ကျောက်ကပ်ဆေးခြင်း အနုပညာ(၅)မှ အဆက်

အချိန်ကြာလာတာနဲ့အမျှ လူနာတွေဖက်မှာ ကျောက်ကပ်ဆေးရတဲ့ဒုက္ခကို ကြောက်ရွံ့လာလို့ မဆေးဘဲ နေနိုင်လား ဆိုတော့လည်း လူနာတစ်ထောင်မှာ (၉၉၉) ယောက်လောက်က မဆေးဘဲ မနေနိုင်ကြပါဘူး။ ဒီနေရာမှာ တစ်ချို့ လူနာတွေကတော့ ပြတ်ပါတယ်။ ကျောက်ကပ်ဆေးရတော့မယ်ဆိုတာ စပြီးသိလိုက်ကတည်းက လုံးဝမဆေးတော့ဘဲ အသေခံသွားကြတာပါပဲ။

အမှန်အတိုင်းဝန်ခံရရင် ဇနီးသည် ကျောက်ကပ်ဆေးနေရချိန်မှာ ခင်မင်ရင်းနှီးစွဲရှိသူ (၄)(၅) ဆယ်ဦးလောက် စာရေးသူဆီ အကြံဉာဏ်လာတောင်းဖူးပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ သူတို့နဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေ၊ နောက် ဆွေမျိုးတွေထဲက တစ်ချို့တွေကို ဆရာဝန်က ကျောက်ကပ်ဆေးရတော့မယ်လို့ အသိပေးလာတာကြောင့် ဆေးသင့်၊ မဆေးသင့် တကယ်လို့ ဆေးရင် ဘယ်လို တွေလုပ်ရပြီး  ဘယ်လောက်တွေ ကုန်ကျသလဲဆိုတာ အကြံဉာဏ် လာတောင်း ကြတာပါ။ စာရေးသူကလည်း ရှင်းပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ကတော့ မဆေးစေချင်ဘူးလို့ပဲ။ သူတို့ မေးလာသမျှကို ပြန်ကြားလေ့ရှိပါတယ်။ ဒီလိုပြောလိုက်လို့ တစ်ချို့က စာရေးသူကို လူ့အသက်တစ်ချောင်းနဲ့ ပတ်သက်တာ တောင် ဒီလူ တော်တော်ရက်စက်တာပဲလို့ ထင်ကြပါလိမ့်မယ်။ ဒီလို ထင်မြင်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း စာရေးသူဖက်ကတော့ သံသယရှင်းပါတယ်။ သေချင်သေပါစေဆိုတဲ့ သဘောဆန္ဒမျိုး လုံးဝကိုမရှိခဲ့ဘူးဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်လုံပါတယ်။ ကျောက်ကပ်ဆေးနေရတဲ့လူနာ၊ နောက် လူနာရှင်တွေဖက်မှာ ဘယ်လောက်အထိ ကြီးမားတဲ့ စိတ်သောကတွေ၊ ငွေကုန်ကြေးကျများမှုတွေ၊ လူနာတွေဖက်ကို ကြည့်ပြန်တော့ ငွေနဲ့ရင်းပြီးသာ အသက်ကိုဆက်နေရ ပေမယ့် နေဝင်ကမိုးချုပ် တစ်ပတ်ကို (၄) ရက်လောက် ဝေဒနာကို လူးလိမ့်နေအောင် ခံစားနေရတာတွေကို အပတ်စဉ် မြင်တွေ့နေရတာကြောင့်လည်း တခြားသောသူတွေကို အဲ့လိုဒုက္ခတွေ မကြုံတွေ့လိုတဲ့အတွက် အထက်ကလို အကြံဉာဏ် ပေးရခြင်းပဲဖြစ်ပါတယ်။

ကျောက်ကပ်ဆေးရတဲ့လူနာတွေအတွက် ပထမဆုံးရင်ဆိုင်ရတဲ့ ဝေဒနာကတော့ စဆေးဆေးခြင်းမှာ စက်ဒဏ်ကို မခံနိုင် တာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးတွေကို စက်ထဲထည့်၊ စက်ထဲမှာ အချိန်(၄)နာရီလောက် မရပ်မနား အဲ့ဒီသွေး တွေကို လှည့်နေတာ ဆိုလေတော့ တစ်ချို့ နားလည်တတ်ကျွမ်းသူတွေ ပြောစကားအရဆိုရင် လူနာကသာ အိပ်ရာပေါ် အိပ်နေပေမယ့် နှလုံးကတော့ ပြေးနေသလို တစ်ချိန်လုံး အလုပ်လုပ်နေရတာတဲ့။ ဒါကြောင့်လည်းပဲ စဆေးဆေးခြင်းမှာ မောတာတွေ၊ ရင်တုန်တာတွေ၊ ခေါင်းချာချာလည်အောင်မူးပြီး မူးဝေအော့အံတာတွေကို ခံစားကြရတာဖြစ်မယ်လို့ စာရေးသူသိသမျှ ဆေးပညာလေးနဲ့ ကောက်ချက်ချမိပါတယ်။ ဒါတောင် ဇနီးသည်က ကျောက်ကပ်စဆေးရချိန်မှာ သူ့အသက်က (၄၂)နှစ်ပဲရှိသေးလို့ပါ။ တခြား အသက်အရွယ်ကြီးရင့်တဲ့သူတွေဆိုရင်တော့ ဇနီးသည်လောက်တောင် ခံနိုင်ရည်မရှိကြပါဘူး။ တစ်ချို့ဆို ဆေးနေရင်းကလည်း ဘယ်လိုမျှမခံနိုင်တော့လို့ အချိန်(၄)နာရီ မပြည့်ခင် စက်ဖြုတ်ပြီး အိမ်ပြန်ကြရတာတွေလည်း ဒုနဲ့ဒေးပါ။ အဲ့လိုအချိန်မစေ့ခင် ဖြုတ်လိုက်ရတဲ့အခါမှာတော့ ခန္ဓာကိုယ်ထဲမှာ ဆီးအဆိပ်နဲ့ ရေကကျန်၊ တစ်ကြိမ်ထက်တစ်ကြိမ် ရေတွေ ကျန်ကျန်သွားတဲ့အခါကြတော့ ခန္ဓာကိုယ်ကြီးက ဝသထက်ဝလာပြီး တစ်ချို့ များဆို လမ်းတောင်မလျှောက်နိုင်တော့လို့ ပွေ့တင်ပွေ့ချလုပ်ရတဲ့ အဆင့်အထိကိုရောက်လာခဲ့တော့တာပါ။

ဒီနေရာမှာတစ်ချို့ မေးစရာရှိလာပါတယ်။ ကျောက်ကပ်ပျက်တာနဲ့ ဆီးမသွားတော့လို့ ရေတွေများ လာတာလားလို့။ ကျန်တဲ့သူတွေတော့ မသိပါဘူး၊ စာရေးသူရဲ့ ဇနီးသည်ကတော့ ကျောက်ကပ်စဆေးရချိန်ကနေ ကွယ်လွန်တဲ့အထိ ဆီးတစ်စက်မျှ မထွက်တော့တာဖြစ်ပါတယ်။ နောက်ထပ် ရင်ဆိုင်ရတဲ့ အဆိုးရွားဆုံး ဒုက္ခတစ်ခုကတော့ ရေကို သတ်မှတ် ထားတဲ့ အတိုင်းအတာလောက်သာ သောက်ခွင့်ရှိတာဖြစ်ပြီး ဆရာဝန်တွေ ညွှန်ကြားထားတဲ့ အစားအသောက်တွေကိုသာ သတ်မှတ်ထားတဲ့ပမာဏအတိုင်းသာ စားသုံးခွင့်ရကြတာ ဖြစ်ပါတယ်။ တစ်ခါလောက်လေး စားကောင်း သောက်ကောင်း လို့ စိတ်ရှိတိုင်း စားလိုက် သောက်လိုက်မယ်ဆိုရင်တော့ အဲ့ဒီတခဏတာလေး စိတ်အလိုကိုလိုက်ခဲ့မိတဲ့အတွက် ပြန်ပေးရ မယ့်စိတ်ဒုက္ခ၊ ခန္ဓာဝေဒနာတွေက မတန်အောင် များပြားမှာ သေချာပါတယ်။ အမှန်ကတော့ ကျောက်ကပ်စဆေးစ နေ့ရက် တွေမှာ လူနာအများစုက အစာမဝင်ကြတာများပါတယ်။ ဒါက ကျောက်ကပ်ဆေးရတဲ့ လူနာတစ်ရာမှာ (၉၀)ကျော်လောက် ရင်ဆိုင်ရလေ့ရှိတဲ့ ဝေဒနာတွေထဲက တစ်ချို့ပါ။ အဲ့ဒီကာလကို ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ ရေထိတဲ့ ပန်းလေးတွေလို သူတို့အားလုံး လန်းလန်းဆန်းဆန်းနဲ့ ကျောက်ကပ်ဆေး လူနာအချင်းချင်း ပြောကြဆိုကြ နောက်ကြပြောင်ကြ လုပ်နိုင်တဲ့ အဆင့်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်ဖို့ဆိုတာကလည်း စာရေးသူ အမှတ်မမှားဘူးဆိုရင် အနိမ့်ဆုံး တစ်နှစ် လောက်တော့ အချိန်ယူရမှာဖြစ်ပါတယ်။ တစ်နှစ်ဆိုတဲ့ အချိန်ကာလနဲ့အတူ ငွေကြေးကလည်း အနိမ့်ဆုံးတော့ သိန်းတစ်ရာကျော်လောက် ပါးသွားခဲ့ပြီဖြစ်ပါတယ်။ ကိုယ့်လူနာက အချိန်တစ်နှစ်လောက်ကြာလို့ ရေထိတဲ့ ပန်းလေး တစ်ပွင့်လို လန်းလာပေမယ့် ငွေကြေးရှာဖွေရသူတွေမှာတော့ အပြည့်အဝ မပျော်နိုင်ကြတာများပါတယ်။ ကုန်ကျသွားတဲ့ ငွေကြေး၊ ကိုယ့်လူနာ နောက်ထပ်ဘယ်လောက်အထိ အသက်ဆက်ရှင်သန်နိုင်မလဲ၊ သူအသက်ရှင်သန်နေသရွေ့ နောက်က လိုက်ရမယ့်ငွေကြေး အစရှိတာတွေအတွက် လူနာတစ်ရာမှာ (၉၀) ရာခိုင်နှုန်းလောက်က စတင်ပေသီးခေါက်ရတဲ့ ကာလ တစ်ခုကို ရောက်လာခဲ့တာဖြစ်တယ်လို့ စာရေးသူကတော့ ကောက်ချက်ချချင်ပါတယ်။ ဒါကြောင့်လည်း စာရေးသူနဲ့ ဆွေမျိုးတော်သလို ခင်မင်ရင်းနှီးတဲ့ စစ္စတာကြီးက ကျောက်ကပ်ဆေးတဲ့အလုပ်ကို ကျားမြီးဆွဲတာနဲ့ ခိုင်းနှိုင်းပြခဲ့တာပဲ ဖြစ်မယ်ထင်ပါတယ်။ သူက ရန်ကုန်ဆေးရုံကြီး ကျောက်ကပ်ဌာနမှာ နှစ်ပေါင်း (၄၀)လောက် တာဝန်ထမ်းဆောင်ခဲ့ပြီး အစိမ်းရောင်ဝတ် သူနာပြုကြီးအဆင့်ရောက်မှ ပင်စင်ယူခဲ့သူဆိုလေတော့ ကျောက်ကပ်ဝေဒနာသည်တွေအကြောင်းကို အူချေးခါးမကျန် သိနေခဲ့သူလည်းဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

ဦးမျိုးကြီး

Health Care