လူ့ကိုယ်ခန္ဓာရဲ့ အရေပြား တစ်ခုလုံးဟာ ဘယ်နေရာမဆို ထိခိုက်မိရင် နာကျင်တတ်တာဖြစ်ပါတယ်။ အဲဒီထဲမှာ အသားနုတွေလဲ ပါပါတယ်။ ဒီဆောင်းပါးမှာ ပြောပြချင်တဲ့ ကျားမအင်္ဂါနာကျင်ခြင်း တွေကတော့ ထိခိုက်မိလို့မဟုတ်ဘဲဖြစ်တဲ့ ခံစားရတဲ့နာကျင်ခြင်း တွေဖြစ်ပါတယ်။ ဖြစ်တဲ့နေရာက အရေပြားရဲ့နေရာကွက်ပြီး ပုံမှန် မဟုတ်တဲ့ခံစားသိမှုကြောင့်ဖြစ်တဲ့ နာကျင်ခြင်းမျိုးဖြစ်ပါတယ်။ ကျား မအင်္ဂါ နာကျင်တယ်ဆိုတဲ့နေရာမှာ အင်္ဂါတစ်ခုလုံး နာကျင်တာမျိုးဖြစ်နိုင်သလို နေရာကွက်ပြီး နာကျင်တာမျိုးလည်း တွေ့ရနိုင်တာပါ။

အမျိုးသားအင်္ဂါနာကျင်တာကို လိင်တံနာကျင်တာနဲ့ ကပ်ပယ် အိတ်နာကျင်တာလို့ ခွဲခြားနိုင်သလို အမျိုးသမီးအင်္ဂါ နာကျင်တာကို အဝမှာနာကျင်တာနဲ့ အင်္ဂါတစ်ခုလုံးနာကျင်တာ၊ တခြားနေရာတွေ မှာကွက်ပြီး နာကျင်တာ စသဖြင့်ခွဲခြားနိုင်ပါတယ်။ အဲဒီလိုနေရာအလိုက် နာကျင်မှုတွေကို ခွဲခြားပြီး ပြောနိုင်ပေမယ့် အကြမ်းအားဖြင့်တော့ အမျိုးသားအင်္ဂါနာကျင်မှုတွေ နဲ့ အမျိုးသမီးအင်္ဂါနာကျင်မှုတွေ မှာ တူညီတဲ့လက္ခဏာအများအပြားရှိနေတာဖြစ်ပါတယ်။ တချို့ သောလူနာတွေကတော့ ဒီနာကျင်မှုတွေဟာ လိင်မှုဆိုင်ရာထိတွေ့ ကိုင်တွယ်မှု ဒါမှမဟုတ် ရိုးရိုးထိ တွေ့ကိုင်တွယ်မှုတွေကြောင့် အစပြုတယ်လို့ အဲဒီအချိန်မှာ ပိုသိသာတယ် စသဖြင့် ပြောကြတာမျိုး ရှိပါတယ်။ အမျိုးသား၊ အမျိုးသမီး အင်္ဂါနာကျင်မှုတွေမှာ တူညီတဲ့ အချက်တွေကတော့ သိသာတဲ့ အကြောင်းရင်းခံမရှိဘဲ နာကျင်မှုဟာ သူ့ဟာသူဖြစ်လာတာ၊ များသော အားဖြင့် ရေရှည်ခံစားနေရတာ၊ သောက်နေကျ အကိုက်အခဲပျောက် ဆေးတွေ သောက်ပေမယ့် နာကျင် မှုမသက်သာတာ စတာတွေဖြစ်ပါတယ်။

ကျား၊ မအင်္ဂါနာကျင်မှုဟာ တခြားသော စိတ်နဲ့ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အတူတွဲပြီး တွေ့ရတာများတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုနာကျင်မှုတွေဟာ စိတ်ရောဂါတစ်ခုခု ကြောင့် ဖြစ်လာတယ်လို့တော့ မယူဆကြပါဘူး။ အမျိုးသား၊ အမျိုး သမီးအင်္ဂါနာကျင်မှုဟာ အမျိုးသမီး တွေမှာ ပိုအဖြစ်များပြီး ၈ ရာခိုင်နှုန်းလောက်သော အမျိုးသမီးတွေဟာ ဒီအခြေအနေကို ခံစားရတတ်တယ်လို့ ဆိုပါတယ်။ အမျိုးသား တွေမှာတော့ ၂ ရာခိုင်နှုန်းလောက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီလို ကွာခြားရခြင်းဟာ အမျိုးသားတွေအနေနဲ့ ဒီအခြေအနေဖြစ်ရင် ဆေးရုံဆေးခန်းလာရောက်ပြသမှု နည်းပါးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေဟာ အသက်အရွယ်အားဖြင့် အရွယ်ရောက်ပြီးတဲ့ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင် တွေ့ရနိုင်ပါတယ်။ အတွေ့ ရများတဲ့ အသက်အရွယ်ဆိုရင်တော့ အသက် ၃ဝ ကျော် ၄ဝ ပိုင်း အရွယ်ရောက်ပြီးတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒီကျားမ အင်္ဂါနာကျင်မှုဟာ လူမျိုးမရွေး ဖြစ်ပွားနိုင်ပြီး လူမျိုးတိုင်းမှာ ဖြစ်ပွားတယ်လို့ဆိုပါတယ်။

အမျိုးသား၊ အမျိုးသမီးအင်္ဂါ နာကျင်မှုဟာ အထက်မှာပြောခဲ့သလိုပဲ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေနဲ့ အတူတွဲပြီး တွေ့ရတတ်ပါတယ်။ စိတ်ပူပန်လွန်းတာနဲ့ စိတ်ကျတာတွေဟာ အတွေ့ရများတဲ့ စိတ်ပုံမှန်မဟုတ်တဲ့ အခြေအနေတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီစိတ်ပူပန်လွန်းမှုတို့ စိတ်ကျရောဂါတို့ကြောင့် ကျားမအင်္ဂါနာကျင်မှုတွေ ဖြစ်လာတယ်လို့ မယူဆကြပါဘူး။ လိင်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တာ (ဥပမာ အမျိုးသမီးတွေမှာ လိင်ဆက်ဆံရင် နာကျင်တာ၊ အမျိုးသားတွေမှာ ထောင်မတ်မှုအားနည်းတာ၊ သုက် လွှတ်ပြဿနာတွေ စတာ)တွေနဲ့ လည်း အတူတွဲပြီးတွေ့ရနိုင်ပါတယ်။ အူမကြီးပုံမှန်မဟုတ်တဲ့ ပြဿနာ၊ နာတာရှည် မောပန်းနွမ်းနယ်မှု၊ အရွတ်နဲ့ ကြွက်သားနာကျင်မှု စတဲ့အခြေအနေတွေဟာလည်း  ဒီ ကျားမအင်္ဂါနာကျင်မှုနဲ့ အတူတွဲပြီး တွေ့ရတတ်တဲ့ အခြေအနေတွေဖြစ်ပါတယ်။

အမျိုးသားအမျိုးသမီးအင်္ဂါ နာကျင်ခြင်းရဲ့ ဖြစ်စေတဲ့အကြောင်းရင်းကို တိတိကျကျ မသိကြသေးသလိုပဲ ဖြစ်တဲ့ဖြစ်စဉ် အသေးစိတ်ကိုလည်း သေသေချာချာ မသိကြသေးပါဘူး။ ကိုယ်ခန္ဓာရဲ့ ဗဟိုအာ ရုံကြောအဖွဲ့အစည်းနဲ့ ပြန့်ထွက် အာရုံကြောအဖွဲ့တစ်ခုခု ပုံမှန်မဟုတ်မှု ဒါမှမဟုတ် နှစ်ခုလုံးရဲ့ ပုံ မှန်မဟုတ်မှုလို့ပဲ ယူဆထားကြပါတယ်။ ဒီနေရာမှာ အထူးအားဖြင့်တော့ ဒီအင်္ဂါတွေကို ဆက်နွယ်နေတဲ့ အာရုံကြောအဖွဲ့တွေရဲ့ ဦးနှောက်ဆီက အာရုံခံဗဟိုတို့ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဒီအ မျိုးသား အမျိုးသမီးအင်္ဂါနာကျင်မှုတွေဟာ ပိုးဝင်မှုနဲ့ ဟော်မုန်းနဲ့ သက်ဆိုင်တဲ့ရောဂါတွေကြောင့်ဖြစ် တယ်လို့ ယူဆခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီပိုးဝင်မှု ဟော်မုန်းရောဂါ စတာတွေရဲ့ ပတ် သက်ဆက်နွယ်မှုကိုဆက်ပြီး သုတေသနပြုလုပ်ကြတဲ့အခါမှာ တိကျတဲ့ဆက်သွယ်မှုကို ရှာဖွေမတွေ့ ရှိခဲ့ကြပါဘူး။ အဲဒါကြောင့် နောက်ပိုင်းမှာ ပိုးဝင်မှု၊ ဟော်မုန်းပြောင်းလဲမှုရောဂါ စတာတွေကြောင့် ကျားမအင်္ဂါနာကျင်မှု ဖြစ်လာရတယ်ဆိုတာကို သိပ်ပြီးလက်မခံကြတော့တာ ဖြစ်ပါတယ်။

ကျားမအင်္ဂါနာကျင်မှု ဖြစ်ပွားတဲ့အခါမှာ ဒီနာကျင်မှုကို အတော်လေးကို ပြင်းထန်နိုင်တဲ့ နာကျင်မှုမျိုးဖြစ်ပါတယ်။ နာတာရှည်(များသောအားဖြင့် လနဲ့ချီပြီး ကုသကြတယ်)ဖြစ်နေတတ်တဲ့ နာကျင်မှု အခြေအနေလည်း ဖြစ်ပါတယ်။ ပူစပ်ပူလောင်ဖြစ်တာ၊ ဓားနဲ့ထိုးသလို နာကျင်မှုခံစားရတာ၊ အသားနု လန်နေသလိုမျိုး ခံစားရတာ၊ ယားယံတာစသဖြင့် တစ်ဦးနဲ့တစ်ဦး ခံစားရပုံခြင်းကွာခြားနိုင်ပါတယ်။ ဒီလိုခံစားနေရတာဟာ အင်္ဂါတစ် ခုလုံးမှာဖြစ်နေတာမျိုး ဖြစ်နိုင်သလို၊ အစိတ်အပိုင်းတစ်ခုခုမှာ ကွက်ပြီး ခံစားနေရတာမျိုးလည်း တွေ့ရ တတ်ပါတယ်။ ဒီအခြေအနေမှာ ဖြစ်နေတဲ့ခံစားမှုဟာ တစ်ချိန်လုံး တောက်လျှောက် ခံစားနေရတာ မျိုးဖြစ်နိုင်ပါတယ်။ တစ်ခုခုနဲ့ထိတွေ့မှု (ဥပမာ လိင်မှုဆိုင်ရာ ထိတွေ့မှု) ခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအမျိုးသားအမျိုး သမီးအင်္ဂါနာကျင်မှုဟာ တချို့သူ တွေအတွက် ဆရာဝန်ပြဖို့ တွန့်ဆုတ်တွေဝေနေစေတဲ့ အခြေအနေ တစ်ခုလည်းဖြစ်ပါတယ်။ တချို့သူ တွေမှာ ဆရာဝန်ပြမယ်ဆိုရင် ဆရာဝန်အနေနဲ့ ဘယ်လိုထင်မလဲ တခြားသူတွေ သိသွားနိုင်သလား သိသွားမယ်ဆိုရင်စသဖြင့် ရှက်ရွံ့စိတ်တွေဖြစ်ပေါ်စေပြီး မိမိဘာသာ ပျောက်နိုးနိုးနဲ့နေနေတာ၊ ကြားဖူးနားဝနဲ့ ကြိတ်ပြီးကုသဖို့ ကြိုးစားနေတာ စတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အမျိုးသားအမျိုးသမီးအင်္ဂါ နာကျင်မှုဟာ ကြည့်ရှုစစ်ဆေးတဲ့ အခါမှာတော့ သိသာထင်ရှားတဲ့ လက္ခဏာ တွေ့ချင်မှတွေ့ရမှာ ဖြစ်ပါတယ်။ နာကျင်နေတယ်လို့ ပြောတဲ့နေရာမှာဖြစ်စေ၊ အင်္ဂါတစ်ခုလုံး နာကျင်နေတယ်လို့ ပြောတဲ့သူတွေမှာဖြစ်စေ ကြည့်ရှုစစ်ဆေးမယ်ဆိုရင် အနည်းငယ်ပိုနီနေတာမျိုး လောက်တွေ့ရတာမျိုးဖြစ်နိုင်သလို ဘာမှမထူးခြားတဲ့ အရေပြားနဲ့ အသားနုတွေကိုပဲ တွေ့ရတာမျိုး လည်းဖြစ်နိုင်တာပါ။ အဲဒီအတွက် အရေပြား ဒါမှမဟုတ် အသားနု မှာ ဘာမှ ထူးထူးခြားခြားမတွေ့ရ လို့ နာကျင်မှုခံစားနေရတာကို မဖြစ်နိုင်ဘူးလို့ မပြောနိုင်သလို ပုံမှန်ထက် နည်းနည်းလောက် ပိုပြီး နီနေတာတွေ့ရင်လည်း အများကြီးဆိုပြီး ရောဂါပြင်းထန်နေတယ်လို့ မယူဆသင့်ပါဘူး။ နာကျင်မှုကို တို့ထိပြီး စမ်းသပ်ကြည့်မယ်ဆိုရင်တော့ အမျိုးသမီးတွေမှာ အဲဒီလိုတို့ထိပြီး နာကျင်မှုစမ်းတာကို ပိုခံ စားသိရှိတာကို တွေ့ရပါတယ်။ အမျိုးသား အမျိုးသမီးအင်္ဂါနာကျင်မှုကို ရောဂါအမည်တပ်နိုင်ဖို့အတွက် အခုပြောခဲ့သလိုပဲ သိသာထင်ရှားတဲ့ မျက်မြင်တွေ့နိုင်တဲ့ လက္ခဏာ သိပ်မရှိလှပါဘူး။ အဲ့ဒါကြောင့် ရောဂါအမည်တပ်ဖို့အတွက် တခြားသောဖြစ်နိုင်ခြေရှိတဲ့ မှားနိုင်ခြေရှိတဲ့ ရောဂါတွေမဟုတ်ကြောင်း သေချာကြည့်ရှုစစ်ဆေး စမ်းသပ်ရမှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ တခြားသော လိင်အင်္ဂါမှာဖြစ်တတ်တဲ့ ရောဂါတွေဟာ ကြည့်ရှုစစ်ဆေးရင် သူ့လက္ခဏ နဲ့သူ တွေ့ရှိရမှာဖြစ်ပါတယ်။

အမျိုးသားအမျိုးသမီးအင်္ဂါ နာကျင်မှုမှာ စိတ်ပိုင်းဆိုင်ရာဖိစီး မှုတွေ၊ လူမှုရေးဆိုင်ရာဖိစီးမှုတွေ အပြင် အိမ်ထောင်မှုလိင်ကိစ္စမှာ ပါ အခက်အခဲနဲ့ ရင်ဆိုင်ရမှုတွေ  ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ဒီအ ခြေအနေနဲ့ ရင်ဆိုင်ခံစားနေရတဲ့သူ တွေကို ကုသမှုပေးတဲ့အခါမှာ သူ တို့ရဲ့အတူတွဲပြီး ဖြစ်နေနိုင်တဲ့ စိတ်၊ လူမှုဘဝအခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားပေးပြီး အတတ်နိုင်ဆုံး အမြန်ဆုံးသက်သာအောင် ပျောက်ကင်းအောင် ကုသမှုပေးကြရမှာဖြစ်ပါတယ်။ ဒီအမျိုးသား အမျိုးသမီးအင်္ဂါနာကျင်မှုဟာ မကုသဘဲထားမယ်ဆိုရင်တော့ နာတာရှည်ဖြစ်ပြီး သူ့ဟာသူ သက်သာပျောက်ကင်းဖို့ ခက်ခဲမှာဖြစ်ပါတယ်။ ကုသမယ်ဆိုရင်တော့ အချိန်အတိုင်းအတာတစ်ခုအထိ ကြာကောင်းကြာမှာဖြစ်ပေမယ့် ပျောက်ကင်းနိုင် သက်သာနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် ရှက်ရွံ့ပြီး ကုသမှုမခံယူဘဲ၊ ကြိတ်ခံမနေဘဲ သင့်တော်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသကုသနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

အမျိုးသားအမျိုးသမီးအင်္ဂါ နာကျင်မှုကို ကုသတဲ့နေရာမှာ အခြေအနေတူ ရောဂါတူခံစားနေရတဲ့သူအချင်းချင်း ဆွေးနွေးပြောဆိုမှုတွေဟာလည်း အကျိုးရှိနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။ မိမိလိုပဲ အခြေအနေတူတဲ့သူတွေနဲ့ ပြောဆို ဆွေးနွေးခြင်းအားဖြင့် စိတ်ဖိအားတွေကို လျှော့ချနိုင်သလို အ တွေ့အကြုံဖလှယ်ကြခြင်းအားဖြင့် ဒီလိုအခြေအနေကို ဘယ်လိုကျော်လွှားကြမလဲဆိုတဲ့ ပိုမိုကောင်းမွန်တဲ့ အတွေးအကြံတွေ ထွက်ပေါ် နိုင်မှာဖြစ်ပါတယ်။ ဒီကျားမအင်္ဂါ နာကျင်မှုကို ကုသတဲ့နေရာမှာ အရေပြားထုံဆေး လိမ်းဆေးတွေကို အသုံးပြု ကုသကြည့်နိုင်ပါတယ်။ သောက်ဆေးတွေအနေနဲ့ကတော့ စိတ်ကျမှုကို တားဆီးပေးနိုင်တဲ့ ဆေးတွေ၊ အာရုံကြောကြောင့်ဖြစ်တဲ့ နာကျင်မှုကို တားဆီးပေးနိုင်တဲ့ဆေးတွေ၊ တချို့သော အတက် ရောဂါကုသမှုမှာအသုံးပြုတဲ့ဆေး တွေ၊ စိတ်ခံစားမှုကို သက်သာစေ တဲ့ဆေးတွေ စတဲ့ဆေးတွေကို အ သုံးပြုကုသနိုင်မှာဖြစ်ပါတယ်။ ဒီ ကျားမအင်္ဂါနာကျင်မှုဟာ ခံစားနေ ရတဲ့သူတွေအဖို့ ကုသမှုခံယူဖို့ တွန့်ဆုတ်နေတတ်တဲ့ စိတ်ဖိစီးမှုများစေတဲ့ အခြေအနေတစ်ခုဖြစ် ပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ ကုသမှုနဲ့ မပျောက်ကင်းရင်တောင် သက်သာအောင်ပြုလုပ်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်တဲ့အတွက် အဲဒီအကြောင်း သိရှိကြပြီး ဖြစ်လာခဲ့ရင်လည်း မကြောက်ရွံ့ဘဲ သင့်တော်သလို ရင်ဆိုင်နိုင်ပြီး ကုသမှု ခံယူကာ ပျောက်ကင်းသက်သာနိုင် ကြစေဖို့ ရည်ရွယ်ပါတယ်။

ဒေါက်တာကေ (အရေပြား)

Health Care