အင်္ဂလန်နိုင်ငံ၊ Leicestershire ဒေသရှိ  Loughborough  ပြည်သူ့ သုတေသနတက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်အရ တစ်ပတ်လျှင် တစ်ကြိမ်(သို့)နှစ်ကြိမ် ရေနွေးတွင်စိမ်၍ တစ်နာရီခန့် ရေချိုးပေးခြင်းက ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သကဲ့သို့ပင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ ရေနွေးနွေး (၃၈°စင်တီဂရိတ်/၁ဝဝ.၄°ဖာရင်ဟိုက်)တွင် တစ်နာရီခန့် ရေချိုးခြင်းကြောင့် သွေးတွင်း၌ Interleukin-6   နှင့် Nitric Oxide အမည်ရှိ ဓာတုပစ္စည်းများ ထုတ်လုပ်မှုကို အားပေးပြီး ၎င်းတို့က ခန္ဓာကိုယ်ရှိဓာတ်မတည့်သော ရောင်ယမ်းမှုများကို သက်သာစေကာ သွေးတွင်း အချိုဓာတ်ပမာဏများ ပြားမှုကို လျှော့ချပေးသည်။ ထို့ပြင် သွေးကြောများကိုကျယ်စေပြီး သွေးပေါင်ချိန်မြင့်တက်မှုကို တားဆီးပေးကြောင်းလည်း အဆိုပါ သုတေသနတွင်ဖော်ပြထားသည်။

“ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူတွေ၊ မွေးရာပါနှလုံးရောဂါ အခံရှိသူတွေနဲ့ ထိခိုက်ဒဏ်ရာတစ်ခုခုရထားတဲ့သူတွေဟာ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ အခက်အခဲရှိတယ်။ အခုပြုလုပ်တဲ့ သုတေသနအရတော့ ဒီလိုအခြေအနေရှိသူတွေဟာ အိမ်မှာဖြစ်ဖြစ် ရေပူစမ်းမှာဖြစ်ဖြစ် တစ်ပတ်ကို နှစ်ကြိမ်လောက် ရေနွေးနဲ့ ရေစိမ်ချိုးပေးရင် လေ့ကျင့်ခန်းလုပ်သလိုပဲ ကျန်းမာရေး အတွက် ကောင်းကျိုးတွေရရှိမှာပါ။ ဒါ့အပြင် စိတ်ဖိစီးမှုများနေတဲ့ သူတွေ၊ စိတ်ကျဝေဒနာခံစားနေရ တဲ့သူတွေအတွက်လည်း စိတ်အပန်းပြေပြီး ဝေဒနာတွေ သက်သာပြေပျောက်စေပါတယ်” ဟု ဦးဆောင် သုတေသီတစ်ဦးဖြစ်သူ Sven Hoekstra က ပြောကြားခဲ့သည်။

အဆိုပါသုတေသနကို အမေရိကန်နိုင်ငံ၊ ဇီဝကမ္မဗေဒဆိုင်ရာ အဖွဲ့အစည်းမှ ထုတ်ဝေသော ဆေးပညာဆိုင်ရာဂျာနယ် “Journal of Applied Physiology “တွင် ပုံနှိပ်ဖော်ပြထားကြောင်း သိရသည်။

ရဲခိုင် (ဆေး-၂)

Health Care