၁။ နံနက်စောစော ရေတစ်ခွက်သောက်ပါ

ကျန်းမာပျော်ရွှင်စေဖို့ နံပါတ် (၁)အနေနဲ့ နံနက်စောစောအိပ်ယာထတာနဲ့ ရေတစ်ဖန်ခွက်သောက်ပေးဖို့ လိုပါမယ်။ ရေချည်းပဲ မသောက်ချင်တဲ့သူတွေကတော့ သံပုရာသီး သို့မဟုတ် လိမ္မော်သီးတစ်စိတ်လောက်လေး ထည့်သောက်ရင် ပိုအဆင်ပြေသွားတာပေါ့။  ဘာကြောင့် ရေသောက်သင့်လဲဆိုတော့ ရေမှာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကို မှန်ကန်စေတဲ့ အစွမ်းသတ္တိတွေ ပါဝင်တာကြောင့်ပါ။ တစ်ချို့လူတွေကတော့ ရေသောက်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်လို့ တောင် ဆိုကြပါတယ်။

၂။ လုံလောက်စွာ အိပ်စက်အနားယူပါ

သုတေသီအချို့ရဲ့ဖော်ပြချက်အရ လူတစ်ယောက်မှာ ပျမ်းမျှအားဖြင့် အိပ်စက်ချိန် ၈ နာရီ လိုအပ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူကြပါဘူး။ တစ်ချို့ က ၆ နာရီလောက် အိပ်စက်ရုံနဲ့ အိပ်ရေးဝတတ်ကြတယ်။ တစ်ချို့ကတော့ ၁ဝ နာရီလောက်အိပ်မှ အိပ်ရေးဝတတ်ကြတယ်။ ဒါ့ကြောင့် ကျွန်မ တို့ရဲ့ အိပ်စက်ချိန်ဟာ ၆ နာရီနဲ့ ၁ဝ နာရီကြားရှိတယ်ဆိုရင်တော့ အိပ်ရေးဝတယ် ဆိုရပါမယ်။ အိပ်စက်ချိန် ၄ နာရီနဲ့ ၆ နာရီကြားပဲ ရှိတယ်ဆိုရင်တော့ အိပ်ရေးမဝနိုင်ပါဘူး။ အိပ်ရေးပျက်တဲ့အခါမှာ ဒေါသထွက်၊ စိတ်တိုလွယ်တတ်သလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု သိပ်မရှိတော့သလို ခံစားရနိုင်ပါတယ်။ ဒါ့ပြင် အိပ်ရေးမဝတဲ့အခါ နှလုံးကျန်းမာရေးပါ ထိခိုက်နိုင်တယ်ဆိုတာလေး လုံးဝမမေ့နဲ့နော်။

၃။ အညောင်းဆန့်ကြမယ်

နံနက်ခင်း အိပ်ရာထဲမှာ မှိန်းနေမယ့်အစား အချိန်ကို အကျိုးရှိစွာ အသုံးချလိုက်ပြီး အညောင်းဆန့်မယ်ဆိုရင် ဆက်အိပ်ချင်နေ မှိန်းနေချင်သေးတာတွေ ပြေလျော့သွားပါလိမ့်မယ်။ အညောင်းဆန့်ခြင်းရဲ့ ရလဒ်ကောင်းလေး ရှိသေးတယ်နော်။ အညောင်းဆန့်လိုက်တဲ့အခါ ကြွက်သားတွေဆီကို အောက်ဆီဂျင်နဲ့ သွေးစီးဆင်းမှု ကောင်းမွန်စေပြီး သင့်အတွက် အဲဒီတစ်နေ့တာဟာ ပျော်ရွှင်တက်ကြွဖွယ် နေ့သစ်လေးဖြစ်နေမှာပါ။

၄။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာစားကြမယ်။

အာလူးကြော်၊ အချဉ်ပေါင်း၊ သကြားလုံး၊ ကွတ်ကီနဲ့ အခြားအရသာရှိတဲ့ အသင့်စား အစားအစာတွေစတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီ၊ ဆားနဲ့ သကြားတွေ အတော်များများပါဝင်နေတဲ့ သရေစာတွေ စားနေမယ့် အစား ဗီတာမင်နဲ့ သတ္တုဓာတ်များစွာပါဝင်တဲ့ အစိမ်းစား အခွံမာသီးတွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဘယ်ရီသီးတွေကို သရေစာအဖြစ် စားပေးစေချင်ပါတယ်။

၅။ နံနက်စာစားမယ်

နံနက်စာဟာ နေ့တစ်နေ့ရဲ့ အရေးအကြီးဆုံး အစားအစာပါ။ အထူးသဖြင့် ဝိတ်ချနေတဲ့သူတွေ လုံးဝကို မစားမဖြစ် စားသင့်ပါတယ်။ အကယ်၍များ နံနက်စာမစားဖြစ်ဘူးဆိုရင် နေ့လည်စာ စားချိန်မတိုင်ခင်ထိ ဗိုက်စာပြီး ဗီတာမင်မပြည့်ဝတဲ့ အဆီနဲ့ သကြားဓာတ်တွေပါဝင်တဲ့ သရေစာတွေကို စားမိသွားတတ်ပါတယ်။ ၂ဝဝ၃ ခုနှစ်က ပြုလုပ်သွားတဲ့ အမေရိကန် နှလုံးရောဂါအဖွဲ့အစည်းရဲ့ ညီလာခံမှာ သုတေသနပညာရှင်တွေက နံနက်စာစားတဲ့သူတွေဟာ မစားတဲ့သူတွေနဲ့ယှဉ်ရင် အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါရခြင်းတွေ လျော့နည်း တယ်လို့ ထည့်သွင်းဆွေးနွေးပြောကြားသွားတာလေးကိုလည်း သတိကပ်စေချင်ပါတယ်။

၆။ နေ့စဉ်လမ်းလျှောက်ပါ

လေ့ကျင့်ခန်းလုပ်တာ၊ Gym ဆော့တာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာကို ကျွန်မတို့တွေ အားလုံးသိ ကြပေမယ့် ကျွန်မတို့ အများစုကတော့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိတာ၊ လုပ်ရမှာ ပျင်းနေတာမျိုးတွေ ရှိကြပါတယ်။ အဲ့လိုဖြစ်ရင် စိတ်မပူပါနဲ့။ နည်းရှိတယ်နော်။ အဲတာကတော့ သူငယ်ချင်းနဲ့ ဒါမှမဟုတ် သင့်ရဲ့ အချစ်တော် အိမ်မွေးတိရစ္ဆာန် ခွေးလေးတွေနဲ့အတူ လမ်းလျှောက်ထွက်ပါ။ နှလုံးကျန်းမာရေးအတွက် လူတစ်ယောက်ဟာ တစ်ပတ်ကို ၁၂ မိုင် အချိန်အားဖြင့် ၁၂၅ မိနစ်ကနေ မိနစ် ၂ဝဝအထိ လမ်းလျှောက်ပေးဖို့ လိုအပ်တယ်လို့ သုတေသီတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

၇။ အပေါင်းအသင်း မိတ်ဆွေထားမယ်

အထီးကျန်တဲ့သူဟာ သာမာန်ထက် ကျန်းမာရေးပိုချို့ တဲ့တာအပြင် ပိုပြီးအိုစာပါတယ်။ စိတ်ဖိစီးမှု၊  စိတ်ဓာတ်ကျမှုတွေကို ရင်ဆိုင်ရပါတယ်။ ဒါကြောင့် သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေထားပါ။ မိတ်ဆွေတိုင်းနဲ့ အဆင်ပြေစေဖို့ အကောင်းမြင်စိတ်လေးကို လက်ကိုင်ထားပါ။

၈။ နှစ်သက်တဲ့ အစားအစာလေးတွေအကြောင်း လေ့လာမယ်

သင်နှစ်သက်တဲ့ အစားအစာတွေကို စာရင်းပြုချရေးကြည့်ပါ။ အဲဒီထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သဘာဝမဟုတ်တဲ့ ဓာတုဓာတ်ပါ အစားအစာတွေ ပါနိုင်ပါတယ်။ အန္တရာယ်ရှိ ပါဝင်ပစ္စည်းတွေပါတဲ့ အစားအစာတွေကို စားမိမယ်ဆိုရင် အမျိုးမျိုးသောရောဂါတွေ၊ ဓာတ်မတည့်မှုတွေနဲ့ ကင်ဆာရောဂါတွေတောင် ဖြစ်နိုင်ပါတယ်။ ကံကောင်းတာတစ်ခုက ဒီနေ့ခေတ်က ဆိုရှယ်မီဒီယာခေတ်ဖြစ်တော့ Facebook မှာတင်ပဲ ကျန်းမာရေးဂျာနယ် page တွေကတစ်ဆင့် အစားအစာတွေအကြောင်း လေ့လာလို့ရပါတယ်။ အဲဒီကနေတစ်ဆင့် ကိုယ်နှစ်သက်တဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိမရှိ လေ့လာရပါမယ်။

၉။ ပျော်ရွှင်မှုတွေ ဖန်တီးယူပါ

သူငယ်ချင်း၊ ဒါမှမဟုတ် မိသားစုတွေနဲ့ အပျော်ခြေလျင်ခရီး၊ တောင်တက်ခရီးသွားတာ၊ အဖွဲ့ လိုက် အားကစားလုပ်တာ၊ စကိတ်စီးတာ၊ စက်ဘီးစီးတာ၊ လှေစီးတာလေးတွေ လုပ်ဆောင်ပါ။ ဒီလိုအဖွဲ့ လိုက် သွားရတာ စိတ်ဖိစီးမှုတွေလျော့ကျပြီး ပျော်ရွှင်မှုတွေ၊ ယုံကြည်မှုတွေ ရရှိလာပါတယ်။ အဲဒီလို အဖွဲ့ လိုက် သွားတဲ့အခါမှာလည်း စိတ်တူကိုယ်တူ သူငယ်ချင်းတွေ၊ သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ သွားပါ။ ပျော်ပျော်နေသေခဲ (Happy people live longer) ဆိုတာလေး မမေ့နဲ့နော်။

၁ဝ။ ကိုယ့်ကိုယ်ကို ချစ်ပါ

အကြောက်တရားနဲ့ ဒေါသတရားဟာ ကိုယ့်အတွက် အန္တရာယ်ဖြစ်စေတဲ့ အရာတွေပါ။ အကြောက် တရားကြောင့် သေဆုံးနိုင်သလို ဒေါသတရားကြောင့် အသက်ဆုံးရှုံးသူတွေ ပတ်ဝန်းကျင်မှာ မြင်ဖူးကြမှာပါ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုချစ်ရင် ဒီစိတ်တွေကို လုံးဝဖျောက်ဖျက်ပစ်ပါ။ နောက် တစ်ခုခုကို အရမ်းမခံစားပါနဲ့။ လူအများနဲ့ ဆက်ဆံတဲ့အခါ အကောင်းမြင်စိတ်နဲ့ မေတ္တာတရား လက်ကိုင်ထားပါလို့ ထပ်ပြီးပြောပြချင်ပါတယ်။ အားလုံးပဲပျော်ရွှင်ကျန်းမာတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း …

ဖြိုးသူဇာ

Health Care