ကြက်များ၏ အကျိုးသွားအာနိသင်ကို ဖော်ပြရမည်ဆိုပါက ကြက်သည် အိမ်ကြက်နှင့်တောကြက် နှစ်မျိုးရှိကြ၏။ အိမ်မွေးကြက်များ၏ အကျိုးအာနိသင်မှာ ကြက်သားသည် ကြေကျက်ခဲ၏။ ဆူ၏။ ပူ၏။ လူကို ဝစေတတ်၏။ ချိုဆိမ့်၏။ လေကိုနိုင်၏။ မျက်စိနှင့်သင့်၏။ သုက်နှင့်သလိပ်ကို ပွားစေတတ်၏။ အားကို ဖြစ်စေ၏။ တောကြက်သားသည် ကြေခဲ၏။ ဆူ၏။ လူကို ဝစေတတ်၏။ လေ၊ သည်းခြေကို နိုင်၏။ အားအင်ကုန်ခမ်းခြင်း၊ မူးဝေအော့အန်ခြင်း၊ အဖျားရောဂါများကို ပျောက်ကင်းစေနိုင်၏။ အိမ်ကြက်သားသည်လည်း အဖျားရောဂါကို နိုင်၏။

ရေကြက်သားသည် လူကို ဝဖြိုးစေတတ်၏။ အဆီသြဇာရှိ၏။ သလိပ်ကို ပူစေတတ်၏။ ပထဝီဓာတ်ကို နိုင်စေတတ်၏။ အစာကြေခြင်း၊ အသံသာခြင်းကို ပြုတတ်၏။ ချွေးကိုလည်း ပယ်စေ၏။

ကြက်မည်းသားသည် လေသလိပ်ကို ပူစေတတ်၏။ ပထဝီဓာတ်ကို နိုင်စေတတ်၏။ အစာကြေခြင်း၊ အသံသာခြင်းကို ပြုတတ်၏။ ချွေးကိုလည်း ပယ်စေ၏။

ကြက်ဖြူသားသည် အစာကြေခြင်း၊ အသားပွားခြင်း၊ ဝမ်းမီးတောက်ခြင်း စသည်တို့ဖြစ်စေ၏။

ကြက်နီသားသည် လေ၊ သလိပ်၊ သည်းခြေတို့ကိုနိုင်၏။ ဝမ်းမီးကိုတောက်စေ၏။ ကိုက်ခဲခြင်းများကို ပျောက်၏။ ဥတုလာသောအမျိုးသမီးများ သင့်၏။

ကြက်တညင်သားသည် သည်းခြေကို ပယ်၏။ အသက်ကို ရှည်စေ၏။ ကိုယ်လက်ပေါ့ပါးခြင်းကို ဖြစ်စေ၏။

ကြက်ဥသည် အားကိုဖြစ်စေ၏။ အရိုးအဆစ်ကို သန်မာစေ၏။ မျက်စိအားကောင်းစေ၏။ ထုံကျဉ်ကိုက်ခဲခြင်း များကိုလည်း ပျောက်ကင်းစေ၏ဟု စသဖြင့် ကြက်နှင့်ပတ်သက်၍ ကျန်းမာရေးအကျိုးပြုပုံများကို အတတ်နိုင်ဆုံး အကျဉ်းချုံးဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

သမားတော်ကြီး ဒေါက်တာသက်ဆွေ(ရှေ့ဆောင်တင်ဆွေ)

Health Care