိုးပေါ့)ကင်ဆာဆေးအကြာကြီးသွင်းရတဲ့ သူတွေမှာ နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာရင်တော့ စိတ်ရောဂါအထူးကုဆရာဝန်တွေနဲ့ ပေါင်းပြီး ကုသရနိုင်ပါတယ်။

သွေးစစ်ချက်

ကင်ဆာဆေးသွင်းနေတဲ့ သူတစ်ယောက်အတွက် သွေးစစ်ချက်တွေ ပြုလုပ်ဖို့လဲလိုအပ်ပါတယ်။

သွေးစစ်ချက်များမှတဆင့် လူနာရဲ့ကျန်းမာရေးနဲ့တကွ ဆေးတွေအပေါ်ခံနိုင်စွမ်းရည်ကို သိရှိနိုင်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ဆိုးကျိုးတွေကိုလဲ ကြိုတင်မှန်းဆနိုင်ပါတယ်။

ကင်ဆာဆေးတွေကို အသည်းက ချေဖျက်ပေးရတဲ့အတွက် အသည်းထိခိုက်နိုင်ခြေလဲရှိပါတယ်။ ဒါကြောင့် အသည်းကောင်း မကောင်း သွေးစစ်ချက်တွေကနေ ကြိုတင်သိရှိခဲ့ရင် ကုသမှုကိုရွှေ့ဆိုင်း ဒါမှမဟုတ် ရပ်ဆိုင်း တာတွေကို လုပ်ဆောင်သင့်ပါတယ်။

သွေးအဖြေမှာ သွေးဖြူဥ၊ သွေးနီဥ ပမာဏ သာမန်ထက် နည်းပါးတာတွေကိုလဲ သိရှိနိုင်ပြီး နည်းနေရင် စိတ်ချရတဲ့ ပမာဏတစ်ခုထိ ရောက်အောင် စောင့်သင့်ပါတယ်။

သွေးစစ်ချက်တွေဟာ ကုသမှုခံယူနေတဲ့ လူနာတစ်ယောက်အတွက် အရေးကြီးတာကြောင့်ပုံမှန် စစ်ဆေးပေးဖို့ အရေးကြီးပါတယ်။ သို့မှသာ မိမိရဲ့ခံနိုင်စွမ်းအားနဲ့ ကုသမှုထိရောက်တဲ့အတိုင်းအတာကို သိနိုင်မှာဖြစ်ပါတယ်။

ဆေးကိုဘယ်လိုပေးမလဲ

လူနာအများစုက ကင်ဆာဆေးသွင်းကုသမှုတွေကို ဆေးရုံမှာ ခံယူကြပြီး အိမ်မှာပဲနေရင်း ဆေးသွင်းသူတွေလဲရှိပါတယ်။

အိမ်မှာ ကုသမှုခံယူနေတဲ့ လူနာတွေအနေနဲ့လဲ ကုသမှုထိရောက်မှုရှိ၊ မရှိ သိနိုင်ဖို့ ဆေးရုံကို ပုံမှန်ပြသစစ်ဆေးသင့်ပါတယ်။ ကင်ဆာလူနာအနေနဲ့ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ဆေးကို အတိအကျသောက်ဖို့လိုပါတယ်။ ဆေးသောက်ဖို့ ပျက်ကွက်ခဲ့ရင် မိမိရဲ့သက်ဆိုင်ရာဆရာဝန်ကို အ ကြောင်းကြားပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ကင်ဆာဆေးအမျိုးအစားများ

ကင်ဆာဆေးဆိုတာ ဆေးတစ်မျိုးတည်းရှိသလို ဆေးပေါင်းလည်းရှိပါတယ်။ ကင်ဆာဆေးတွေက ဆဲလ်ပွားတာကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ်ပွားစေတဲ့ အင်ဇိုင်းနဲ့ဟော်မုန်းတွေကို တားဆီးနိုင်တဲ့ အစွမ်းတွေရှိတယ်။

ကင်ဆာဆေးအမျိုးအစားများစွာရှိပါတယ်။ ကင်ဆာဆဲလ်တွေရဲ့ DNA အပေါ်သက်ရောက်ပြီး ဆဲလ်တွေကို Cycle အဆင့်ဆင့်မှာ သတ်ပစ်တဲ့ဆေး (Alkylating Agents), Antimetabolites (ခေါ်) ကင်ဆာဆဲလ်တွေကို အာဟာရပြတ်သေစေနိုင်တဲ့ဆေး၊ Plant Alkaloids (ခေါ်) ကင်ဆာဆဲလ်တွေရဲ့ ကြီးထွား/ပွားများမှုကို ဟန့်တားတဲ့ဆေး၊ Antitumor Antibiotics (ခေါ်) ကင်ဆာဆဲလ်တွေရဲ့ မျိုးပွားမှုကိုတားတဲ့ဆေးစသဖြင့် အ သုံးပြုလျက်ရှိပါတယ်။

Tablets, Capsules ဆေးရည်ပုံစံနဲ့ သောက်ဆေးတွေရှိသလို သွေးကြောထဲကိုသွင်းရတဲ့ ဆေးများလဲရှိပါတယ်။ နှစ်ရှည်လများစွာ ကင်ဆာဆေးသွင်း ကုသမှုခံယူဖို့လိုအပ်တဲ့ လူနာတွေအတွက် ဆေးသွင်းစက် (Chemotherapy Pump) များကို အသုံးပြုကြပါတယ်။

ကင်ဆာဆေးသွင်းနေတဲ့ လူနာတွေမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်သလဲ

ကင်ဆာဆေးသွင်းနေတဲ့ လူနာတွေအနေနဲ့ မိမိကုသနေသော ဆေးကုသမှုအမျိုးအစားနဲ့ ကုသမှုအဆင့်ပေါ် မူတည်ပြီး ဆိုးကျိုးအနည်းငယ်မှ အလွန်ပြင်းထန်သောဆိုးကျိုးများ ခံစားရတဲ့အထိဖြစ်နိုင်ပါတယ်။ အချို့မှာတော့ ဆိုးကျိုးမရှိသလောက်နည်းပါးပြီး ကုသမှုဆက်လက်ခံယူနေတဲ့ လူနာတွေလဲရှိပါတယ်။ ကင်ဆာဆေးသွင်းလူနာများမှာ တွေ့ရတတ်တဲ့ ဆိုးကျိုးတွေကတော့-

ပျို့ / အန်ခြင်း

ကင်ဆာဆေးသွင်းနေတဲ့ လူနာတွေမှာ ပျို့ချင် / အန်ချင်တာမျိုးက ဖြစ်လေ့ရှိတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ အဲ့လိုခံစားရတာ သက်သာစေဖို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်သုံးသင့်ပါတယ်။

ဆံပင်၊ လက်သည်း / ခြေသည်း၊ အရေပြား

လူနာတချို့ကြုံတွေ့ရနိုင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးကတော့ ဆံပင်တွေကျွတ်လာတာပဲဖြစ်ပါတယ်။ ဆေးကုသမှုခံယူအပြီး ရက်သတ္တပတ်အတွင်းမှာပဲ ဆံပင်တွေပါးလာတာကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ တခြားနေရာများမှာလည်း အမွှေးအမျှင်တွေကျွတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဦးထုပ်ခေါင်းဆောင်း ဝတ်ဆင်တာဟာ ဆံပင်ကျွတ်တာကို ကာကွယ်နိုင်သလို ဦးရေပြားအေးမြအောင်လည်း ကူညီနိုင်ပါတယ်။

လက်သည်း / ခြေသည်းတွေမှာလည်း အလားတူအခြေအနေ ခံစားရနိုင်ပါတယ်။ ကင်ဆာဆေး သွင်းနေတဲ့ လူနာတစ်ယောက်အဖို့ အရေပြားဟာ အလွန်ခြောက်သွေ့လွယ်ပြီး နေရောင်ခြည်မခံနိုင်တာကလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။

ဒါကြောင့် တတ်နိုင်သမျှ နေပူထဲထွက်တာကို ရှောင်ကြဉ်ပါ။ မဖြစ်မနေထွက်ရရင်လဲ Sunscreen အသုံးပြုတာ၊ အဝတ်အစား အပြည့်အစုံဝတ်ဆင်တာမျိုးနဲ့ နေရောင်ဒဏ်ကိုကာကွယ်ရပါမယ်။

အကြားအာရုံ ချို့ယွင်းခြင်း

ကင်ဆာဆေးတွေရဲ့ ဆိုးကျိုးနောက်တစ်ခုကတော့ အာရုံကြောများအပေါ် သက်ရောက်မှုရှိတာကြောင့် အကြားအာရုံအပေါ်မှာလဲ သက်ရောက်မှုရှိပါတယ်။ နားအူ တာ၊ အကြားအာရုံညီမျှမှုမရှိတာ တွေအပြင် အကြားအာရုံဆုံး ရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။

ကိုယ်ခံအားကျဆင်းခြင်း

ကင်ဆာဆေးတွေဟာ ခန္ဓာ ကိုယ်မှ သွေးဖြူဥပမာဏကို ကျ ဆင်းစေတတ်တာကြောင့် ကိုယ်ခံ အားကျဆင်းပြီး ကူးစက်ရောဂါ များ အလွယ်တကူ ဝင်ရောက်စေနိုင် ပါတယ်။ ဒီလိုမဖြစ်အောင် လက် ပုံမှန်ဆေးပြီး အစားအစာတွေကို သန့်သန့်ရှင်းရှင်းထားဖို့ လိုပါ တယ်။

သွေးထွက်လွန်ခြင်း

ကင်ဆာဆေးတွေဟာ ခန္ဓာကိုယ်ရှိ သွေးဥမွှား (Platelet) ပမာဏကိုလည်း ကျဆင်းစေတာကြောင့် သွေးမခဲခြင်း၊ သွေးမတိတ်ခြင်းစတဲ့ ဆိုးကျိုးတွေနဲ့လည်း ကြုံတွေ့နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ညိုမဲကွက်များထွက်ခြင်း၊ သွေးထွက်များခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်းစတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ လူနာအနေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်မှုမရှိအောင် အထူးတလည် ပိုဂရုစိုက်သင့်ပါတယ်။

သွေးအားနည်းခြင်း

သွေးအားနည်းတာကြောင့် လူနာအနေနဲ့မောပန်းလွယ်ခြင်း၊ အားမရှိသလိုခံစားရခြင်း၊ ရင်တုန် ခြင်းများခံစားရနိုင်ပါတယ်။ ဒီအတွက် အသီးအရွက်၊ ပဲ၊ အသား တို့ကိုသင့်တင့်မျှတအောင်စားပါ။ အလွန်အမင်း သွေးအားနည်းတဲ့ လူနာတွေအနေနဲ့ ဆရာဝန်ညွှန်ကြားတဲ့ဆေးကို ပုံမှန်သောက်ပြီး လိုအပ်ရင်သွေးသွင်းရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်နှင့် မျိုးပွားနိုင်ခြင်း

ကင်ဆာဆေးကုသမှု ခံယူနေသူတွေမှာ မျိုးပွားနိုင်ခြင်း (Fertility)ကျဆင်းမှုနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါက ယာယီသာဖြစ်ပြီး ကုသမှုပြီးဆုံးသွားရင် ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေကို ရက်သတ္တပတ် (၁၂-၁၄) ပတ်မှာ ကင်ဆာဆေးမပေးသင့်ပါဘူး။ အဲဒီအချိန်မှာ သန္ဓေသားအနေနဲ့ ကိုယ်တွင်းကလီစာများ စတင်ဖွဲ့စည်းချိန် (Organogenesis) ဖြစ်တာကြောင့် ဆိုးကျိုးသက်ရောက် မှုတွေရှိလာနိုင်လို့ဖြစ်ပါတယ်။ လိုအပ်ရင် ကိုယ်ဝန်လရင့်မှ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ကုသမှုခံယူသင့်ပါတယ်။

မီးဖွားခါနီးကိုယ်ဝန်ဆောင်တွေအနေနဲ့လည်း မွေးရက်မတိုင်မီ ရှစ်ပတ်ကြာထိ ကုသမှုကိုဆက်လက်ခံယူရပါမယ်။ အဲဒါမှ မွေးဖွားချိန်မှာဖြစ်ပေါ်လာနိုင်တဲ့ ကူးစက်မှုတွေကို လျှော့ချနိုင်မှာပါ။

ဖြစ်နိုင်ရင်တော့ ကင်ဆာဆေးကုသမှုခံယူနေချိန်မှာ ကိုယ်ဝန်မရှိအောင် နေထိုင်ခြင်းကတော့ အကောင်းဆုံးပါပဲ။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း

ကင်ဆာဆေးသွင်းနေသူတွေမှာတွေးခေါ်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ လတ်တလောဖြစ်ပျက်မှုတွေကို မှတ်မိနိုင်စွမ်း (Short Term Memory)တို့ ပျောက်ဆုံးနိုင်ခြေ (၇၅%)ထိရှိပါတယ်။ အဲ့ဒီထဲက (၃၅%)ဟာ ကုသမှုခံယူအပြီး လအတန်ကြာ (သို့)နှစ်ချီကြာအောင် မပျောက်ဘဲရှိနေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ် ကျဆင်းတာ၊ စိတ်အပြောင်းအလဲမြန်တာ စတဲ့ဆိုးကျိုးတွေကိုလဲ ခံစားရနိုင်ပါတယ်။ လူနာမှာ စိတ် ရောဂါအခံရှိရင် အခြေအနေပိုဆိုးတတ်ပါတယ်။

ကင်ဆာဆေးသွင်းနေတဲ့ လူနာတွေအနေနဲ့  ကင်ဆာရဲ့တည်နေရာ အမျိုးအစား၊ အဆင့်အပေါ်မူတည်ပြီး ဆေးရဲ့ထိရောက်မှုကလည်း တစ်ယောက်နဲ့တစ်ယောက် ကွဲပြားမှုရှိပါတယ်။ လူနာရဲ့ ကျန်းမာရေးအခြေအနေနဲ့ ရောဂါအခံရှိ၊ မရှိအပေါ်မူတည်ပြီးလည်း ကွဲပြားနိုင်ပါတယ်။ ထိုအချက်များအပေါ် အခြေခံပြီး လူနာတစ် ယောက်နဲ့တစ်ယောက် ရလဒ်ချင်းမတူနိုင်သလို ကင်ဆာပြန်ဖြစ်နိုင်ခြေလည်း မတူပါဘူး။ ဒါကြောင့် လူနာတွေအနေနဲ့လည်း ကင်ဆာဆေးသွင်းကုသမှုရဲ့ ဆိုးကျိုးတွေခံစားရမှု လျော့နည်းစေဖို့ မိမိရဲ့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံ၊ အလုပ်ခွင်စနစ်စတာတွေကို ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။

အခုဆိုရင်တော့ ကင်ဆာဆေးသွင်းခြင်းနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို ပြောပြခဲ့ပြီးပြီဆိုတော့ အတန်အသင့်နားလည် သဘောပေါက်ကြမယ်ထင်ပါတယ်။  အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေ။

ဒေါက်တာဝင့်မှူး