လူတိုင်း၊ လူတိုင်းအတွက် ကျန်းမာရေးသည် လွန်စွာအရေးကြီးပါသည်။ ကျား၊ မ၊ လူကြီး၊ လူငယ်မရွေး၊ ကလေးပါမကျန် ကျန်းမာရေးကောင်းမွန်မှသာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့် အခြားသောကိစ္စ အဝဝကို အောင်မြင်အောင်ဆောင် ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် ရရှိနိုင်သော အကျိုးကျေးဇူး တိုတိုထွာထွာလေးများကို သိရှိစေချင်ပါသည်။

(၁) အိပ်စက်ခြင်း အကျိုးကျေးဇူး

အိပ်ရေးပျက်ပါက မျက်ကွင်းညိုခြင်း၊ မျက်တွင်းကျခြင်း၊ မှတ်ဉာဏ်လျော့နည်းစေခြင်း၊ ခန္ဓာကိုယ်တွင် အဆီများတက်လာကာ ပုံပျက်ဝဖြိုးစေခြင်း၊ ဆုံးဖြတ်ချက်များ မှားယွင်းစေခြင်းနှင့် လူ့ဘဝ သက်တမ်းတိုခြင်းများကို ဖြစ်စေပါသည်။

အိပ်ရေးပျက်ပါက ခေတ္တအိပ်စက်အနားယူရပါမည်။ နေ့လည် နေ့ခင်းပိုင်းတွင် ခေတ္တခဏ အိပ်စက်အနားယူ ခြင်းဖြင့် တက်ကြွဖျတ်လတ်စေခြင်း၊ စိတ်ကို အပန်းပြေစေခြင်း၊ လုပ်ဆောင်ရည် မြင့်တက်လာခြင်း၊ မှတ်ယူနိုင်စွမ်း တိုးတက်လာခြင်း၊ ဖန်တီးနိုင်စွမ်း မြင့်မားလာခြင်းနှင့် ခံစားချက်ကောင်းမွန်စေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။

ညပိုင်းတွင် နှစ်ခြိုက်စွာ အိပ်စက်ခြင်းဖြင့် စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေခြင်း၊ မှတ်ဉာဏ်ကောင်းမွန် စေခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ ဆဲလ်တစ်သျှူးများပျက်စီးခြင်းများကို ခန္ဓာကိုယ်က ၎င်းကိုယ်တိုင် ပြင်ဆင်ခွင့်ရစေခြင်း၊ ကင်ဆာရောဂါများကို ကာကွယ်နိုင်ခြင်းနှင့် အသားအရေ ရောင်ယမ်းနာများကို သက်သာ စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

(၂) ရေသောက်ခြင်း အကျိုးကျေးဇူးများ

ထမင်းအသက်ခုနှစ်ရက်၊ ရေအသက်တစ်မနက်ဆိုသည့်အတိုင်း ရေကိုသောက်ရပါမည်။ ရေသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ အချို့သောသူများသည် ရေသောက်ခြင်းအလေ့အထ အလွန်နည်းပါးကြပါသည်။ ရေသောက်ခြင်းနည်းပါးသောကြောင့် ရေဓာတ်ကုန်ခမ်းကြပါသည်။ အရွယ်တင်နုပျိုမှုမရှိဘဲ အိုစာလွယ်ကြပါသည်။ အသားအရေမွဲ ခြောက်ခြောက်ဖြစ်ကြပါသည်။ ကျန်းမာရေးချို့တဲ့ကြပါသည်။ အစာအိမ်အူလမ်းကြောင်းရောဂါများ၊ ဆီးနှင့်ကျောက်ကပ်ရောဂါများ၊ အရေပြားရောဂါများနှင့် အခြားရေဂါများ ခံစားရနိုင်ပါသည်။ နှလုံး နှင့် လေဖြတ်ခြင်းရောဂါများလည်း ဖြစ်ပေါ်တတ်ပါသည်။

ရေသောက်ခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။ မနက်စောစော ရေ(၂)ဖန်ခွက်သောက်ခြင်းဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းကို နိုးထပေးပါသည်။ နေ့လည်နှင့် ညနေ ထမင်းမစားခင် နာရီဝက်အလိုတွင် ရေတစ်ခွက်စီသောက်ခြင်းဖြင့် အစာကြေခြင်းနှင့် အဝလွန်ကဲမှုကို ထိန်းသိမ်းပေးခြင်းတို့ဖြစ်စေပါသည်။ ရေမချိုးခင် ရေတစ်ဖန်ခွက်သောက်ခြင်းဖြင့် သွေးတိုးရောဂါကို ကာကွယ်ပေးပါသည်။ အိပ်ရာမဝင်ခင် တစ်ခွက်သောက်ခြင်းဖြင့် နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းကို ကာကွယ်ပေးပါသည်။ လူတစ်ဦးအနေဖြင့် နေ့စဉ် စုစုပေါင်း ရေ (၈)ခွက်မှ (၁ဝ)ခွက်အထိ သောက်သုံးပါက အသားအရေလှပပြီး နုပျိုကျန်းမာစေသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ကျန်းမာရေးအတွက် ရေပိုသောက်သင့်ပါသည်။ မည်သည့်နေရာသို့သွားသည်ဖြစ်စေ ရေဘူးဆောင်သွားပြီး သောက်ရပါမည်။ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် အစားအသောက် မှာယူစားပါကလည်း အချိုရည်ဘူးများအစား ရေသန့်ဘူးတစ်ဘူးကိုသာ မှာ၍သောက်ခြင်းဖြင့် ဆီးချို၊ သွေးချိုဖြစ်ပွားမှု၊ သွေးတိုးနှင့် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။ အရည်ရွှမ်းသောအစားအစာများ၊ အသီးအနှံများကို စားပေးခြင်းဖြင့်လည်း ကျန်းမာရေးနှင့် ညီညွတ်စေပါသည်။

(၃) ငိုကြွေးခြင်းနှင့် ရယ်မောခြင်း အကျိုးကျေးဇူး

ဝမ်းနည်းစရာ၊ စိတ်ထိခိုက်စရာများနှင့် စိတ်သောကများ တွေ့ရှိပါက ငိုကြွေးချင်သော်လည်း မငိုဘဲ စိတ်ထိန်းထားပါက ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ ငိုကြွေးခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ စိတ်ဖိအားနှင့် သောကများကို လျော့ကျသက်သာစေပါသည်။ စိတ်သက်တောင့်သက်သာဖြစ်သွားစေပါသည်။ မျက်ရည်ထဲတွင် ကိုယ်ခန္ဓာမှ အဆိပ်အတောက်တစ်ချို့ ပါသွားတတ်ပါသည်။ ငိုကြွေးခြင်းဖြင့် အဆိပ်အတောက်တစ်ချို့ကို စွန့်ထုတ်ပြီးဖြစ်၍ ကျန်းမာရေးအတွက်ကောင်းစေပါသည်။

ပျော်ရွှင်စရာများကြုံတွေ့ရတိုင်း ရယ်မောကြပါသည်။ ရယ်မောခြင်းဖြင့် အကျိုးကျေးဇူးများ စွာရရှိနိုင်ပါသည်။ လန်းဆန်းတက်ကြွစေခြင်း၊ မှတ်ဉာဏ်ကောင်းမွန်စေခြင်း၊ စိတ်ဖိအားကိုဖြစ်စေသော ဟော်မုန်းများကို လျှော့ချ ပေးခြင်း၊ ဖန်တီးနိုင်သောစွမ်းရည်များ ပိုလာစေခြင်း၊ သွေးလည်ပတ်မှုကို မှန်ကန်စေခြင်း၊ သွေးတိုးကျစေခြင်း၊ အသက်ရှူလမ်းကြောင်း နှင့်ပတ်သက်သော ကူးစက်ရောဂါ နှင့် အအေးမိခြင်းများကို ကာကွယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

(၄) လေ့ကျင့်ခန်းပြုလုပ်ခြင်း အကျိုးကျေးဇူးများ

ယနေ့အချိန်ကာလတွင် စားဝတ်နေရေးအတွက် ဆောင်ရွက်ရသောကြောင့် အချိန်မရခြင်း၊ ဇိမ်ခံပစ္စည်းများ ပေါများလာခြင်းနှင့် လမ်းလျှောက်သွားလာမှုနည်းခြင်းတို့ကြောင့် ကင်ဆာရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ နှလုံးနှင့်သွေးတိုးရောဂါ၊ အဝလွန်ကဲသောရောဂါ၊ အရိုးအဆစ်ရောဂါနှင့် အခြားရောဂါများ ဖြစ်ပေါ်ခံစားလျက် ရှိကြပါသည်။ အရွယ်မတိုင်မီသေဆုံးခြင်း နှင့် လေဖြတ်ကာ မသန်စွမ်းဒုက္ခိတဘဝရောက်ခြင်းများ ကြုံတွေ့နေရပါသည်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါသည်။ မိမိနှင့် သင့်တော်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်မျိုးမျိုးပြုလုပ်ပါက အကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကျစေခြင်း၊ စိတ်ဖိစီးမှုကို လျော့ပါးစေခြင်း၊ အိပ်ပျော်စေခြင်း၊ သွေးလည်ပတ်မှုကိုကောင်းစေခြင်းနှင့် ရောဂါခုခံအားစနစ်ကို တိုးမြှင့်ပေးခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိ နိုင်ပါသည်။

(၅) အနှိပ်ခံခြင်း အကျိုးကျေးဇူး

ယနေ့အချိန်ကာလတွင် ခေတ်နှင့်အညီ အလုပ်မျိုးစုံ၊ ပညာသင်မှုမျိုးစုံနှင့် အခြား လူ့ဘဝတိုးတက်ရာ တိုးတက်မှု ဆောင်ရွက်ဖွယ်မျိုးစုံကို အလုပ်လုပ်နေရသောကြောင့် ကြွက်သားများ၊ အရိုးအဆစ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ညောင်းညာကိုက်ခဲလျက် ရှိကြပါသည်။ ကိုယ်ကာယပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာလည်း လန်းဆန်းတက်ကြွမှုမရှိဘဲ ဖြစ်တတ်ကြပါသည်။ ၎င်းတို့ကို ကုစားနိုင်ဖို့အတွက် အနှိပ်ခန်းများလည်း မြို့ပေါ်အနှံ့တွင်ရှိနေကြပါသည်။ တောလက်ကျေးရွာများတွင်လည်း အနှိပ်ဆရာများကိုခေါ်ယူကာ အနှိပ်ခံကြပါသည်။

အနှိပ်ခံခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။ စိတ်ဖိစီးမှု၊ စိတ်တင်းကျပ်မှုများကို လျော့ပါးစေပါသည်။ သွေးလှည့်ပတ်မှုကို အားကောင်းစေပါသည်။ ကိုယ်တွင်းအဆိပ်အတောက်များကို စွန့်ထုတ်နိုင်ရန် ကူညီပေးနိုင်ပါသည်။ အမျက်ဒေါသစိတ်၊ သောကပူပင်စိတ်များကိုလည်း လျှော့ချနိုင်ပါသည်။ ရိုးရိုးအနှိပ်ခံခြင်းထက် သန့်စင်သော အိပ်ရာခင်းနှင့် မွှေးရနံ့သင်းပျံ့ပျံ့အခန်းထဲတွင် သာယာငြိမ့်ညောင်းသော တေးသံကလေးကို နားဆင်ပြီး အနှိပ်ခံပါက စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ ဖြစ်စေပါသည်။

ခြေထောက်အနှိပ်ခံခြင်းဖြင့် စိတ်ဖိစီးမှုနှင့် သောကကို ဖြေလျှော့ပေးပါသည်။ နာကျင်ကိုက်ခဲမှုကို သက်သာစေ ပါသည်။ ကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းစေပါသည်။

(၆) တေးဂီတနားထောင်ခြင်း အကျိုးကျေးဇူး

တေးဂီတနားထောင်ခြင်းသည် ကျန်းမာရေးကိုများစွာ အထောက်အကူပြုပါသည်။ နေ့စဉ်နှင့်အမျှ စိတ်ပန်း၊ လူပန်းဖြစ်ခြင်းများ သက်သာစေရန် တေးဂီတကို နားထောင်ပေးရပါမည်။ တေးဂီတ နားထောင်ခြင်းဖြင့် အများနှင့် ဆက်ဆံမှု တိုးတက်လာနိုင်ပါသည်။ အာရုံစူးစိုက်မှုအားကောင်းလာပါသည်။ ဂဏှာမငြိမ်ဖြစ်မှုကို လျော့ကျစေပါသည်။ လူမှုဆက်ဆံရေး ကောင်းလာပါသည်။ နူးညံ့သိမ်မွေ့ လာပါသည်။ ခန့်မှန်းချက်တိုးတက် လာပါသည်။ ရောဂါများကိုလည်း သက်သာပျောက်ကင်းစေပါသည်။

(၇)ကခုန်ခြင်း အကျိုးကျေးဇူး

ကခုန်ခြင်းဖြင့် မှတ်ဉာဏ်အား မြင့်စေခြင်း၊ အဆစ်များနှင့် ကြွက်သားများကို ပျော့ပြောင်းစေခြင်း၊ စိတ်ဖိစီးမှုကို လျော့နည်းစေခြင်း၊ စိတ်ဓာတ်ကျရောဂါပျောက်ကင်းနိုင်ခြင်း၊ နှလုံးကြွက်သားများ အားကောင်းလာစေခြင်း၊ ကိုယ်အလေးချိန်ကျဆင်းစေခြင်း၊ အားအင်တိုးပွားစေခြင်း၊ မိတ်ဆွေတိုးပွားစေခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုပိုရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

(၈) အကြံပြုချက်

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများကို လူတိုင်းသိရှိစေချင်ပါသည်။ မိမိကျန်းမာရေးအတွက် မိမိကိုယ်တိုင် ဆောင်ရွက်ရပါမည်။ ကောင်းစွာအိပ်စက်ခြင်း၊ ရေကောင်းရေသန့်ကို သောက်ခြင်း၊ ငိုကြွေးခြင်းနှင့် ရယ်မောခြင်း၊ သင့်တော်သောလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အနှိပ်ခံခြင်း၊ တေးဂီတနားထောင်ခြင်းနှင့် ကခုန်ခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

ဒေါက်တာမြင့်သန်းထွန်း

Health Care