ကျောက်ကပ်များသည် ခန္ဓာကိုယ်ကျောရိုးတိုင်၏ တစ်ဖက်တစ်ချက်စီ၌တည်ရှိသော ပဲစေ့သဏ္ဍာန် အင်္ဂါအစိတ် အပိုင်းနှစ်ခုဖြစ်ပြီး ခန္ဓာကိုယ်တွင် သွေးသန့်စင်ခြင်း၊ အဆိပ်အတောက်နှင့် အညစ်အကြေးများ စွန့်ထုတ်ခြင်း၊ အရည်ပမာဏမျှတစေရန် ထိန်းညှိပေးခြင်းစသည့်လုပ်ငန်းများကို အဓိကဆောင်ရွက်ပေးသည်။ လူတစ်ဦးချင်း စီ၏ အလေ့အထ၊ နေထိုင်စားသောက်မှုပုံစံများသည် ကျောက်ကပ်ကျန်းမာရေးနှင့် ဆက်နွယ်လျက်ရှိပြီး ရောဂါ (သို့) အခြေအနေတစ်ခုခုကြောင့် ကျောက်ကပ်များ ကောင်းစွာအလုပ်မလုပ်ပါက ခန္ဓာကိုယ်၏လုပ်ငန်းဆောင် တာများ တဖြည်းဖြည်း ယိုယွင်းပျက်စီးကာ နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ခံစားရနိုင်သည်။ သို့ဖြစ်ရာ ၎င်းတို့အနက်မှ ကျောက်ကပ်ထိခိုက်ပျက်စီးမှုဖြစ်စေသော အဓိက အစားအသောက်(၁ဝ)မျိုးအား သင်သတိပြုမိစေရန် ဖော်ပြပေးလိုက်ပါသည်။

၁။ အနီရောင်အသားများ

အမဲသား၊ သိုးသားတို့ကဲ့သို့ အနီရောင်အသားများတွင် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်း (အသားဓာတ်) ကြွယ်ဝစွာပါဝင်သော်လည်း ၎င်းတို့ကို နေ့စဉ်အလွန်အကျွံစားသုံးခြင်းက ရေရှည်တွင် ကျောက်ကပ်ထိခိုက် ပျက်စီးသောအခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း စင်ကာပူနိုင်ငံရှိ သုတေသနတစ်ခုက ဆိုထားသည်။ ထို့ပြင် အခြားအသားများထက် ပြည့်ဝဆီနှင့် ကိုလက်စထရော ပိုမိုပါဝင်သောကြောင့် ကျောက်ကပ်သွေးကြောကျဉ်း ခြင်း(Renal artery stenosis)ဖြစ်ပွားနိုင်ခြေကိုလည်း မြင့်တက်စေသည်။

၂။ အရက်၊ ဘီယာ

အရက်၊ ဘီယာတို့ကို အလွန်အကျွံသောက်သုံးခြင်းကြောင့် သွေးတိုးနှင့် ဆီးချိုရောဂါများ ဖြစ်ပွားရာမှတဆင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို ဦးတည်စေသည်။ အမျိုးသားများတွင် တစ်နေ့ အရက်(၄)ပက်နှင့် အထက်၊ အမျိုးသမီးများတွင် တစ်နေ့ အရက်(၃)ပက်နှင့်အထက်သောက်သုံးခြင်းသည် ကျောက်ကပ်များအတွက် ကြီးစွာ သော ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ကျောက်ကပ်ရောဂါဖောင်ဒေးရှင်း၏အဆိုအရ သိရသည်။

၃။ စားပွဲတင်ဆား

မီးဖိုချောင်သုံး စားပွဲတင်ဆားများတွင် လူတို့ဖန်တီးထားသည့် ဖြည့်စွက်ဓာတုပစ္စည်း အများအပြားပါဝင်သော ကြောင့် အလွန်အကျွံစားသုံးမိပါက ကျောက်ကပ်တွင်ကျောက်တည်ခြင်းများ ဖြစ်ပွားနိုင်သည်။ ထို့ပြင် သွေးတိုး၊ နှလုံးနှင့် ဦးနှောက်သွေးကြောရောဂါများလည်း ဖြစ်ပွားစေနိုင်သောကြောင့် ဆားကို တစ်နေ့လျှင် ၆ ဂရမ် (သို့မဟုတ်) လက်ဖက်ရည်ဇွန်းတစ်ဇွန်းထက်ပိုမစားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ အကြံပြုလမ်းညွှန်ထားသည်။

၄။ ကဖင်း

ကဖင်းဓာတ်ပါဝင်မှုမြင့်မားသော အစားအသောက်များဖြစ်သည့် ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကိုကိုး အမှုန့် စသည်တို့ကို ပုံမှန်ထက် ပိုမိုစားသုံးပါက ခန္ဓာကိုယ်တွင် ရေဓာတ်ခမ်းခြောက်မှု ဖြစ်ပွားနိုင်သည်။ ယင်းအခြေအနေကို ပြန်လည်ထိန်းညှိရန် ကျောက်ကပ်များအနေဖြင့် သာမန်ထက်ပိုမိုအားစိုက်၍ အလုပ်လုပ်ရ သောကြောင့် ရေရှည်တွင် နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်သည်။ ထို့ပြင် ကဖင်းသည် သွေးစီးဆင်း မှုကို လှုံ့ဆော်ခြင်းကြောင့် သွေးတွင်းဖိအားများလာကာ ကျောက်ကပ်များအပေါ် ဝန်အပိုသက်ရောက်စေနိုင် သည်။

၅။ လူတို့ဖန်တီးထားသော ဆေးသကြားများ

ပြင်ဆင်ထုပ်ပိုးထားသော အသင့်စားအစားအစာများ၊ အားဖြည့်အချိုရည်နှင့် အဖျော်ယာမကာများတွင် လူတို့ တုပဖန်တီးထားသည့် သဘာဝမဟုတ်သော ဆေးသကြားများ(Artificial sweeteners) ပါဝင်နေတတ်သည်။ အဆိုပါသကြားအတုများသည် တစ်ခါစားသုံးမိရုံဖြင့်ပင် လူကိုစွဲစေတတ်ပြီး အလွန်အကျွံစားသုံးမိပါက ဆီးချို နှင့်အဝလွန်ရောဂါတို့အပြင် ကျောက်ကပ်၏လုပ်ငန်းဆောင်တာများ ပျက်စီးခြင်းနှင့်လည်း ဆက်စပ်နေကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ဇီဝနည်းပညာနှင့် အချက်အလက်ဗဟိုဌာနမှ ပြုလုပ်ထားသောသုတေသနတစ်ခုတွင် ဖော်ပြထားသည်။

၆။ အမြှုပ်ထသော အချိုရည်နှင့် အဖျော်ယမကာများ

ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ပါဝင်မှုမြင့်မားသော အချိုရည်နှင့် အဖျော်ယမကာများ(ကိုလာ၊ ဆိုဒါ၊ ခရင်မ် ဆိုဒါ၊ Diet Coke)ကို အမြဲတစေသောက်သုံးလေ့ရှိပါက သွေးတိုးခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းတို့ဖြစ် ကာ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများအား ထိခိုက်စေနိုင်သည့်အပြင် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ပွားရန်လည်း အခွင့်အလမ်းများနိုင်သည်။

၇။ ဆေးလိပ်

သာမန်စီးကရက်တစ်လိပ်တွင် ဓာတုပစ္စည်းအမျိုးပေါင်း(၄၈ဝဝ)ကျော် ထည့်သွင်းထားပြီး ၎င်းတို့အနက် ကင်ဆာဖြစ်စေသော အရာဝတ္ထုပေါင်း(၆၉)မျိုးအထိ ပါဝင်နေသည်။ ဆေးလိပ် ရေရှည်သောက်ခြင်းကြောင့် သွေးအတွင်း ဖိအားများလာရာမှတဆင့် ကျောက်ကပ်သွေးကြောကျဉ်းခြင်း၊ ကျောက်ကပ်များသို့ သွေးရောက်ရှိ မှုလျော့ကျလာခြင်းတို့ဖြစ်ပွားကာ နောက်ဆုံးတွင်ကျောက်ကပ်များကို အလုံးစုံ ထိခိုက်ပျက်စီးစေနိုင်သည်။

၈။ မျိုးရိုးဗီဇပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံထားသော အစားအစာများ

သြစတေးလျ၊ ဂျပန်နှင့် ဥရောပနိုင်ငံအများစုတွင် ပြောင်းဖူး၊ ပဲပုပ်၊ ခရမ်းချဉ်သီး၊ အာလူး၊ သကြားမုန်လာ စသည့်အစားအစာများကို အရသာနှင့် အရည်အသွေးကောင်းမွန်ပြီး ကြာရှည်ခံစေရန် မျိုးရိုးဗီဇပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုများပြုလုပ်ကာ စိုက်ပျိုးကြသည်။ ထိုအစားအစာများကို ပိုမိုစားသုံးလာကြခြင်း၏ အကျိုးဆက် အနေဖြင့် အသည်း၊ ကျောက်ကပ်နှင့် သွေးလမ်းကြောင်းတို့တွင် အဆိပ်အတောက်များ ဖြစ်စေနိုင်ကြောင်း အီဂျစ်သုတေသနတစ်ခုက ဆိုထားသည်။

၉။ ပိုတက်စီယမ်ပါဝင်မှုမြင့်မားသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ

သွေးတွင်းပိုတက်စီယမ်ပမာဏများခြင်းသည် ကျောက်ကပ်ထိခိုက်ပျက်စီးမှုနှင့် ကျောက်ကပ်ရောဂါ ဖြစ်ပွားစေ သော အကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ပိုတက်စီယမ်ကြွယ်ဝ သော ငှက်ပျောသီး၊ တရုတ်ဆီးသီး၊ အာလူး၊ ကန်စွန်းဥ၊ မှိုညို စသည်တို့ကို အသင့်အတင့်ပမာဏထက်ပို၍ မစားသုံးရန် လိုအပ်သည်။

၁ဝ။ နို့နှင့်နို့ထွက်ပစ္စည်းများ

နို့နှင့်နို့ထွက်အစားအစာများဖြစ်သော နွားနို့၊ ဆိတ်နို့၊ ထောပတ်၊ ဒိန်ခဲ၊ ဒိန်ချဉ်တို့သည် အရိုးနှင့် ကြွက်သားများ ကြံ့ခိုင်သန်စွမ်းစေရန် အထောက်အကူပြုကြောင်း ယေဘုယျအားဖြင့် သိထားကြသည်။ သို့သော် ၎င်းတို့တွင် ပါဝင်သော အသားဓာတ်ကို လူ့ခန္ဓာကိုယ်မှချေဖျက်ရခက်ခဲတတ်သဖြင့် အညစ်အကြေးအဖြစ် စွန့်ထုတ်ရန် ကျောက်ကပ်များမှ ပိုမိုအားစိုက်လုပ်ဆောင်ရသည်။ အဆိုပါအခြေအနေကြောင့် ကျောက်ကပ်များ တဖြည်းဖြည်းဝန်ပိကာ ရေရှည်တွင် ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို ဦးတည်စေသည်။

ရဲခိုင်(ဆေး-၂)

Health Care