ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြမည့်အလား

0
459

ဗျဂ္ဃ Vs ဟီဂါရှီ (ဂျပန်)

အထက်မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့လောကရဲ့ အစွယ်အချွန်ဆုံး ကျားတစ်ကောင်လို့ ဆိုရမယ့် မက္ကာအိုပြန် ဗျဂ္ဃ (ကျားဖြူ)ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မက်(စ်)မွေထိုင်းပွဲတွေအထိလည်း နယ်ကျွံ အောင်ပွဲခံခဲ့ဖူးပါတယ်။

ဗျဂ္ဃဟာ ပြိုင်ဘက်တွေကို ပွဲသိမ်းတဲ့အခါ လက်သီးတွဲလုံးတွေနဲ့သာဆိုတာ သူ့ကို ခိုလခုအန်ခန်းမက စောင့်နေမယ့် ဟီဂါရှီ(ဂျပန်)အနေနဲ့ ကြိုတင်လေ့လာထားပြီးသားဖြစ်ပါလိမ့်မယ်။ ဟီဂါရှီ ဟာ Lethwei in Japan 6 မှာ ထွန်းလွင်မိုး (နဂါးမာန်)ရဲ့ လက်သီးထိုးပေါက်တွေကို ထိန်းပြီး သရေပွဲရအောင် ယူခဲ့သူပါ။

အဲဒီနောက်မှာလည်း ခိုလခုအန်ခန်းမမှာကျင်းပသမျှ ရိုးရာလက်ဝှေ့ပွဲတွေကို ကြိုးဝိုင်းဘေးကနေ အစီအစဉ်တင်ဆက်သူအဖြစ် ပွဲတိုင်းပါဝင်ဆောင်ရွက်ရင်း စောင့်ကြည့်နေခဲ့ပါတယ်။

Lethwei in Japan 10 မှာ ကျားဘဟိန်းကို တော်တော်စီးတဲ့ အစီးသရေထိုးသတ်နိုင်တာကြောင့် မာန်သွေးကြွတဲ့ ဟီဂါရှီဟာ Lethwei in Japan 11 မှာတော့ ပြိုင်ဘက် နယူးဇီလန်လက်ဝှေ့သမားကို စက္ကန့်ပိုင်းအတွင်းမှာပဲ ပွဲသိမ်းအနိုင်ယူလိုက်ပါတယ်။

မျက်နှာပေးကို အပြုံးချိုချိုလေးနဲ့ တန်ဆာဆင်ထားပေမယ့် အဲဒီနောက်မှာ ပေါက်ကွဲမှုပြင်းထန်တဲ့ တိုက်ကွက်တွေထုတ်သုံးတဲ့ ဟီဂါရှီက ခိုလခုအန်ခန်းမထဲမှာ  မုန်ယိုဆင်တစ်ကောင်လို ဖြစ်နေပါပြီ။ အဲဒီဆင်နဲ့ မြန်မာပြည်ကကျားတို့ တွေ့ကြမယ့်ပွဲဟာ အသည်းငယ်သူတွေ မကြည့်ရလို့တောင်မှ သတိပေးချက် ထုတ်ပြန်ရမယ့်သဘောရှိနေပါတယ်။

ဇင်လင်းထွန်း (ဓနုဖြူ)

Health Care