တကမ္ဘာလုံးမှာ…ကိုဗစ်ရောဂါကူးစက်မှု ၄ သန်းကျော်သွားပြီး သေဆုံးသူက ၃ သိန်းနားကပ်လာပါပြီ။ ကမ္ဘာ့အင်အားကြီး အမေရိကန်မှာ ကူးစက်သူတစ်သန်းကျော်နဲ့ သေဆုံးသူ ရှစ်သောင်းရှိလာပါပြီ။ အခု အချိန်အထိ ရောဂါပျောက်ကင်းနိုင်တဲ့ဆေး တိတိကျကျမတွေ့သေးပါဘူး။ အမေရိကန်နိုင်ငံရဲ့အခြေအနေဟာ ဒုတိယကမ္ဘာစစ်အတွင်း ပုလဲဆိပ်ကမ်းအတိုက်ခံရမှုနဲ့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုတွေထက် အခု ကိုဗစ်ကပ်ရောဂါကူးစက်မှုက ပိုဆိုးတယ်လို့ စစ်တမ်းထွက်လာပါတယ်။ အမရိကန်ပြီးရင် ဒုတိယအဆိုးဆုံးက ဥရောပသမဂ္ဂပါပဲ။ လူ ၄.၆ ဘီလီယံပိတ်မိနေတဲ့ ထိန်းချုပ်မှုတွေကြောင့် စီးပွားရေးကပ်ဆိုက်နေပြီး ဥရောပဟာ ကမ္ဘာ့စီးပွားပျက်နောက်ပိုင်း အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေမှာ ချမ်းလည်းမချမ်းသာ၊ ကျန်းမာရေးစောင့်ရှောက်မှုကလည်း အားတက်စရာမရှိတဲ့ မြန်မာနိုင်ငံက ကိုဗစ်ရောဂါကူးစက်မှု ၁၈ဝ ဦး၊ ပြန်လည်သက်သာလာသူ ၇၂ ဦး၊ ဆေးရုံက ဆင်းသွားသူ ၅၅ ဦး၊ သေဆုံးသူ ၆ ဦးသာရှိတဲ့အတွက် ရောဂါထိန်းချုပ်မှုလုပ်ငန်းစဉ်ဟာ အပြစ်ဆိုစရာနည်းခဲ့ပါတယ်။ ဒီနေရာမှာ ထမင်းတစ်လုပ်..တုတ်တစ်ချက်လုပ်နေတဲ့ ဥရောပသမဂ္ဂကတောင် ချီးကျူးစကားဆိုနေလေရဲ့။ ရက် အနည်းငယ်အတွင်းက ဂျာမနီနိုင်ငံအနေနဲ့ မြန်မာကိုကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်ပြီလို့ကြေညာခဲ့တယ်။ မနေ့ကကျတော့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီးက “လေးစားအားကျဖွယ်တည်ငြိမ်မှုနဲ့ ပညာရှင်ဆန်မှုတို့အတွက် မြန်မာပြည်သူပြည်သားများနဲ့ အစိုးရတာဝန်ရှိသူတွေကို ကျွန်တော် ဂုဏ်ပြုလိုပါတယ်” ဆိုပါလား။

ပြီးတော့ အထူးကုန်သွယ်ခွင့်ရုပ်သိမ်းမယ်ဆိုပြီး တဂျီဂျီကြိမ်း  မောင်းခြိမ်းခြောက်နေတဲ့ကြားက ကိုဗစ်လည်းဖြစ်ရော မြန်မာအထည်ချုပ်လုပ်ငန်းမှ အမျိုးသမီးတွေ စား ဆင်းရဲဒုက္ခကို ခံစားသင့်သည့် အ ကြောင်းရင်းမရှိကြောင်းဆိုပြီး လုပ် သား ၉ဝဝဝဝ ကျော်ကို ငွေထောက် ပံဖို့ လုပ်ဆောင်နေပြီတဲ့။ ဒိန်းမတ် နိုင်ငံကလည်း မြန်မာကို အားပေးဖို့ ပြည်တွင်းအထည်ချုပ်စက်ရုံနှစ်ရုံကနေ သိန်း ၂ဝဝဝ ဖိုး PPE ဝတ် စုံတွေမှာယူခဲ့တယ်လို့ သိရတယ်။ထမင်းတလုပ်….တုတ်တစ်ချက်ပါလား ဥရောပရေ။ လူတွေအားလုံး ဒုက္ခပင်လယ်ဝေနေတဲ့ကြားက ကြံဖန်အကောင်းမြင်ရရင် လူ့အခွင့်အရေးသမားတွေ (ပြည်တွင်းရော/ ပြည်ပရော) အသံတွေတိတ်သွားတယ်။ ရခိုင်မှာ ဘယ်လိုဖြစ်နေပါပြီတို့၊ အစိုးရကဖိနှိပ်မှုတွေ ယခင် ကထက်ပိုများလာတယ်တို့၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ပိတ်ပင်တယ်တို့၊ မြန်မာက ဘင်္ဂါလီတွေကို ပြန်ခေါ်ဖို့ စိတ်ပါလက်ပါမရှိဘူးတို့ သိပ်မတွေ့ရတော့ဘူးဗျ။ သူတို့တွေကလည်းပေးတဲ့ ဘတ်ဂျက်ပေါ်ကြည့်ပြီး အတိုးအဖော့လုပ်တတ်ပါပေ့ဗျာ။  ICJ ကို မကြာခင်သွားပြီး ထပ်မံလျှောက်လဲရတော့မယ့်အချိန်မှာ ARSA ကပြဇာတ်ဝင်က၊ မြန်မာကို OIC နိုင်ငံတွေက ကျီးကန်းတွေလို ဝိုင်ထိုးဆိတ်၊ အမေရိကန်နဲ့ အနောက်ဥရောပက မြေနိမ့်ရာလှံစိုက်မယ့်အရေးကတော့ လွတ်သွားနိုင်တာပေါ့ဗျာ။ ဒီအချိန်မှာ အိမ်တွင်း အပူထက် ဘာအရေးကြီးမှာ တုန်း။ ပြည်တွင်းသတင်းစာတွေမှာ မမြင်မတွေ့ဖူးတာကြာပြီဖြစ်တဲ့ တပ်မတော်သားများနှင့် မီးသတ်တပ် ဖွဲ့ဝင်များပူးပေါင်းပြီး ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်တာတို့၊ နေပြည်တော် ကွာရန်တင်းဝင်သူများနှင့် လွှတ်တော်အမတ်များအား ကိုဗစ်ရောဂါဓာတ်ခွဲစစ်ဆေးရန် နိုင်ငံတော်သမ္မတရုံးက တပ်မတော်ကို တာဝန်ပေးတာစသည်ဖြင့် တွေ့လာရပြီပေါ့လေ။ အဲလွှတ်တော် ပြန်စလို့ ကိုဗစ်ရောဂါဓာတ်ခွဲစစ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားခဲ့တဲ့ အမတ်မင်းတွေကိုတော့ ကျောသားရင်သားမခွဲဘဲသေ ချာစစ်ပေးပါနော်လို့။

“အမျိုးသားသင့်မြတ်ရေးအစ Covid-19 က” လို့ ဆောင်ပုဒ်ရေးရမလိုဖြစ်နေပြီ။ အဲဒီကနေတစ်ဆင့် သူတို့သင့်မြတ်သွားရင် နိုင်ငံသားတွေက ကိုဗစ်ကို ညတိုင်းရှိခိုးနေမှာ အာမခံပါတယ်ခင်ဗျ။ နောက်ဆုံးတော့ နွားကွဲရင်ကျားဆွဲမှာပဲ။ ကူးစက်သူ ၁၈ဝ ယောက်ရှိတဲ့အနက် ဟို ခရစ်ယာန်ဓမ္မဆရာကြောင့် ကူးစက်ထားတဲ့ လူတစ်ရာကျော်ရှိတယ်။ သူတိုနဲ့ဆက်စပ်ပြီးကွာရန်တင်းဝင်ရတဲ့သူက သုံးလေးရာရှိနိုင်တယ်။ သူတို့ကို စောင့်ရှောက်မှုလုပ်ပေးရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်းရာချီနေမှာပါပဲ။ ဒီလူတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းအားထုတ်မှုတွေကဘာနဲ့မှ တန်ဖိုးဖြတ်လို့မရနိုင်ပါဘူး။ ဘာနဲ့အလျော်ပေးပေး မကျေနိုင်ပါဘူး။ အရေးကြီးတာက ဗုဒ္ဓအဆုံး အာမခံယူသူတွေဟာ သည်းခံစိတ်နဲ့ သဘောထားကြီးမှုကို သက်သေထူပြီး ပြည်တွင်းက ခရစ်ယာန်ဘာသာဝင်တွေအနေခက်အောင် မလုပ်ဖို့ပါပဲ။ အခုလည်း အင်းစိန်ခဝဲခြံ (၂)လမ်းက Lockdown ချထားသူတွေ စားရေးသောက်ရေးပြေလည်ဖို့ လမ်းထိပ်မှာ ဈေးလာရောင်းပေးနေတာ နိုင်ငံသားစစ်စစ်တွေပါ။ ဘာသာလူမျိုးမခွဲခြားဘဲ ကူညီပေးနေတာသာဓုခေါ်လိုက်ပါတယ်။ နိုင်ငံဟာ ဒုက္ခသုက္ခတွေပြည့်နေပေမယ့် လောလောဆယ် ဘယ်သူမှထမင်းမငတ်သေးပါဘူး။ စင်ကာပူလောက် ရောဂါပိုးကူးသူအရေအတွက်မများသေးဘူး။ မလေးရှားလောက် အလုပ်လက်မဲ့ဦးရေမများသေးဘူး။ အိန္ဒိယ လောက် ဝရုန်းသုံးကားမဖြစ်သေးဘူး။ တရုတ်လောက် လူမသေသေးဘူး။ အခုထိ မူဆယ်မှာရော ကိုဗစ် ဖြစ်နေတာတောင်မှ Mask ပြိုင်ပွဲကျင်းပနိုင်တဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသောနိုင်ငံ/ရောင်းမကုန်တဲ့ ဖရဲသီးတွေကို လမ်းမပေါ်မှာ လွှင့်ပစ်နိုင်တယ်။ မရောင်းရတဲ့ ပြောင်းဖူးတွေကို မြစ်ထဲဝဲပစ်နိုင်တယ်။  အာဂမြန်မာ။ ဒီထက်လက်ခမောင်း ခတ်ပြရရင်……။

တစ်တိုင်းပြည်လုံး မြို့ဆိုမြို့အလျောက်၊ ရွာဆိုရွာအလျောက် ကိုမြင့်နိုင်ကြီးကြောင့် အလုပ်တွေရှုပ်နေချိန်မှာ အာဏာရပါတီဗဟို အလုပ်အမှုဆောင်တွေက အစိုးရကို ထိပါးစေနိုင်သော ဝေဖန်ချက်များကြောင့်ဟုဆိုကာ ပါတီဝင်အဖြစ် မှ ရုပ်သိမ်းလိုက်ကြောင်းစာထုတ်လိုက်သည့်အခါ တစ်နိုင်ငံလုံး တုန်လှုပ်ချောက်ချားနေချိန် အလုပ်တွေရှုပ်နေသော လူကြီးမင်းများအား အထူးလေးစားပါကြောင်း ကပ်ရောဂါကာလမှာ မှတ်တမ်းတင်အပ်ပါ တယ်။

အဲဒါကြောင့်ပြောတာ….ကိုမြင့်နိုင်ကြီး တော်တော်ဆိုးတယ်လို့။  ။

ဗမာ့ရက္ခိတ