၁။ ဗီတာမင်အားဆေးတွေသောက်ပါ

အာဟာရပြည့်ဝပြီး သင့်တင့်မျှတတဲ့ အစားအသောက်စားသုံးခြင်းဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် လိုအပ် တဲ့ အာဟာရတွေကိုပေးစွမ်းနိုင်ပြီး ကြီးထွားနေတဲ့သန္ဓေသားကိုလဲ အထောက်အကူပေးပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒီလိုကျန်းမာစေတဲ့ အစားအသောက်တွေစားသုံးတာသက်သက်ဟာ မလုံလောက်ဘဲ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်၊ ကယ်လ်စီယမ်နဲ့ သံဓာတ်တွေကို ပိုပြီးလိုအပ်လို့ ဖြစ်ပါတယ်။ ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ သန္ဓေသားလောင်း ခန္ဓာဖွံ့ဖြိုးဖို့နဲ့ မွေးရာပါချို့ယွင်းမှုတွေမဖြစ်စေ ဖို့ ကာကွယ်ပေးနိုင်လို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ဗီတာမင်အားဆေးတွေထဲမှာ အိုမီဂါ ၃ အဆီဓာတ်တွေလဲ ပါဝင်လေ့ရှိပြီး သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ အထောက်အကူပေးပါတယ်။ ဒါပေမယ့် ဗီတာမင်အားဆေးတွေ ဟာလဲ သောက်သင့်တဲ့ပမာဏပဲသောက်ရမှာဖြစ်ပြီး အများကြီးသောက်ရင် သန္ဓေသားကို အန္တရာယ်ပေးနိုင်ပါ တယ်။ များသောအားဖြင့် တနေ့တလုံးသောက်ရမှာဖြစ်ပေမယ့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သင့်ပါ တယ်။

၂။ ဆေးလိပ်မသောက်ပါနဲ

ဆေးလိပ်သောက်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက မွေးဖွားလာတဲ့ကလေးငယ်တွေဟာ ကိုယ်အလေးချိန်မပြည့် တာ၊ သင်ကြားခံယူနိုင်မှု စွမ်းရည်လျော့နည်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အဲဒီကလေးငယ်တွေဟာ အသက်ငယ်ငယ်မှာပဲ ဆေးလိပ်သောက်တတ်ကြပြီး ဆေးလိပ်စွဲဖို့ ပိုပြီးလွယ်တယ်လို့ဆိုပါတယ်။

၃။ အိပ်ရေးဝဝအိပ်ပါ

ဟော်မုန်းပြောင်းလဲမှုတွေ၊ ကြိုတင်စိတ်ကူးယဉ်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေဟာ ကိုယ်ဝန်ဆောင်တွေကို အိပ်ရေး ပျက်စေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းဟာ ကြံ့ခိုင်ဖို့လိုအပ်ပြီး အိပ်ရေးဝဖို့လဲလိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်စဆောင်တဲ့ ပထမ ၃ လအတွင်းမှာဖြစ်ပါတယ်။ ပင်ပန်းတာနဲ့အိပ်လိုက်ဖို့လိုအပ်ပြီး အိပ်ချိန်သတ်မှတ် ထားဖို့ လိုအပ်ပါတယ်။ ညတိုင်း ၇ နာရီကနေ ၉ နာရီလောက်အထိအိပ်ဖို့လိုအပ်ပါတယ်။ နုံးလာတယ်ဆိုရင် အနားယူဖို့လိုအပ်နေပြီဖြစ်ပြီး အိပ်ရေးဝအောင်အိပ်ရမှာဖြစ်ပါတယ်။

၄။ အရက်မသောက်ပါနဲ့

အရက်ဟာ သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်တဲ့မိခင်တွေဟာ ကိုယ်အလေးချိန်နည်းနေ တဲ့၊ သင်ကြားခံယူနိုင်မှုစွမ်းရည်ကျဆင်းနေတဲ့၊ အပြုအမူပုံမှန်မဟုတ်တဲ့၊ ကြီးထွား ဖွံ့ဖြိုးမှုပုံမှန်မဟုတ်တဲ့ ကလေးငယ်တွေ မွေးဖွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ အရက်ကို လုံးဝမသောက် သင့်တာ ဖြစ်ပါတယ်။ သန္ဓေသားကိုမထိခိုက်စေတဲ့ အရက်ပမာဏအနည်းငယ်ဆိုပြီးလဲ မရှိပါဘူး။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ အရက်လုံးဝမသောက်ဖို့နဲ့ အရက်သောက်တတ်ရင် တတ်နိုင်သမျှစောစောဖြတ်ဖို့ လိုအပ်ပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်ဝန်ဆောင်မိခင်တွေ ငြိမ်ငြိမ်နေရမယ်ဆိုတဲ့အယူအဆဟာ ခေတ်မမီတော့ပါဘူး။ ကိုယ်လက်လေ့ကျင့်ခန်း တွေဟာ မိခင်အတွက်ရော သန္ဓေသားအတွက်ပါ ကောင်းကျိုးဖြစ်စေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ အိပ်မပျော်တာ၊ ကြွက်သားတွေ နာကျင်တာ၊ ကိုယ်အလေးချိန်အလွန်အကျွံ တက်တာ၊ စိတ်ခံစားမှုပြဿနာတွေ စတာတွေကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက ပုံမှန်လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေဟာ ကိုယ်ဝန်လနဲ့ကိုက်ညီတဲ့ လေ့ကျင့်ခန်းတွေကိုပြောင်းလုပ်ဖို့ လိုအပ် ကောင်းလိုအပ်မှာ ဖြစ်ပါတယ်။ ကိုယ်ဝန်မဆောင်မီတုန်းက ပုံမှန်လေ့ကျင့်ခန်းလုပ်နေတဲ့ မိခင်တွေဆိုရင်တော့ သင့်တော်တဲ့လေ့ကျင့်ခန်းတွေကို ကိုယ်ဝန်ဆောင်စဉ်မှာ စတင်ပြုလုပ်သင့်တာဖြစ်ပါတယ်။

၆။ အသား၊ ငါးအစိမ်း မစားပါနဲ့

သားငါးအစိမ်း၊ ကြက်ဥအစိမ်းနဲ့ မကျက်တကျက်ချက်ထားတဲ့ အစားအစာတွေဟာ ပိုးပါနိုင်တဲ့အတွက် ကိုယ်ဝန် ဆောင်စဉ်မှာ မစားသင့်ပါဘူး။ အဲဒီလို ပိုးပါနိုင်တဲ့အပြင် အစာအဆိပ်သင့်တာကိုလဲ ဖြစ်စေနိုင်ပါသေးတယ်။ အစားအသောက်ကတဆင့်လာတဲ့ပိုးဝင်မှုဟာ သန္ဓေသားကို ထိခိုက်စေတာ၊ ကိုယ်ဝန်ပျက်တာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သေချာကျက်အောင်ချက်ပြုတ်ထားတဲ့ ဥနဲ့ အသားငါးတွေကိုသာ ကိုယ်ဝန်ဆောင် စဉ်မှာ စားသောက်သင့်ပါတယ်။

၇။ ပင်လယ်စာစားပါ

ပင်လယ်စာတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အိုမီဂါ ၃ အဆီတွေ၊ သွပ်ဓာတ်၊ သံဓာတ်စတာတွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေဟာ မိခင်အတွက်ရော သန္ဓေသားအတွက်ပါ လိုအပ်တာဖြစ်ပါ တယ်။ ဒါပေမယ့် မကျက်တကျက်ချက်ထားတဲ့ ဒါမှမဟုတ် ပင်လယ်စာအစိမ်းတွေကတော့ ပိုးပါနိုင်တဲ့အတွက် ပြဿနာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျက်အောင်ချက်ထားတဲ့ပင်လယ်စာတွေကို စားသုံးသင့်ပါတယ်။ မာကျူရီ ပမာဏများများပါဝင်နိုင်တဲ့ငါးတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ပင်လယ်စာလို့ဆိုရာမှာ ငါး၊ ပုဇွန် တစ်မျိုး တည်းမဟုတ်ဘဲ အမျိုးစုံစားသင့်တာဖြစ်ပါတယ်။ ဒါပေမယ့် ရက်သတ္တတစ်ပတ်ကို ပင်လယ်စာ ၁၂ အောင်စ ထက်တော့ ပိုမစားသင့်ပါဘူး။

၈။ အသင့်စားအသားတွေကို မစားသင့်ပါ

အသင့်စားဖို့ပြုလုပ်ထားတဲ့အသားတွေ၊ ဆယ်လ်မွန်ငါးတွေဟာ အစားအသောက်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေပါနေတတ်တဲ့အတွက် မစားသင့်ပါဘူး။ မဖြစ်မနေစားရမယ်ဆိုရင် သေချာကျက်အောင် ချက်ပြုတ် ပြီးမှ စားသုံးသင့်ပါတယ်။ နို့နဲ့ ဒိန်ခဲတွေဟာလဲ အတူတူပဲဖြစ်ပြီး သေချာပိုးသေအောင်ပြုလုပ်ထားတဲ့ နို့နဲ့ ဒိန်ခဲ တွေကိုသာ စားသုံးသင့်ပါတယ်။

၉။ လိင်ဆက်ဆံမှုပြုနိုင်ပါတယ်

ပုံမှန်ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ကိုယ်ဝန်ဆောင်နေစဉ် လိင်ဆက်ဆံမှုပြုနိုင်ပါတယ်။ အဆုံးစွန်ပြော ရမယ်ဆိုရင် ရေမြွှာမပေါက်ခင်လေးအထိ လိင်ဆက်ဆံနိုင်ပါတယ်။ ကိုယ်ဝန်ကို မထိခိုက်အောင်တော့ သတိ ပြုရမှာဖြစ်ပါတယ်။

၁ဝ။ ပိုးမသတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မစားသုံးပါနဲ့

ပိုးမသတ်ထားတဲ့ နို့အစိမ်းကို မသောက်သင့်ပါဘူး။ အထက်မှာပြောခဲ့သလိုပဲ နို့နဲ့နို့ထွက်ပစ္စည်းတွေကနေ တဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေဟာ မိခင်နဲ့ သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်လို့ဖြစ်ပါတယ်။

၁၁။ ယောဂကျင့်ပါ

ယောဂကျင့်စဉ်တွေထဲမှာ Bikram ဆိုတဲ့ ကျင့်စဉ်တစ်ခုကလွဲလို့ ကျန်တဲ့ယောဂကျင့်စဉ်တွေထဲက သင့်တော် တဲ့ ယောဂကျင့်စဉ်ကို ကျင့်နိုင်ပါတယ်။ မိခင်လောင်းတွေအတွက် ရည်ရွယ်ဖွင့်လှစ်တဲ့ ယောဂသင်တန်းတွေကို တက်ရောက်နိုင်ပါတယ်။

၁၂။ ရေနွေးပူစိမ်တာ Sauna သုံးတာတွေ မလုပ်ပါနဲ့

အပူချိန်မြင့်တဲ့ပတ်ဝန်းကျင်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အန္တရာယ်များပါတယ်။ ကိုယ်ဝန်ပထမ ၃ လ မှာဆိုရင် သားပျက်နိုင်ခြေကို နှစ်ဆတိုးစေပြီး ကိုယ်အပူချိန်တက်တဲ့အတွက် သန္ဓေသားမှာ မွေးရာပါချို့ယွင်းမှု ဖြစ်နိုင်ခြေတိုးစေလို့ဖြစ်ပါတယ်။

၁၃။ တုပ်ကွေးကာကွယ်ဆေးထိုးပါ

ကာကွယ်ဆေးမထိုးသင့်ဘူးဆိုတဲ့ တားမြစ်ချက်တစ်ခုခုနဲ့ မငြိစွန်းသရွေ့ တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါ တယ်။ တုပ်ကွေးဟာ မိခင်ရော သန္ဓေသားကိုပါ ထိခိုက်စေနိုင်တဲ့အတွက် တုပ်ကွေးကာကွယ်ဆေးထိုးထား သင့်ပါတယ်။

၁၄။ ကော်ဖီအများကြီး မသောက်ပါနဲ့

ကဖင်းဟာ အချင်းကိုဖြတ်ပြီး သန္ဓေသားရဲ့ နှလုံးခုန်နှုန်းကို တိုးစေနိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက် ဒါမှမဟုတ် နှစ်ခွက်သောက်တာလောက်ကတော့ ဘာမှမဖြစ်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ဒီ့ထက်ပိုပြီးတော့ မသောက်သင့်ပါဘူး။

၁၅။ သင့်တင့်တဲ့ ကိုယ်အလေးချိန်တိုးမှုရှိပါစေ

ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်အလေးချိန်အရမ်းတက်တာဟာ သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်အလေးချိန်တိုးတာကို သင့်တင့်အောင် ချိန်ညှိရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ပထမ (၃) လမှာ တစ်နေ့ကို ကယ်လိုရီ (၁ဝဝ) အပိုလိုအပ်ပြီး နောက်ဆုံး (၃)လမှာတော့ တစ်နေ့ကို ကယ်လိုရီ (၃ဝဝ) အပို လိုအပ်မှာဖြစ်ပါတယ်။ ကြီးထွားလာနေတဲ့ သန္ဓေသားကိုလိုက်ပြီး သင့်တင့်အောင် အစားအစာကို ပိုမိုစားသုံးရမှာဖြစ်ပါတယ်။

၁၆။ အိမ်မွေးတိရစ္ဆာန်တွေ (အထူးသဖြင့် ကြောင်)ရဲ့အညစ်အကြေးတွေကို သန့်ရှင်းရေးမလုပ်ပါနဲ့

ကြောင်ချေးမှာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးသန်းပေါင်းများစွာ ပါဝင်နေပါတယ်။ အဲဒီပိုးတွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေကို သားလျှောတာ၊ ကလေးအသေမွေးတာတွေ ဖြစ်စေနိုင်သလို သန္ဓေသားကို ထိခိုက်တာမျိုးလဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဲဒီပိုးတွေမဝင်အောင် ကိုယ်ဝန်ဆောင်ချိန်မှာ သတိပြုရမှာ ဖြစ်ပါတယ်။

၁၇။ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုပြုပါ

သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ကိုယ်ဝန်ဆောင်စဉ်မှာ မလုပ်ကြဖို့ ဟိုးအရင်က ပြောခဲ့ကြပါတယ်။ ဘက်တီးရီးယားတွေ ပိုပျံ့နိုင်တယ်လို့ ယူဆခဲ့ကြလို့ဖြစ်ပါတယ်။ အခုဆိုရင်တော့ သွားနဲ့ခံတွင်းကျန်းမာရေးကို ကိုယ်ဝန်ဆောင်မိခင်တွေ မှန်မှန်ပြုလုပ်သင့်တယ်လို့ လက်ခံကျင့်သုံး လိုက်နာနေကြပြီ ဖြစ်ပါတယ်။

ကိုအောင်(ဆေး-၁)

Health Care

LEAVE A REPLY

Please enter your comment!
Please enter your name here