ကျောက်ကပ်ဆေးခြင်း အနုပညာ (၂) မှအဆက်

ဆာကူရာဆေးရုံမှာ တစ်ပတ်ကျော်တက်ပြီး ကျောက်ကပ်ကို ဖိထားတဲ့ရေအိတ်တွေကို ဖောက်ထုတ်ဖို့ ညွှန်ကြားခဲ့တာက ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း အထူးကုဆရာဝန်ကြီးတစ်ဦးပါ။ လူတစ်ယောက်ရဲ့အသက်ဟာ မသေချင်ဘူးဆိုရင် ဘယ်လိုပဲရောဂါဘေးနဲ့တွေ့တွေ့ သေမင်းကလက်မခံဘူးဆိုတာ တကယ်ကိုမှန်ပါတယ်။ ဖြစ်ချင်တော့ ဆေးရုံကဆင်း၊ အိမ်ပြန်ရောက်ပြီး (၃)ရက်လောက်ကြာတဲ့အထိ ဇနီးသည်ရဲ့ကျန်းမာရေးက အပေါင်းလက္ခဏာ ပြမလာပါဘူး။ ဒါနဲ့ပဲ ရေအိတ်တွေဖောက်ထုတ်ပေးခဲ့တဲ့ ဆရာဝန်ကြီးနဲ့ပြန်ပြဖို့လုပ်တော့ အဲ့ဒီ ဆရာဝန်ကြီးက နိုင်ငံခြားကိုခရီးသွားနေတယ်တဲ့၊ ဘယ်လောက်ကြမှာတုန်းဆိုတော့ တစ်လလောက်ကြာမှာတဲ့၊ ဖြစ်ပုံများပြောပါတယ်။ ဒီနေရာမှာ တစ်ချို့သော သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီး တစ်ချို့နဲ့တစ်ချို့သော အထူးကုဆေးရုံတွေရဲ့ အားနည်းချက်ကလည်း လူနာနဲ့ လူနာရှင်တွေအတွက် တော်တော်လေးထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်ဆိုတာကို ဇနီးသည် နာမကျန်းဖြစ်နေခဲ့စဉ် ကာလတစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး ရဲရဲဝံ့ဝံ့ ကောက်ချက်ချလိုပါတယ်။

ဒီလိုအဖြစ်အပျက်မျိုးတွေဟာ လက်ရှိအချိန်အထိလည်း စာရေးသူတို့ရဲ့ ကျန်းမာရေးကဏ္ဍမှာ ရှိနေဆဲပဲ ဖြစ်ပါ တယ်။ ဥပမာ၊ အထက်က ဆရာဝန်ကြီးဆိုပါတော့၊ ကျောက်ကပ်ရောဂါစဖြစ်ကတည်းက သူနဲ့ပဲပြလာခဲ့တာ နောက်ဆုံး ကျောက်ကပ်ပျက်ပြီး ဆေးရတော့မယ့် အဆင့်ရောက်တဲ့အထိပါပဲ။ ပထမတစ်ကြိမ် ကျောက်ကပ်မှာ ကျောက်ရှိလို့ ထုတ်ရမယ်ဆိုတုန်းက (၄)သိန်းလောက်ပဲ ကုန်မယ်ဆိုပေမယ့် စာရင်းချုပ်လိုက်ရင် (၈)သိန်းကျော် (၉)သိန်းနီးပါးကုန်ခဲ့ပါတယ်။ တစ်ခါ နောက်ထပ်ဆေးရုံတစ်ခုမှာတက်ပြီး ရေအိတ်တွေဖောက်တော့လည်း တစ်လ လောက်သာ ကြာသွားခဲ့တယ်၊ ဘယ်အချိန်မှာ ဆင်းရမယ်၊ ဘာတွေဆက်လုပ်ရမယ်ဆိုတာ ဘာမျှ ထပ်ညွှန်ကြား ခြင်းမရှိဘဲ နိုင်ငံခြားကို ထွက်သွားခဲ့တာပါ။ တကယ်ဆို လူနာရဲ့အခြေအနေကတော့ ဒီလိုအကြောင်းတွေရှိတယ်၊ ကျောက်ကပ်ကပျက်သွားပြီ အစရှိသဖြင့် သေချာရှင်းပြတာမျိုး လုပ်ခဲ့ဖို့သင့်တယ်လို့ စာရေးသူကတော့ ယူဆမိ တာပါပဲ။ သို့သော်လည်းပဲ သူနိုင်ငံခြား ထွက်သွားတာကိုတောင် လူနာနဲ့လူနာရှင်တွေမှာ မသိလိုက်ရဘဲ ဆေးရုံက ဆင်းချင်ဆင်းလို့ရတယ်ပြောတော့မှ ဘာလုပ်ရမှန်းမသိဘဲ ဆင်းလာ၊ အိမ်ရောက်လို့ မသက်သာတော့မှ နောက်ဆရာဝန်တစ်ယောက် ပြောင်းပြ၊ အဲ့ဒီဆရာဝန်က ရိုးသားဖြူစင်စွာနဲ့ သူမနိုင်ဘူး၊ သူ့ထက်တတ်ကျွမ်းတဲ့ ဆရာကြီး ဦးခင်မောင်မောင်သန်းဆီသွားပါဆိုတာနဲ့ အာရှတော်ဝင်က ဆရာဝန်ကြီး ဦးခင်မောင်မောင်သန်းဆီ ညတွင်းချင်းရောက်ခဲ့လို့ ဇနီးသည်မှာ အသက်ဆက်ခွင့်ရခဲ့တာပါ။ အဲ့ဒီလို မဟုတ်ဘဲ ပထမဆုံးပြခဲ့တဲ့ ဆရာဝန်ကြီးပြန်အလာကိုသာမျှော်နေရင် ဇနီးသည်လည်း အခုလောက်ဆို အရိုးဆွေးနေလောက်ပါပြီ။

ဒီလိုနဲ့ အာရှတော်ဝင်ဆေးရုံမှာ တစ်ပတ်လောက် ကုသမှုခံယူ၊ သွေးကလည်း (၆)ပုလင်းလောက် သွင်းပြီးသွားပြီ ဆိုတော့ လူနာလည်း နည်းနည်း ထူထူထောင်ထောင် ဖြစ်လာတာနဲ့ ဆရာကြီးက ရန်ကင်းနဲ့နီးတဲ့ ရွှေဂုံတိုင် ဆေးရုံမှာပဲ လာပြဖို့ ညွှန်ပါတယ်။ ရွှေဂုံတိုင်ဆေးရုံမှာ ပထမဆုံးအကြိမ်ပြတဲ့နေ့မှာပဲ ဆရာကြီး ဆေးရုံတက်ဖို့ ညွှန်ကြား၊ ဆေးရုံပေါ်ရောက်တာနဲ့ ကျောက်ကပ်(၂)လုံးစလုံးက အလုပ်မလုပ်တော့ဘူး။ ဆေးရတော့မယ်ဆိုပြီး အသိပေးလာခဲ့တာ ဖြစ်ပါတယ်။ မှတ်မှတ်ရရ သင်္ကြန်အပြီး မေလဆန်းပိုင်းလောက်မှာ ရွှေဂုံတိုင် အထူးကု ဆေးခန်းရဲ့ ပထမထပ်မှာရှိတဲ့ ကျောက်ကပ်သွေးသန့်စင်ဌာနမှာ ပထမဆုံးအကြိမ် ကျောက်ကပ် စဆေးဖြစ်ခဲ့ပါတော့တယ်။ စဆေးဆေးချင်းတုန်းက တစ်ရက်ခြားတစ်ခါ၊ တစ်ပတ်ကို (၃)ကြိမ် ဆေးခဲ့ရတာဖြစ်ပြီး တစ်လလောက် အဲ့လို ခပ်စိပ်စိပ်ဆေးပြီး သွေးထဲမှာရှိတဲ့ ဆီးအဆိပ်ကျလာတော့မှ နောက်ပိုင်း တစ်ပတ်ကို နှစ်ကြိမ် ပြောင်းဆေးခဲ့ရတာပါ။ တကယ်တော့ ကျောက်ကပ်ဆေးရတော့မယ်လို့ ဆရာဝန် တစ်ယောက်ယောက် ရဲ့ အသိပေးခံလိုက်ရတာဟာ မင်းမှာရှိတဲ့ စည်းစိမ်တွေတော့ကုန်တော့မယ်လို့ အမိန့်ချမှတ်ခံလိုက်ရတာနဲ့ ဘာမျှ မခြားပါဘူး။ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် အချိန်တွေကြာလာတာနဲ့အမျှ လူနာဘက်မှာလည်း ခံစားရတဲ့ ဝေဒနာတွေက တစ်နေ့တစ်ခြားတိုးလာသလို လူနာရှင်တွေဘက်မှာလည်း စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခံရ မှုတွေ၊ စိတ်ထိခိုက်ကြေကွဲရမှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှု အစရှိတာတွေဟာ စာဖွဲ့လို့မကုန် နိုင်အောင် ခံစားရလေ့ရှိတာပါ။ သို့သော်လည်းပဲ လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်နိုင်မှုနဲ့ သက်ဆိုင်နေတဲ့ကိစ္စ တစ်ခုဖြစ်တာကြောင့် မဆေးတော့နဲ့ လူနာကို သေချင်လည်း သေပါစေတော့ ဆိုတာမျိုး ဆုံးဖြတ်လို့မရသလို တစ်ဖက်မှာလည်း ငွေကြေးရှာဖွေရတဲ့ ဒုက္ခက ရှိနေပြန်တော့ တော်တော်ကို ဝေခွဲဆုံးဖြတ်ရခက်တဲ့ ရောဂါဆိုး တစ်ခုလို့ပဲ စာရေးသူကတော့  ကင်ပွန်းတပ်ချင်ပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်

ဦးမျိုးကြီး

Health Care