ကိုယ်အလေးချိန်လျော့ကျစေ ဖို့နဲ့ပတ်သက်လို့ လူအများစုဟာ ကျန်းမာစွာ စားသောက်ခြင်း၊ အစားကို ပုံမှန်ထက်လျှော့စားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း စတဲ့နည်းလမ်းတွေကို အကြမ်း ဖျင်းသိထားကြပေမယ့် အမှန်တကယ် ပြုလုပ်ဖို့အတွက်ကျတော့ ခက်ခဲနေတတ်ကြပါတယ်။ လေ့လာ ချက်တွေအရ အစားအသောက်ကို ချင့်ချိန်စားပြီး ကိုယ်အလေးချိန် လျှော့ချတဲ့သူတွေဟာ ပထမတစ် နှစ်အတွင်းမှာပဲ သူတို့လျော့ကျသွားတဲ့ ကိုယ်အလေးချိန်ရဲ့ ထက်ဝက်ခန့် ပြန်တိုးလာတယ်လို့ သိရတယ်။ ဒါ ဟာ ကိုယ်အလေးချိန်ကို ပုံမှန်ထိန်း ထားနိုင်တာနဲ့ပတ်သက်ပြီး သူတို့ အတွက် ခက်ခဲမှုတွေရှိနေလို့ ဖြစ် ပါတယ်။

ဒါဆို သင့်ရဲ့ ကိုယ်အလေးချိန် လျော့ကျအောင်နဲ့ ပုံမှန်အနေအထားမှာ ထိန်းထားနိုင်အောင် ဘယ် လိုအလေ့အထတွေ ပြုလုပ်ပေးသင့်သလဲဆိုတာကို သြစတေးလျနိုင်ငံ၊ Bond University မှ သုတေသီတွေက အကြံပြုထားပါတယ်။

၁။ နေ့စဉ် အစာစားချိန် ပုံမှန်သတ်မှတ်ပြီး စားပါ။

– နေ့စဉ် အစာစားချိန် ပုံမှန်သတ်မှတ်ပြီး စားပေးတာက ကိုယ်အလေးချိန်ကို ရေရှည်ထိန်းထားနိုင်ဖို့ ထိရောက်တဲ့နည်းလမ်းဖြစ်တယ်။ ဒါ့အပြင် သင့်ကိုဝစေနိုင်တဲ့အဆာပြေ အစားအစာတွေကိုလဲ တတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ်။

၂။ ကျန်းမာစေတဲ့ အဆီဓာတ်ကိုသာ စားသုံးပါ။

– အခွံမာသီး၊ ထောပတ်သီးနဲ့ ငါးတွေကရတဲ့အဆီဓာတ်တွေက လူကို ကျန်းမာစေပြီး ကိုယ်အလေး ချိန်လျော့ကျဖို့လဲ ကူညီပေးနိုင်ပါတယ်။

၃။ နေ့စဉ် လမ်းလျှောက်ပါ။

– တစ်ရက်ကို ခြေလှမ်း ၁ဝဝဝဝ လောက်ပုံမှန်လမ်း လျှောက်ပေးတာက သင့်ကိုယ် အလေးချိန်ကို ထိန်းထားနိုင်ဖို့ အရေးပါတဲ့ နည်းလမ်းဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုတယ်။

၄။ အသီးအနှံများများစားပါ။

– ဘီစကွတ်မုန့်တွေ၊ အာလူးကြော်တွေစားမယ့်အစား လတ်ဆတ်တဲ့သစ်သီးဝလံတွေကို များများစား ပေးတာက သင့်အတွက် ပိုသင့်တော်ပါတယ်။

၅။ သင်ဝယ်ယူမယ့်အစားအစာမှာပါတဲ့ အညွှန်းကို အမြဲကြည့်ရှုပါ။

– အစားအစာတွေကို မဝယ်ခင်မှာ အဆီဓာတ်၊ သကြားနဲ့ ဆားပါဝင်မှု ဘယ်လောက်ရှိတယ်ဆိုတဲ့ အညွှန်းကို သေချာဖတ်ကြည့်ပြီးမှ ဝယ်ယူစားသုံးပါ။

၆။ ဗိုက်အရမ်းဆာတဲ့အချိန်ကို သတိပြုပါ။

– သင်ဗိုက်အရမ်းဆာနေတဲ့ အချိန်မှာ အစာကို ချက်ချင်း အများကြီးမစားလိုက်ပါနဲ့။ မစားခင် ရေတစ်ဖန်ခွက်လောက် အရင်သောက်ပေးပါ။ ပြီးရင် ငါးမိနစ်လောက်စောင့်ပေးပြီးမှ အစာကို ပန်းကန်ခပ်သေးသေးနဲ့ ထည့်စားသင့်တယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။

၇။ အထိုင်များတာကို လျှော့ချပါ။

– သင့်အိမ်မှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ် အထိုင်များနေတာကို လျှော့ချပြီး နိုးကြားတက်ကြွအောင် လှုပ်ရှားမှုတွေ မကြာခဏပြုလုပ်ပေးတာက ကိုယ်အလေးချိန်မတိုးအောင် ကူညီပေးနိုင်တယ်။

၈။ နေ့စဉ်ရေများများသောက်ပါ။

– သင့်အနေနဲ့ သစ်သီးဖျော်ရည်တွေကြိုက်တတ်ရင် လျှော့သောက်ဖို့လိုတယ်။ ၎င်းတို့ကို တစ်နေ့ ဖန်ခွက်အသေးတစ်ခွက်စာ လောက်ပဲသောက်ပြီး ရေကိုသာ နေ့စဉ်များများသောက်ပေးသင့်တယ်။

၉။ အစာကို ဖြည်းဖြည်းစားပါ။

– အစာကို မြန်မြန်မစားမိအောင် ဂရုစိုက်ပါ။ ပြီးရင် အစာစားနေတဲ့အချိန်မှာ သင့်စိတ်ပျံ့ လွင့်မနေဖို့ကလဲ အရေးကြီးပါတယ်။ နေ့စဉ်သတ်မှတ်ထားတဲ့ ပုံမှန်ပမာဏထက်ပိုမစားမိဖို့ကိုလည်း အာရုံစိုက်သင့်တယ်။

၁ဝ။ ဟင်းသီးဟင်းရွက်ကို နေ့စဉ်မပါမဖြစ်စားပေးပါ။

– ဟင်းသီးဟင်းရွက်များများစားတာက သင့်ကိုယ်အလေးချိန်ကို လျော့စေတဲ့အပြင် နှလုံးနဲ့ကင်ဆာ ရောဂါတွေကလဲ ကာကွယ်ပေးနိုင်တယ်။ ဒါကြောင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်နေ့ ငါးကြိမ်အထိ စားပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

ဒေါက်တာရဲခိုင်ဦး

Health Care