ကဏန်းခေါ် ပုစွန်လုံး၏ အကျိုးသွားအာနိသင်ကို ဖော်ပြရသော် ကဏန်းတစ်ကောင်လုံး၌ ဓာတ်ကြီးလေးပါးစလုံး ဦးဆောင်ပါဝင်နေသောကြောင့် အစိတ်အပိုင်းအားလုံး ဆေးဘက်တွင် အသုံးပြုနိုင်သည်ဟု ရှေးဟောင်းဆေးကျမ်းများက ဖော်ပြထား၏။ ရှေးအခါက ပုစွန်လုံးများကို လယ်ယာလုပ်သားများသာလျှင် စားသုံးကြသော်လည်း ယခုအခါ လူတိုင်းစားသုံးကြ၏။ စားသုံးခြင်းဖြင့် “အစာလည်းဆေး၊ ဆေးလည်းအစာ”ဆိုသော စာဆိုအရ ကျန်းမာရေးအတွက် များစွာအထောက်အကူပေး၏။ သွေးအားကိုကောင်းစေသော အစားအစာများအနက် အသား၊ ငါး၊ အသည်း၊ နို့၊ ထောပတ်၊ ဒိန်ချဉ်၊ ဒိန်ခဲ စသည်တို့ထက် သွေးအားကိုကောင်းစေပြီး အားကိုဖြစ်စေသော အာဟာရကောင်းတစ်ခု ဖြစ်ပေသည်။

ကဏန်းသားစားသုံးခြင်းဖြင့် ပျောက်ကင်းစေသောဝေဒနာများမှာ ကိုယ်ခန္ဓာမဖွံ့ဖြိုးသူများ၊ အရိုးအဆစ် မခိုင်မာသူများ၊ သွားမကောင်းသူများ ပျောက်ကင်းစေ၏။

နှလုံးသွေးအားနည်းပြီး မောပန်းလွယ်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ မူးဝေထိုင်းမှိုင်းခြင်း၊ အသွားအလာ၊ အထိုင်အထ လေးကွေးခြင်း၊ အိပ်မပျော် စားမဝင်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်းများအပြင် အမျိုးသမီးများ မီးယပ်မမှန်ခြင်း စသောရောဂါဝေဒနာပါ ပျောက်ကင်းစေပါသည်။

မှတ်ချက် ။   ။ ပင်လယ်ကဏန်းကြီးများ စားသုံးရာတွင် စင်ကြယ်စွာဆေးကြော သန့်စင်ပြီးမှ စားသုံးသင့်ပေသည်။ မစင်ကြယ်ဘဲ စားသုံးမိပါက ပင်လယ်အူနာ ဖြစ်တတ်ပါသည်။ ဝမ်းကိုလည်း ပျက်စေတတ်ပါသည်။ ပင်လယ်အူနာဖြစ်လျှင် ပင်လယ်အုန်းသီးဆံ သွေးသောက်ပါက ပျောက်ကင်းစေပါသည်။

သမားတော်ကြီး ဒေါက်တာသက်ဆွေ (ရှေ့ဆောင်တင်ဆွေ)

Health Care