ကိုရိုနာဗိုင်းရပ်စ်စတင်ခဲ့ရာ နိုင်ငံအဖြစ်ယုံကြည်ရတဲ့ တရုတ်နိုင်ငံဟာ ဟူဘေးပြည်နယ်တစ်ဝှမ်းက Lockdown ပြုလုပ်ထားတဲ့ နေရာဒေသတွေကို ဗိုင်းရပ်စ် စတင်ကူးစက်မှု စတင်ဖြစ်ပွားခဲ့တဲ့ အချိန်မှစတင်ပြီး ၃ လအကြာ ယနေ့ ဗုဒ္ဓဟူးနေ့ (၂၅.၃.၂၀၂၀)မှစတင်ပြီး Lockdown ချထားမှုကို ပြန်လည်ဖြေလျော့ ပေးတော့မှာ ဖြစ်ပါတယ်လို့ Metro ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလက ဝူဟန်မြို့မှာ ပထမဆုံး ရောဂါကူးစက်ခဲ့ပြီးနောက် ဟူဘေးပြည်နယ်ဟာ COVID-19 စတင်ကူးစက်ပျံ့နှံ့တဲ့ ပြည်နယ်ဖြစ်လာခဲ့ပါတယ်။  COVID-19 ကြောင့် တရုတ်ပြည်တစ်ဝှမ်း လူပေါင်း ၃,၁၀၀ သေဆုံးခဲ့ပြီး လူပေါင်း ၈၁,၅၀၀ ရောဂါကူးစက် ခံခဲ့ရပါတယ်။

တရုတ်အာဏာပိုင်တွေဟာ နိုင်ငံတစ်ဝှမ်းက ဒေသကြီးတွေကို Lockdown မပြုလုပ်ခင်မှာ စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်က တချို့မြို့ကြီးတွေကို သံသယရှိလူနာ ခွဲခြားစောင့်ကြည့်ခြင်း (Quarantine) ပြုလုပ်ခြင်းကို ဇန်နဝါရီလ အစောပိုင်း စတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေမှာတော့ တရုတ်ပြည်ဟာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ ဟူဘေးပြည်နယ်ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လုံးဝမရှိခဲ့တာဟာ တစ်ပတ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိတဲ့ ပြည်သူတွေအနေနဲ့ ပြီးခဲ့တဲ့အင်္ဂါ (၂၄.၃.၂၀၂၀) နေ့ ညသန်းခေါင်ယံကျော်တာနဲ့ ပြည်နယ်ပြင်ပကို  သွားလာခွင့်ပြုမှာဖြစ်တယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။  တားမြစ်ချက်တွေ အားလုံးကိုတော့ လာမယ့် ဧပြီလ ၈ ရက်နေ့မှာ လုံးဝ ဖြေလျော့ပေးသွားမယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ပင်လယ်စာစျေးကနေ စတင်ပျံ့နှံ့လာတယ်လို့ ယုံကြည်ရပြီး အဲ့ဒီနေရာမှာ အလုပ်လုပ်နေကြသူတွေ အများအပြား ရောဂါကူးစက်ခံခဲ့ရပါတယ်။  တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတဲ့ ပထမဆုံးလူကတော့ အဆိုပါစျေးမှာ စျေးဝယ်ခဲ့တဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။  သူဟာဇန်နဝါရီလ  ၉ ရက်နေ့မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဂျပန်နဲ့ထိုင်းနိုင်ငံတို့မှာပါ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေရှိလာပြီး ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ တရုတ်နိုင်ငံရဲ့ ဒုတိယမြောက်လူသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ကူးစက်ရောဂါ ကွျမ်းကျင်သူတစ်ဦးက ဗိုင်းရပ်စ်ဟာ လူတစ်ဦးကနေတစ်ဦးကို အလျင်အမြန် ကူးစက်နိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဇန်နဝါရီလကုန်မှာတော့ တရုတ်နိုင်ငံတစ်ဝန်းမှာ ရောဂါကူးစက်ခံရသူ ၁၀,၀၀၀ ဝန်းကျင်ရှိလာခဲ့ပြီး UK ၊ US ၊ ရုရှားနဲ့ ဩစတြေးလျနိုင်ငံတွေ အပါအဝင် အခြားနိုင်ငံအများအပြား မှာပါ ရောဂါကူးစက်ခံရမှုတွေ ရှိလာပါတယ်။

အရှိန်အဟုန်နဲ့ များပြားလာတဲ့ဝူဟန်မြို့က ရောဂါကူးစက်သူတွေကို ကုသမှုပေးဖို့ တရုတ်အာဏာပိုင်တွေဟာ ဆေးရုံအသစ်တွေကို အရေးပေါ်ဖွင့်ခဲ့ရပါတယ်။ ယခုအခါမှာတော့ ရောဂါကူးစက်မှု ကျဆင်းလာတာကြောင့် အရေးပေါ်ဖွင့်ခဲ့ရတဲ့ ဆေးရုံတွေကို တဖြည်းဖြည်းပိတ်လာခဲ့ရာမှာ နောက်ဆုံး ဆေးရုံကို ပြီးခဲ့တဲ့တစ်ပတ်ကပဲ ပိတ်ခဲ့ပြီးဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၇၈ ဦးသာရှိခဲ့ပြီး ၇ ဦးသေဆုံးခဲ့ပါတယ်။ အဲ့ဒီအထဲက ၇၄ ဦးဟာ ပြည်ပကနေကူးစက်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း တားမြစ်ချက်တွေဖြေလျော့မှုအပြီးမှာ ရောဂါကူးစက်မှုနှုန်းတွေပြန်များလာတဲ့ ဟောင်ကောင်ရဲ့အခြေအနေကြောင့် တရုတ်နိုင်ငံရဲ့ဖြေလျော့မှုအပေါ်စိုးရိမ်မှုတွေရှိနေကြပါတယ်။ ဒီလိုမြင့်တက်လာမှုကြောင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးဖြစ်သူ Carrie Lam က ယနေ့ဗုဒ္ဓဟူးနေ့က စတင်ပြီး နိုင်ငံသားမဟုတ်သူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။

တရုတ်နိုင်ငံဟူဘေးပြည်နယ်က ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ တားမြစ်ချက်တွေကို ပြန်လည်ဖြေလျော့ပေးမှုဟာ အလုပ်ဖြစ်မလားဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြမှာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာတစ်ဝန်းကနိုင်ငံအများအပြားမှာ social-distancing ဘယ်လောက်ထိ ကြာဦးမလဲဆိုတာကို တရုတ်ပြည်ရဲ့ အဖြေအပေါ် မူတည်နေတာပဲဖြစ်ပါတယ်။

Health Care