ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ‎‎‎၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ပွဲကို ဧပြီလ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စု အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၆) နှစ်ဆက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သောကြောင့် ဂုဏ်ထူးဆောင်ဆု အပါအဝင် အခွန်အမြင့်မားဆုံးထမ်းဆောင်သူ လုပ်ငန်းရှင်ဆု (၅) ဆု လက်ခံရရှိခဲ့ပါသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်း၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်း၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း ဥက္ကဋ္ဌ နှင့် ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းခမ်းနောင့် အပါအဝင် ‎‎‎၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွက် နိုင်ငံတော်အခွန်ဘဏ္ဍာအတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သော ပြည်တွင်းနှင့် ပြည်ပလုပ်ငန်းရှင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျပ်ငွေ စုစုပေါင်း (၁၀၇) ဘီလျံကျော်ဖြင့် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၆) နှစ်ဆက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သော ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းအား ဂုဏ်ပြုဆုဖလား၊ လည်ဆွဲနှင့် ဂုဏ်ထူးဆောင်ဆုလက်မှတ်တို့ကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ‎‎‎၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့ကြသော လုပ်ငန်းရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ရာ ကျပ်ငွေ (၂၈) ဘီလျံကျော်ဖြင့် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့သော ကမ္ဘောဇဘဏ်အတွက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့အပြင် ကမ္ဘောဇဘဏ်လီမိတက်သည် ‎‎၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက်လည်း ကြိုတင်ခွန် ၃၂ ဘီလျံကျော် ပေးဆောင်ထားပြီး ဖြစ်ပါသည်။

‎‎၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံးပေးဆောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း (IKBZ Insurence) အတွက် IKBZ Insurence ၏ ဥက္ကဋ္ဌနှင့် ကမ္ဘောဇဘဏ်လီမိတက်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းခမ်းနောင့်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

‎ထို့နောက် ‎‎၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်တွင် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အမြင့်မားဆုံးပေးဆောင်ခဲ့သည့် ကမ္ဘောဇအုပ်စုမှ ဂျိမ်းဖောအောင်ကုမ္ပဏီနှင့် နီလာရိုးမထရေးဒင်းကုမ္ပဏီတို့ကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့အပြင် အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်ချီးမြှင့်သော “နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်ဆု” ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၆) နှစ်ဆက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သော အခွန်ထမ်း ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကိုဝင်းအား မတ်လ (၆) ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနာတွင် နိုင်ငံတော်အစိုးရမှ ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအုပ်စုအား “နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်ဆု” အပါအဝင် ဂုဏ်ပြုဆု (၃) ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

၁၉၉၄-ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော ကမ္ဘောဇဘဏ်လီမိတက်သည် ပြည်သူ တစ်ရပ်လုံး၏ တစ်ခဲနက် အားပေးမှုနှင့်အတူ ယခုအခါ တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲစုစုပေါင်း (၅၀၀)ကျော်၊ ATM စက်ပေါင်း (၁၀၀၀)ကျော်၊ ဝန်ထမ်းအင်အား (၂၀၀၀၀)ကျော်ဖြင့် နိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ လမ်းညွှန်မှုနှင့်အညီ ပြည်တွင်း၊ ပြည်ပဘဏ်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာဘဏ်ကိုယ်စားလှယ် ရုံးများကိုလည်း ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့တွင် ဖွင့်လှစ်နိုင်ခဲ့သော မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်သည်။

ကမ္ဘောဇဘဏ်လီမိတက်သည် နိုင်ငံတော်နှင့်ပြည်သူတို့အတွက် ထိုက်တန်သော ကမ္ဘာ့စီမံခန့်ခွဲမှုအကောင်းဆုံးဘဏ် ဖြစ်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပြီး ဘဏ်လုပ်ငန်းကဏ္ဍမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်လုံးရှိ ပြည်သူများ၏ ဘ၀ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန် (Quality of Life Through Banking) အတွက် နေ့ညမနားဘဲ အစွမ်းကုန်ဆောင်ရွက်လျက်ရှိပါသည်။

သတင်းရင်းမြစ်- KBZ