ကိုယ်ဝန်ဆောင်တချို့ဟာ သူတို့ဘဝရဲ့ အဲဒီထူးခြားတဲ့အချိန်ကို အမှတ်တရရှိစေဖို့ တက်တူးထိုးချင်တတ်ကြပါ တယ်။ တချို့သော ကိုယ်ဝန်ဆောင်တွေကတော့ ထိုးထားပြီးသားတက်တူးတွေဟာ ကိုယ်ဝန်နဲ့ အဆင်ပြေပါ့မ လား။ ဘာများဖြစ်နိုင်သလဲလို့ စိုးရိမ်တတ်ကြပါတယ်။ အဓိကကတော့ ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသား နှစ်ယောက်စလုံးအတွက် လုံခြုံစိတ်ချရစေဖို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ တက်တူးထိုးထားတာ ဒါမှမဟုတ် ရှိနေတဲ့တက်တူးတွေကြောင့် ဘာမှမဖြစ်ဘဲ လုံခြုံစိတ်ချရစေဖို့အတွက် တက်တူးထိုးစဉ်မှာ လိုက်နာသင့်တဲ့ ပြုလုပ်ခဲ့သင့်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်။ တက်တူးထိုးတဲ့သူတွေဟာ ကျွမ်းကျင်တဲ့ သူတွေ ဖြစ်နိုင်ရင် တရားဝင်မှတ်ပုံတင်ထားတဲ့ တက်တူးဆရာတွေ ဖြစ်သင့်ပါတယ်။ တက်တူးထိုးတဲ့အချိန် တစ်လျှောက်လုံး လက်အိတ်စွပ်ပြီး ထိုးတာဖြစ်ရပါမယ်။ အသုံးပြုတဲ့ ပစ္စည်းကိရိယာအားလုံး သေချာပိုးသတ်ပြီး ဖြစ်ရပါမယ်။ တက်တူးထိုးတဲ့ အခန်းနေရာဟာလည်း ကြမ်းပြင်ကစလို့ နံရံတွေအဆုံး သေချာသန့်ရှင်းရေးလုပ် ထားတဲ့ အခန်းဖြစ်ရပါမယ်။ အသုံးပြုတဲ့အပ်တွေဟာ တစ်ခါသုံးအပ်အသစ်တွေဖြစ်ဖို့လိုအပ်ပြီး အမှန်တကယ် လည်း တစ်ခါပဲအသုံးပြုတာ ဖြစ်ရပါမယ်။ အနာကို ဖုံးအုပ်တဲ့ အကာအကွယ်ပစ္စည်း၊ ပတ်တီး စတာတွေဟာ ပိုးသတ်ပြီး သေချာထုတ်ပိုးထားတဲ့ ပစ္စည်းတွေဖြစ်ရပါမယ်။ တက်တူးထိုးရာမှာ အသုံးပြုမယ့် မှင်ဟာလည်း ပိုးသတ်ပြီး အလုံပိတ်ထားတာမျိုး ဖြစ်ရပါမယ်။ တက်တူးထိုးပြီး တစ်ခုခုဖြစ်ပြီဆိုရင် (၂၄) နာရီအတွင်း တက်တူးဆရာက ပြန်လည်ကြည့်ရှုစစ်ဆေးပေးဖို့ အဆင်သင့်ဖြစ်နေရပါမယ်။

ကိုယ့်မှာ ထိုးပြီးသားတက်တူးရှိနေပြီး တက်တူးထိုးခဲ့တဲ့နေရာကို စိတ်မချရဘူးလို့ထင်ရင် ကူးစက်ရောဂါတွေ ဖြစ်တဲ့ အသည်းရောင်အသားဝါ ဘီ၊ စီပိုး၊ အိပ်ချ်အိုင်ဗီပိုးနဲ့ ကာလသားရောဂါ ဆစ်ဖလစ်ပိုးတို့ကို စစ်ဆေးထား သင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ တက်တူးထိုးမယ်ဆိုရင် အဓိကစိုးရိမ်ရတဲ့အချက်ကတော့ ဖော်ပြခဲ့တဲ့ ကူးစက်ရောဂါပိုးတွေ ကူးစက်နေနိုင်သလားဆိုတာဖြစ်ပါတယ်။ အဲဒီလို ကူးစက်နိုင်ခြေရှိမယ်ဆိုရင် တက်တူး မထိုးသင့်ပါဘူး။

တက်တူးထိုးရာမှာ အသုံးပြုတဲ့မှင်တွေရဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ လုံခြုံစိတ်ချမှုကတော့ သေချာမသိကြသေးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်စရှိပြီး (၁၂)ပတ်အတွင်းမှာထိုးရင်တော့ တက်တူးမှင်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက သန္ဓေသားကို ပိုပြီးထိခိုက်နိုင်ခြေများ ရှိသလားဆိုတဲ့ ယူဆမှုမျိုးတွေလည်း ရှိပါတယ်။ ကိုယ်ဝန်လရင့်မှထိုးတာနဲ့ အမှန်တကယ်မှာ ကွာခြားမှုရှိသလားဆိုတာကတော့ ဘယ်သူမှ တိတိကျကျ အဖြေ မပေးနိုင်ကြသေးပါဘူး။

တချို့အမျိုးသမီးတွေကတော့ သူတို့ကျောမှာ တက်တူးထိုးထားရင် ခါးဆစ်ရိုးထုံဆေးထိုးလို့မရဘူး ဆိုတာမျိုး ကြားသိထားကြတတ်ပါတယ်။ အမှန်တကယ်မှာတော့ ကျောမှာတက်တူးထိုးထားတဲ့ အမျိုးသမီးတွေ ခါးဆစ်ရိုး ထုံဆေးထိုးရင် အန္တရာယ်ရှိနိုင်သလားဆိုတာကို လေ့လာမှုပြုထားတဲ့ သုတေသနတွေ အရမ်းနည်းပါသေး တယ်။ ပြုလုပ်ပြီးသား သုတေသနတွေအရလည်း သိသိသာသာ ပြဿနာမရှိတဲ့အတွက် ခါးဆစ်ရိုး ထုံဆေးထိုး လို့ရပါတယ်။ မေ့ဆေး ဆရာဝန်တွေအနေနဲ့လည်း ကျောမှာ တက်တူးထိုးထားလို့ ခါးဆစ်ရိုး ထုံဆေးမထိုးပေး ဘူးဆိုတာမျိုး မရှိပါဘူး။ စိုးရိမ်တယ်ဆိုရင်တော့ မိမိပြသမယ့် ဆေးရုံနဲ့ဆရာဝန်ကို ဆက်သွယ်မေးမြန်း ကြည့်သင့်ပါတယ်။ တက်တူးကနေတစ်ဆင့် ကူးစက်တဲ့အထက်ပါ ကူးစက်ရောဂါပိုးတွေဟာ မိခင်နို့တိုက်ရာ ကနေတစ်ဆင့်လည်း ကူးစက်နိုင်ခြေရှိတဲ့အတွက် အဲဒီအချက်ကို ထည့်သွင်းစဉ်းစားပြီးမှ တက်တူးထိုးဖို့ စဉ်းစားသင့်ပါတယ်။

လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက အီဂျစ်၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းက အမျိုးသမီးတွေဟာ သူတို့ရဲ့သန္ဓေသားကံကောင်းစေဖို့အတွက် ကိုယ်ဝန်ဆောင်ဗိုက်သားမှာ ဟင်္သာပြဒါးနဲ့ လှပတဲ့ပုံတွေ ရေးဆွဲခဲ့ ကြပါတယ်။ အထူးသဖြင့် ကိုယ်ဝန်လရင့်ချိန် နောက်ဆုံးသုံးလမှာဖြစ်ပါတယ်။ ဟင်္သာပြဒါးဟာ ကလေးမီးဖွားမှု လုံခြုံနေဖို့၊ ပျော်ရွှင်တဲ့ ကလေးငယ်ကို ဖြစ်စေတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒီနေရာမှာ ဟင်္သာပြဒါးအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ သဘာဝဖြစ်တဲ့ အန္တရာယ်ကင်းတဲ့ ဟင်္သာပြဒါးဟာ အရေပြားပေါ်မှာ လိမ္မော်ရောင်၊ အနီ၊ အညို၊ အုတ်ရောင်၊ ချောကလက်ရောင်၊ ကော်ဖီရောင် စသဖြင့် အရောင်တွေ ဖြစ်စေပြီး ၁ပတ်ကနေ ၄ပတ်အထိ ခံတတ်ပါတယ်။ ဒီဟင်္သာပြဒါးမျိုးဟာ အမည်းရောင် မဖြစ်တတ်ပါဘူး။ အမည်းရောင် ဟင်္သာပြဒါးဟာ ကိုယ်ဝန်ဆောင်အတွက်ဖြစ်စေ၊ ကိုယ်ဝန်မရှိသူအတွက်ဖြစ်စေ၊ အန္တရာယ်ကင်းတယ်လို့ မှတ်ယူမရနိုင်ပါဘူး။ သူ့ဆီမှာ အရေပြားဓာတ်မတည့်မှု ကိုဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းပါဝင်နေတတ်ပြီး အရေပြား လောင်တာ၊ ရေကြည်ဖုထတာနဲ့ တခြားသောဓာတ်မတည့်မှုဖြစ်စဉ်တွေကို ထိုးပြီးနောက်ပိုင်းလနဲ့ချီ ဖြစ်နေစေ တတ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာထိုးပြီး သားတက်တူးကနေ တစ်ခုခုဖြစ်တယ်ထင်ရင်တော့ သင်ပြသနေတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီးကုသရမှာ ဖြစ်ပါတယ်။

ဒေါက်တာကေ (အရေပြား)

Health Care