မြန်မာ့ဆေးကျမ်းများအရ ကြက်သွန်ဖြူသည် အစာကို ကြေစေ၍ ဝမ်းမီးကို ဖြောင့်စေသည်။ ဆံပင်ကိုနက်စေသည်။ သလိပ်ကို ကြေစေသည်။ သွေးနှင့်သင့်လျော်သည်။ လေကို ထုတ်စေ၊ ဝမ်းကို ဖြောင့်စေသည်။ အနာရောဂါများစွာကို နိုင်သည်။ ချွေးထွက်စေသည်။

စပ်၊ ခါးသောအရသာရှိ၍ ဆီးနည်း၊ ဓာတ်ချုပ်၊ လေသက်စေသည်။ ဆီးဝမ်းကို ရွှင်စေ၏။ ဝဖြိုးစေ၏။ ကာမကို အားပေး၏။ ခွန်အားကို ဖြစ်စေ၏။ မျက်စိကို အကျိုးပြု၏။ သွေးအားကိုတိုးစေ၏။ နှလုံးအဆီပိတ် ရောဂါကိုနိုင်၏။ နာတာရှည် အဖျား၊ ဝမ်းချုပ်၊ နှုတ်မမြိန်၊ ချောင်းဆိုး၊ မြင်းသရိုက်၊ နူနာ၊ လေရောဂါ၊ ပန်းနာရောဂါတို့ကို နိုင်၏။

ကြက်သွန်ဖြူမှာ ကလေး၊ လူကြီးတို့အတွက် လွန်စွာအသုံးဝင်သော ဆေးစွမ်းကောင်းလည်းဖြစ်၍ အာဟာရလည်း ဖြစ်သည်။ ကလေးများ လေမရပါက ကြက်သွန်ဖြူကို မီးဖုတ်၍ကျွေးရသည်။ ကြက်သွန်ဖြူ၊ စမုန်နက်၊ ကြောင်ပန်းရွက်၊ လျက်ဆား လေးမျိုးကို အနည်းငယ်စီစု၍ အမှုန့်ပြုလုပ်ပြီး ကြောင်ပန်းရွက်ပြုတ်ရည်နှင့် ကျောက်ပြင်တွင်ကြိတ်၍ ရွေးကြီးလုံးခန့်လုံးပြီးလျှင် ကလေးများအား ၁ လုံး မှ ၃ လုံးအထိ တိုက်ကျွေးပေးပါက ဝမ်းနှင့်ပတ်သက်သောရောဂါများ၊ လေထိုးလေအောင့်ခြင်းစသော လေနှင့်ပတ်သက်သောရောဂါများ ပျောက်ကင်းနိုင်ပါသည်။

ကြက်သွန်ဖြူမီးသင်း၊ စမုန်နက်၊ ထန်းလျက်၊ ရှိန်းခိုအညီအမျှစု၍ကြိတ်ပြီး ရွေးနှစ်စေ့စာစားပေးပါက ချာချာလည်အောင် မူးသော အမူးရောဂါကို သက်သာပျောက်ကင်းစေသည်။ ဆံပင်များဖြူရာမှ နက်လိုသော် ကြက်သွန်ဖြူကိုမီးအုံး၍ နှမ်းဆီ စစ်စစ်နှင့်ဆမ်းပြီး မကြာခဏစားပေးပါ။ ကြက်သွန်ဖြူကို အခွံသင်၍ အစိမ်းအတိုင်း ထမင်းနှင့်အတူစားပေးလျှင် နှလုံးပြွန် ချောင်းကျဉ်းရောဂါကို ကာကွယ်နိုင်မည်ဖြစ်သည်။

ယနေ့အခါတွင် ကြက်သွန်ဖြူအဆီ (အခြားအဆီတစ်ခုနှင့်ရော၍) ဆေးတောင့်များ ရနိုင်ပေပြီ။ ကြက်သွန်ဖြူမှ ညှစ်ထုတ် သောအရည်ကို အရက်ပျံနှင့်စိမ်၍ ဆေးလုပ်ထားသော ဆေးတစ်ခွက်ကို လက်ဖက်စားဇွန်း ၁ ဇွန်းခန့် သောက်ပေးပါက ချောင်းဆိုးပျောက်၊ ဆီးရွှင်စေသည်။ ယင်းဆေးကြက်သွန်ဖြူရည်ကို တစ်ခါသောက် လက်ဖက်စားဇွန်းတစ်ဇွန်းနှုန်းဖြင့် တစ်နေ့ ၄ ကြိမ် သောက်သုံးပေးပါက တီဘီခေါ် အဆုတ်နာရောဂါပိုးနှင့်ပတ်သက်သမျှရောဂါမှန်သမျှ ပျောက်စေသည်ဟု ဆရာဝန်ကြီးများက အသိအမှတ်ပြုထားသည်။

မြန်မာ့ဆေးကျမ်းများအရ ကြက်သွန်နီသည် လေ၊ သလိပ်၊ သည်းခြေ၊ သွေးအန်၊ သွေးကျနာ၊ အဖျားအမျိုးမျိုးနှင့် ချောင်းဆိုးနာတို့ကိုနိုင်သည်။ ဓာတ်သဘောအရ အအေး၊ အာကာ၊ အသက်ဖြစ်သည်။

ကြက်သွန်နီစားသုံးခြင်းဖြင့် ပိုးနာ၊ လေနာ၊ ပွေး၊ ညှင်း၊ ချောင်းဆိုး၊ ဖွတ်စအိုနာတို့ကို ပျောက်စေ၏။ ဖျားပြီးကာစတွင် လည်းကောင်း၊ ဝမ်းအလွန်သွားလျှင်လည်းကောင်း၊ အားအင်ကုန်ခမ်းလျှင်လည်းကောင်း၊ ကြက်သွန်နီဥကို မီးအုံး၍ ထောပတ်ဆမ်းပြီးစားပေးရသည်။

အရေပြားရောဂါအဖြစ် အသားများကွက်၍ထုံခြင်း၊ ပွခြင်းများဖြစ်ခဲ့သော် ဖြစ်စ၌ ကြက်သွန်နီဥကို အရင်းအဖျားဖြတ်ပြီး အရင်းတစ်လှည့် အဖျားတစ်လှည့်နှင့် နာနာပွတ်ပေးပါ။ တစ်ခါပွတ်ပြီးတိုင်း အရင်းနှင့်အဖျားကို ဓားနှင့်တစ်ခါ လှီးပစ်ပါ။ ဤသို့ ကြက်သွန်နီဥကို သုံးလေးခါဖြတ်၍ အကြိမ်ကြိမ်ပွတ်ပေးလျှင် ထိုရောဂါကို သက်သာပျောက်ကင်းနိုင်သည်။

ကြက်သွန်နီကိုထောင်း၍ ထောပတ်နှင့်ချက်ပါ။ ထို့နောက် ထန်းလျက်ကိုထည့်ပါ။ သမအောင်မွှေပါ။ အပူချိန်လျော့သွား လျှင် ပျားရည်ကို ထည့်ပေးပါ။ ယင်းဆေးကို နံနက် ၁ ကြိမ်၊ ည ၁ ကြိမ် လက်ဖက်စားဇွန်း ၁ ဇွန်းစာ သောက်ပေးခြင်းဖြင့် လိုအပ်သောအား အမျိုးမျိုးကို တိုးပွားစေသည့်ပြင် မီးယပ်ခြောက်၊ ဒူလာခြောက်၊ ချောင်းခြောက် စသည့်အပူနာရောဂါများ အတွက်လည်း အသင့်လျော်ဆုံးဆေး ဖြစ်ပါသည်။

မြနန်းသစ်

Health Care