ဒီနေ့ကတော့ မြန်ပြည်အတွက် ရှားရှားပါးပါး သတင်းကောင်းပါပဲ။ ကိုဗစ်စစ်တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေကြား ထင်ရာမြင်ရာ လျှောက်ပြောနေတဲ့အချိန်မှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနနဲ့ ဆေးသုတေသနဦးစီးဌာန နှစ်ခုပေါင်းစစ်တဲ့လူ ၃၄၇ လုံး all negative လို့ ကြေညာသွားပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောစကား ငှားသုံးရရင် နေမဝင် အလှူရှင်တစ်ဦးဖြစ်တဲ့ AA Medical Products Ltd., က လှူဒါန်းတဲ့ Cobas 6800 စက်ကြီးကလည်း တပ်ဆင်မှု ၉၅ ရာခိုင်နှုန်း ပြီးနေပြီပြောတာပဲ။

ဧပြီ၂၇ ရက်နေ့ အပြီးတပ် ဆင်မယ်ဆိုပေမယ့် မပြီးသေးပါဘူးတဲ့ခင်ဗျာ။ QC နဲ့ Laboratory Management Information ပြုလုပ်ရဦးမှာတဲ့ခင်ဗျ။ ဒါကြောင့် မေလ ပထမအပတ်လောက်ရောက်မှ လူထောင်ကျော် စစ်ဆေးနိုင်မှာပါ။

လူတွေ အများကြီးစစ်နိုင်ရင် ကိုဗစ်ထိန်းချုပ်နိုင်မှာ ဖြစ်သလို အရေအတွက် များများစစ်ရင် များများတွေ့နိုင်မှာကလည်း သေချာသလောက်ရှိပါတယ်။ ခက်တာက ဒီနိုင်ငံမှာ ကိုဗစ်ဖြစ်တဲ့သူ ၈၀  ရာခိုင်နှုန်းက ရောဂါလက္ခဏာ မပြတဲ့အခြေအနေဆိုတော့ ဘယ်လို ရှာဖွေစစ်ရမလဲ အခက်သားပဲ။ ထူးခြားတာကတော့ ယခုအချိန်အထိ အသက် ၁ နှစ် ၆ လသား ကနေ ၈၅ နှစ်အထိ ပိုးတွေ့ထားတာပါပဲ။

ရောဂါသက်သာမယ့် နည်းလမ်းတွေကလည်း များမှများ။ တရုတ်ရဲ့ သုတေသနစာတမ်းအရ ကွာရန်တင်း ၂၁ ရက်ထားရင် ရောဂါကူးစက်မှုနှုန်းကို ၉၈.၇ ရာခိုင်နှုန်းကာကွယ်နိုင်သတဲ့။ အမေရိကန်ကတော့ နေရောင်ခြည်က ကိုရိုနာဗိုင်းရပ်စ်ကို အပူချိန် ၂၁ စင်တီဂရိတ်ကနေ ၂၄ စင်တီဂရိတ်အတွင်း အလျင်အမြန် ဖျက်ဆီးနိုင်တယ်လို့ ဆိုတယ်။

အစ္စရေးပညာရှင်တွေက ဒီဗိုင်းရပ်စ်ဟာ ရက် ၇၀ ကြာ အသက်ရှင်နိုင်ကြောင်းတွေ့ ရှိတယ်လို့ ပြောပြန်ပါပြီ။ ဂျပန်က အေဗွီဂန်ဆိုတဲ့ဆေး၊ အမေရိကန်က အင်နိုဗီယိုဆေး၊ ရန်မ်ဒီဆီဗာ ဆေးစမ်းသပ်နေတာတွေ အများ ကြီးပါပဲ။

မြန်မာနိုင်ငံမှာလည်း မြို့ပြမှ ကျေးလက်အထိ ဖြန့်နေတဲ့ ဆေးတွေ အများကြီးရှိပါတယ်။ ပထမ ဆုံးပြန့်တဲ့ဆေးက တမာရွက်ပြုတ်ရည်၊ ဒုတိယပြန့်တာက ဆားမီးဖုတ်၊ တတိယခေတ်စားတာက ကြက်ဥပြုတ်ကို ကြက်သွန်ဖြူလေးကိုက်ပြီး ထမင်းဆီဆမ်းနဲ့စားတာ၊ နောက်ဆုံးဆေးကတော့ ဒုံရင်းပြန် ရောက်လာတယ်။ ဂျင်းနဲ့ထန်းလျှက် ကြိုသောက်တဲ့ဗျ။

ငါတို့ရန်ကုန်မှာ ကင်ဂျုံအန် သေပြီ။ မင်းတို့မန္တလေးမှာရော သေလားဆိုတော့ မန္တလေးသားက လေဖြတ်ရုံပဲရှိသေးဆိုတာလဲရှိသေး။ ကိုဗစ်ကာလ ကင်ဂျုံအန် သေဖို့ ဆုတောင်းရတာလဲအမော။

မဟေသီတွေကြားမှာလဲ စစ်ပွဲတွေချည်းပဲ။ တစ်စုက PPE ဝတ်စုံတွေဝတ်ပြီး သွားလှူတယ်။ ဒီအလှူကို မုဒိတာမပွားနိုင်တဲ့ နောက်တစ်စုက ရှားပါးတဲ့ PPE ဝတ်စုံတွေ မဖြုန်းနဲ့လို့ဆိုတယ်။ ဒီတော့ လှူတဲ့သူတွေက ဒါဆို ငါတို့ ကျန်းမာရေး နင်တာဝန်ယူမလားဆို ပြီး ရန်ထောင်တယ်။ နောက်ဆုံး ရွှေမြန်မာတွေ အကြိုက်ဆုံး စစ်မြေ ပြင်ဖြစ်တဲ့ လှုမှုကွန်ရက်စာမျက် နှာကြိုးဝိုင်းမှာ ဆော်ကြပါလေရော။

ရပ်ကွက်ထဲမှာလည်း လမ်းတွေ၊ အိမ်တွေ၊ ဈေးတွေမှာ ပိုးသတ်ဆေးဖြန်းကြရတာလဲ အပြိုင်အဆိုင်ပါပဲ။ တစ်ချို့ဆို ဓာတ်တိုင်တွေပါ ပိုးသတ်ဆေးဖြန်းသဗျ။ ကိုရိုနာဗိုင်းရပ်စ်က အတောင်ပါသလားမသိ။ အမြင့်ပျံပြီး ဓာတ်တိုင်မှာ တက်ကပ်နေပုံရတယ်။ ကိုယ်တွေကတော့ ဗိုင်းရပ်စ်ပုံစံက ကြက်မောက်သီးနဲ့တူတယ် အောက်မေ့တာပဲ။

တစ်ချို့ရပ်ကွက်ကတော့ ပါတီတံဆိပ်ကို Awareness ရစေချင်လွန်းလို့ လမ်းမတစ်လျှောက် ထုံးတွေပါဖြန်းလိုက်တာ လူတွေ ခြေထောက်တွေလည်း ထုံးတွေပေ၊ အိမ်ခန်းတွေထဲလည်း ထုံးမှုန့်တွေဝင်၊ ရောဂါပျောက်မပျောက်တော့မသိ၊ နေ့တိုင်း ထုံးကိုင်နေရတယ်လေ။

သင်္ကန်းကျွန်းက အမတ်မင်း ပြောတာကတော့ မကြာခင် ပြည်တော်ပြန် ညီအကိုမောင်နှမတသိုက် ရောက်လာဦးမယ်တဲ့။ သူတို့ ကွာရန်တင်းဝင်ရင် ဘယ်သူတာဝန်ယူ ကျွေးမလဲ။ ကိုယ့်စရိတ်ကိုယ်စား မေ့မေ့သား လုပ်ရဦးမှာလားဆိုတာကလည်း သဲသဲကွဲကွဲ မသိရသေးဘူးနော်။

ချောင်းမကူးနိုင်တဲ့ ဒကာမကို ကုန်းပိုးခေါ်လာတဲ့ ဘုန်းကြီးအကြောင်း ပုံပြင်ကြားဖူးတယ် မဟုတ်လား။ ဘုန်းကြီးကျောင်းရောက်တော့ ဒီအဖြစ်အပျက်ကို ကိုယ်တော်က မေ့လိုက်ပြီ။ နောက်တစ်ပါးက တရေးရေးတွေးပြီး ဝိနည်းနဲ့ညီမညီ တွေးနေတုန်း။

ခုလည်းဒီအတိုင်းပဲ… စစ်တပ်က ဟိုစက်ကြီးတွေက အစိုးရနဲ့တိုင်ပင်ပြီး နေရာအနှံ့ခွဲထားပြီးပြီ။ ဖေ့ဘုတ်မှာ နှစ်ဖက်လော်ဘီတွေက ရန်ဖြစ်လို့ကောင်းတုန်းပဲ ရှိသေးတယ်။

ဆွစ်ဇာလန်လုပ် စက်နှစ်လုံး ကို ၂၀ဝ၉ ကတည်းက ဝယ်ထားပါတယ်။ အရင်က HIV, Hepatitis B, C တွေစစ်တာ၊ အခု ကိုဗစ်စစ်ဖို့ Reagent တွေမှာနိုင်ရင်စက်ကို အသုံးပြုနိုင်ပါတယ်ဆိုပြီး အစိုးရကို ငှားတာ။ ရှားရှားပါးပါး အစိုးရနဲ့ စစ်တပ်တည့်မယ်ကြံကာရှိသေး။ လော်ဘီတွေက ဒရကြမ်းဝင်လာ တော့တာပဲ။

ဒီနေ့စစ်နေတဲ့စက်တွေက တစ်ယောက်စစ်ရင် ငွေသုံးသိန်း လောက်ကုန်တယ်၊ တပ်ကစက်တွေ နဲ့စစ်ရင် စရိတ်သက်သာမယ်။ ဒီ လောက်ရှင်းနေတာကို ကိုဗစ်ဖြစ်မှာ တပ်ကကြိုသိတာလားတို့၊ ဘယ် ပိုက်ဆံနဲ့ဝယ်တာလဲတို့၊ ဟိုဘက်ကလည်း ငပြိန်းတွေဆိုပြီး ပြန်ဆော်… အိုဗျာ ဒီမိုးဒီလေ ဒီလူ တွေနဲ့လိုက်ဖက်ပါရဲ့။

ကိုဗစ်ကပ်ကြီး ဖြစ်နေတာတောင် ဘုံအကျိုးစီးပွား မတည်ထောင်နိုင်တာ ကျန်တဲ့ ဘယ်အခြေအနေမှာမှ လက်တွဲနိုင်မှာမဟုတ်ဘူး။

တမာရွက်ပြုတ်နဲ့ပဲ တန်တဲ့သူ တွေ…။ အားလုံး ညစ်နေ ပါတယ်ဆိုမှ…..။

ဗမာ့ရက္ခိတ