ပန်းသီးကို ထမင်းစားပြီးတိုင်း အချိုပွဲသီးနှံအနေနဲ့ မြန်မာ့ထမင်းဝိုင်းတွေမှာ နေရာယူလာတာ သိပ်မကြာသေးပါ ဘူး။ ပန်းသီးကို ထမင်းအစား စားသောက်နိုင်ပါတယ်။ အဆီချ၊ အဝလွန်လျှော့ချသူတွေအတွက် အဆင်ပြေပါ  တယ်။ ပန်းသီးစားရင် ကျန်းမာရေး အထောက်အကူပြုပါတယ်။ နိုင်ငံတကာဆေးပညာရှင်တို့အဆိုအရ အသီးအရွက်များများစားရင် ကျန်းမာရေး အထောက်အကူပြုတယ်လို့သိခဲ့တာ ကြာပြီဖြစ်တယ်။

ပန်းသီးမှာပါဝင်တဲ့ ဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေကို Phytochemical လို့ခေါ်တယ်။ သူ့မှာ (Phenolic) ဖီနိုလစ်ကွန်ပေါင်းဖြစ်တဲ့ ဖလေဗင်နွိုက် (Flavonoid) ဓာတ်တွေ ပါဝင်တယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant)တွေဖြစ်တဲ့ (Catechin, Phioridizin, Chlorogenic Acid) တွေဟာ အလွန်အစွမ်းထက် ပါတယ်။ သဘာဝဗီတာမင်စီနဲ့ အမျှင်ဓာတ် (Fiber) တွေကြွယ်ဝစွာပါဝင်တယ်။ ယင်းဆေးဖက်ဝင်ပစ္စည်းတွေ ဟာ ပန်းသီးအမျိုးအစားပေါ်မူတည်ပြီး ကွာခြားမှုတွေရှိကာ ပန်းသီးအမျိုးအစားကိုလိုက်ကာ အချို့ က သွေးကြောတွေကောင်းအောင်လုပ်ပေးတဲ့ (Quercetin) ပိုများကာ အချို့ ကင်ဆာရောဂါ ကာကွယ်ပေးတဲ့ ကင်ဆာဆဲလ်တွေ သတ်ပေးနိုင်တဲ့ (Cetechin)လို ဓာတ်ပစ္စည်းတွေ ပိုပါတယ်။ ပန်းသီးတစ်မျိုးတည်းမှာ ခူးဆွတ်ချိန်ပေါ်မူတည်ကာ အနု၊ အရင့်အလိုက် ကွာခြားမှုရှိတယ်။ ထိန်းသိမ်းစနစ်(Storage Condition) ကိုမူတည်ပြီး ကွာခြားမှုရှိပါတယ်။ ကမ္ဘာပေါ်မှာ ပန်းသီးမျိုးကွဲ(၇၅ဝဝ)အနက် ထင်ရှားတဲ့အမျိုး (၂ဝ)ရှိတယ်။ နေရာဒေသနဲ့ အရောင်အသွေး၊ အနံ့အရသာပေါ်မူတည်ပြီး ခွဲခြားထားတာဖြစ်တယ်။

မြန်မာနိုင်ငံမှာလဲ ချင်းတောင်ကပန်းသီး၊ ရှမ်းပြည်နယ်ကပန်းသီး ခွဲခြားသလို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံမှ ပန်းသီး၊ ပြင်သစ်ပန်းသီး၊ ဆွစ်ဇာလန်ပန်းသီးဆိုပြီး ခွဲခြားထားနိုင်တယ်။ အရောင်အသွေးကို မူတည်ပြီး အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ ပန်းရောင်၊ စပ်ကြားရောင် ခွဲထားတယ်။ အနံ့အရသာပေါ်မူတည်ပြီး ချဉ်တဲ့ပန်းသီး၊ ကျစ်လျစ်တဲ့ပန်းသီး၊ ခပ်ပွပွပန်းသီးဆိုပြီး ကွဲပြားတယ်။ ကျန်းမာရေးအတွက်ကောင်းတာက အနီရောင်ရင့်ရင့်၊ ခပ်ချဉ်ချဉ် ခပ်ကျစ်ကျစ် အရည်ရွှမ်းတဲ့ပန်းသီးမျိုးက အကောင်းဆုံးဖြစ်တယ်။ ဈေးကွက်မှာ ချဉ်တဲ့ပန်းသီးကို လူကြိုက်နည်းပြီး ချိုမှဈေးကောင်းရတယ်။ စပ်မျိုးတွေပေါ်လာကာ ပန်းသစ်တော်သီး၊ ပန်းသခွားသီး၊ ပန်းဆီးသီးတွေ နာမည်ကြီးလာတယ်။ စားလို့ကောင်းတယ်။ တာရှည်အစားခံအောင် (Hybrid)မျိုးက ရက်ပေါင်း (၂ဝဝ)လောက် မပုပ်မသိုးအောင် သိမ်းထားနိုင်ပါတယ်။ အော်ဂဲနစ်ပန်းသီးက ပိုပြီးဆေးဖက်ဝင်ပေမယ့် ရရှိဖို့တော့ နည်းပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ရေး၊ ကုသရေးမှာ သုံးနိုင်တယ်။ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ အသုံးဝင်တယ်။ အရောင်ကျစေတဲ့ သတ္တိရှိတယ်။ ပန်းနာရင်ကျပ်(Allergy) ဖြစ်မှု လျော့စေပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါမှာ ဘယ်လိုအကျိုးတွေရှိသလဲဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းက မကောင်းတဲ့ကိုလက်စထရော (LDL) ဓာတ်မတိုးရအောင် ကာကွယ်ပေးတယ်။ LDL ဓာတ်တိုး Oxidation ဖြစ်ရင် သွေးကြောတွေမာလာမယ်။ ထူလာတယ်။ သွေးကြောခက်မာခြင်းလို့ ဆိုနိုင်တယ်။ လေဖြတ်နိုင်တယ်။ ပန်းသီးကနှလုံးရုတ်တရက် အတိုက်အခိုက်ခံရခြင်း၊ ဦးနှောက်ရုတ်တရက် အတိုက်ခိုက်ခံရခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ သွေးဆုံးအမျိုးသမီး(Post menopausal woman) (၃၅ဝဝ)ကို (၂ဝဝ၁) ခုနှစ် လေ့လာချက်အရ ပန်းသီးမှာပါဝင်တဲ့ (Catechin) နဲ့ (Epicatechin) တို့ကြောင့် အချို့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးကြောပိတ်လို့ သေဆုံးရမှုတွေ လျော့နည်းစေတယ်ဆိုတယ်။ ပန်းသီးမှာပါတဲ့ (Catechin) ဟာ လက်ဖက်ခြောက်မှာပါတာထက် ပိုမိုကောင်းမွန်တယ်လို့ဆိုတယ်။ ပန်းသီးပုံမှန်စားရင် နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးကြောပိတ်ရောဂါနဲ့ လေဖြတ်ရောဂါတွေကနေ ကာကွယ်နိုင်ပါတယ်။

ပန်းသီးစားရင် ကင်ဆာရောဂါ ကာကွယ်နိုင်တယ်။ ဟင်းသီးဟင်းရွက်စားသုံးမှုနဲ့ ကင်ဆာရောဂါဖြစ်ပွားမှုက ပြောင်းပြန်အချိုးကျပါတယ်။ ဟင်းသီးဟင်းရွက်များများစားတဲ့သူက ကင်ဆာဖြစ်ပွားနှုန်းလျော့နည်းပြီး စားသုံးမှုနည်းတဲ့သူတွေက ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မားပါတယ်။ ဟင်းသီးဟင်းရွက်ထဲမှာ ကင်ဆာကာကွယ် တိုက်ဖျက်နိုင်တဲ့ ဓာတ်ပစ္စည်းက (Flavonoid) ဖြစ်တယ်။ (Flavonoid) ထဲက (Quercetin) က တစ်ခုအပါအ ဝင်ဖြစ်တယ်။ ပန်းသီး၊ ကြက်သွန်နီ၊ လက်ဖက်ရည်ကြမ်းတွေက Quercetin ရနိုင်တယ်။ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မျိုးဥကင်ဆာ (Ovarian Cancer) တွေကနေ ကာကွယ်နိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု လေ့လာချက်အရ ပန်းသီးတစ်နေ့တစ်လုံး မှန်မှန်စားသူတွေမှာ အဆုတ်ကင်ဆာ (Lung Cancer) ဖြစ်ပွားမှုနှုန်း များစွာလျော့တာတွေ့ရတယ်။ အမျိုးသား(၄၇ဝဝ) အမျိုးသမီး (၇၇ဝဝ) ပေါင်း (၁၂၄ဝဝဝ) မှာ လေ့လာတွေ့ရှိခဲ့တယ်။ ဟာဝိုင်ယီလေ့လာချက်အရ ပန်းသီးနဲ့ ကြက်သွန်နီ ပုံမှန်စားသုံးသူတွေ မှာ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေ (၄ဝ – ၅ဝ ရာခိုင်နှုန်း)ထိလျော့နည်းသွားတယ်။

ပန်းသီးမှာ အရောင်ကျစေတဲ့သတ္တိရှိတယ်။ လူ့ခန္ဓာကိုယ်မှာ ရောင်ယမ်းနေတဲ့ရောဂါတွေ ပန်းသီးစားရင် သက်သာတယ်။ အရောင်ကျစေတယ်။ အရေပြားရောင်တာ၊ အဆစ်အမြစ်ရောင်တာ၊ အသည်းရောင်တာတွေ မှာ (Calmodulin) ကိုဟန့်တားနိုင်လို့ အရောင်လျော့စေတယ်။ နာကျင်မှုသက်သာစေတဲ့ (Lukotriene) ထုတ်လုပ်မှု လျော့ကျစေတယ်။  ရောင်ယမ်းနာကျင်သူတွေ ပန်းသီးကို အရောင်ကျတဲ့အထိ တစ်နေ့တစ်လုံး၊ နှစ်လုံးစားသင့်တယ်။

ပန်းနာရင်ကျပ် (Asthma) နဲ့ (Allegry) ဖြစ်တဲ့သူတွေ ပန်းသီးစားတဲ့အခါရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေရှိတယ်။ ပန်းနာရင်ကျပ်ဖြစ်ခြင်းမှာ (Histamin)ခေါ် ဓာတ်ပစ္စည်းများကို သူနဲ့အုပ်စုတူတဲ့ ဓာတ်ပစ္စည်းတွေက (Mast Cell) နဲ့ (Basophil) ခေါ် ဆဲလ်တွေကနေ ထုတ်လွှတ်နေလို့ဖြစ်တယ်။ လေပြွန်မှာရှိတဲ့သွေးကြောတွေ ဖောင်းလာရင် လေပြွန်ကျဉ်းလာပြီး ပိုဆိုးလာရင် ကြွက်သားတွေ ကျုံ့ သွားကာ ပန်းနာရင်ကျပ်ဖြစ်ပြီး ပျို့ တာ၊ အန်တာ၊ ဓာတ်မတည့်တာတွေဖြစ်မယ်။

ဆီးချိုရောဂါရှိသူတွေ ပန်းသီးအသင့်အတင့်ပမာဏ စားနိုင်ပါတယ်။ အင်ဇိုင်းတွေကို ဟန့်တားချေဖျက်နိုင် တယ်။ သွေးထဲမှာရှိတဲ့ အချို (Glucose) ကနေ (Sorbitol) ခေါ် ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်စေတဲ့ ဓာတ်ပစ္စည်းကို ပြောင်းပေးတယ်။ မျက်စိမှုန်တာ၊ ခြေလက်ထုံကျဉ်တာ ကာကွယ်နိုင်တယ်။ ဆီးချိုတက်နေရင် တော့ ပန်းသီးခဏရှောင်သင့်တယ်။ သက်သာမှသာ ဖြည်းဖြည်းချင်း ချင့်ချိန်စားသုံးသင့်ပါတယ်။ ချိုတဲ့ပန်းသီး အစား ချဉ်တဲ့ပန်းသီးစားပေးသင့်တယ်။ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး စားသင့်တယ်။ ပန်းသီးရဲ့ ကောင်းကျိုး အပြင် ဆိုးကျိုးလည်းရှိပါတယ်။ ပန်းသီးရဲ့ အစေ့ကို မစားသုံးသင့်ဘူး။ သူ့မှာ (Cyanogenic Glycoside) ကြွယ်ဝစွာပါဝင်လို့ အဆိပ်သင့်နိုင်တယ်။ အော်ဂဲနစ်ပန်းသီးက ဆေးဖက်ဝင်တယ်။ ပန်းသီးကနေ ပြင်ပရောဂါတွေကို ချေမှုန်းဖို့ ပဋိပစ္စည်းတွေ ပိုမိုထုတ်ပေးနိုင်တယ်။ ဗီတာမင် သက်စောင့်ဓာတ်၊ သတ္တုဓာတ်၊ ရေဓာတ် ပေါကြွယ်စွာပါဝင်တဲ့အတွက် ရောဂါကြိုတင်ကာကွယ်ရေးအတွက် နေ့စဉ်ပန်းသီးနှစ်လုံး စားပေးသင့်ပါ တယ်။

ဒေါက်တာလွင်သန့်

Health Care