ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စတဲ့ဥတွေကို ဝယ်ကတည်းက အကွဲအအက်မပါတဲ့ဥနဲ့ ဥအခွံတွေပေါ်မှာ ရွှံ့တွေ၊ ချေးတွေ ညစ်ပေမနေတဲ့ဥမျိုးကို ရွေးချယ်ဝယ်ယူပါ။ ဝယ်လာပြီးမစားသေးဘဲ ဒီအတိုင်း ရက်ကြာကြာထားရင် ပျက်စီးသွားပါလိမ့်မယ်။ အကာအရည်ကြည်တွေ လျော့ပါးလာပြီး အနှစ်ရဲ့ပတ်ပတ်လည်က အမြှေးကလည်း ပျက်စီးလွယ်လာပါပြီ။ ဒါကို ဈေးသည်တွေရဲ့အခေါ်အဝေါ်အရ အဆံချောင်တယ်လို့ ပြောကြပါတယ်။

ဥပမာအားဖြင့် ပုံမှန်အခန်းအပူချိန်ထဲမှာ တစ်ရက်သာခံမယ့်ဥဟာ ရေခဲသေတ္တာထဲမှာ ခုနစ်ရက်လောက် ခံပါတယ်။ ဥတွေကို ဝယ်တဲ့အခါ City Mart တို့လို ရေခဲသေတ္တာထဲ ထည့်ရောင်းတဲ့ဆိုင်မျိုးတွေကပဲ ဝယ်သင့်ပါတယ်။ အိမ်ရောက်ရင်လည်း ဥတွေကို ဝယ်လာတဲ့ဘူး (ကြက်ဥခွက်ဘူး)နဲ့အတူ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းပါ။ အဲဒီလို ကြက်ဥထည့်ဘူးတွေထဲ သိမ်းတာကြောင့် ကြက်ဥထဲကို အနံ့ဆိုးမဝင်စေတော့ပါဘူး။ ရေခဲသေတ္တာရဲ့ တံခါးနားမထားဘဲ အတွင်းပိုင်းမှာပဲထားသင့်ပါတယ်။ ဥတွေကို ချက်၊ ပြုတ်၊ ကြော်ပြီးတော့ ပူပူနွေးနွေးစားခြင်းက အန္တရာယ်ကင်းပါတယ်။ ဥတွေကို အနံ့ဆိုးတဲ့ ကြက်သွန်လိုအစားအစာတွေနဲ့ တွဲမစားသင့်ပါဘူး။

ကြက်ဥ၊ ဘဲဥ၊ ငုံးဥတွေမှာ Salmonella ဘက်တီးရီးယားတွေ ပါလာနိုင်ပါတယ်။ Salmonella ဆိုတာ အစာကတစ်ဆင့် ကူးစက်ရောဂါဖြစ်စေတတ်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ ကလေး၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ရောဂါပိုဖြစ်လွယ်ပါတယ်။ Salmonella ဘက်တီးရီး ယားကူးစက်ပိုးဝင်တဲ့လက္ခဏာကတော့ ဥစားပြီးမကြာမီမှာ ယားယံခြင်း၊ အင်ပျဉ်အဖုအပိမ့်ထွက်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်းတို့ဖြစ်တတ်ပါတယ်။

ကြက်ဥပြုတ်ရဲ့အနှစ်မှာ မီးခိုးရောင်၊ ရံဖန်ရံခါ အစိမ်းရောင်သမ်းနေတာကို တွေ့ဖူးကြမှာပါ။ ဒါကတော့ ဥမှာပါတဲ့ ဆာလဖာ(ကန့်) နဲ့ သံဓာတ်တို့ ဓာတ်ပြုတာကြောင့် အဲဒီလိုအရောင်မျိုးဖြစ်ပေါ်လာတာပါ။ ကြက်ဥပြုတ်စဉ်စသုံးတဲ့ရေထဲမှာ သံဓာတ်များနေရင် ခုလိုအရောင်ဖြစ်တတ်ပါတယ်။ သို့သော် ကြက်ဥအနှစ်ရဲ့ အနံ့၊ အရသာမပြောင်းလဲသလို ကျန်းမာရေးအတွက်၊ အာဟာရတန်ဖိုးအတွက်လည်း မထိခိုက်တာမို့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။

၅ဝ ဂရမ်အလေးချိန်ရှိတဲ့ ကြက်ဥတစ်လုံးမှာ ပရိုတင်း ၆ ဂရမ်ကျော်ပါနေပြီး အဲဒီပရိုတင်းပမာဏ ထက်ဝက်ကျော်က အကာထဲမှာရှိကာကျန်ထက်ဝက်က အနှစ်ထဲမှာရှိပါတယ်။ ခွန်အားဓာတ်က ၇ဝ ကယ်လိုရီပါဝင်ပြီး ထိုကယ်လိုရီရဲ့ ၄ ပုံ ၃ ပုံက အနှစ်ထဲမှာရှိပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ အဆီ၊ သံဓာတ်၊ မီးစုန်း Phosphorous, B1, B6, B12, ဖောလစ်အက်ဆစ်၊ ပင်တိုသင်းနစ်အက်ဆစ်၊ နိုလင်းစတဲ့ အာဟာရဓာတ်တွေ ကြက်ဥမှာပါတာကြောင့် ကြက်ဥစားတဲ့အခါ အကာရော၊ အနှစ်ပါ အားလုံးစားပေးသင့် ပါတယ်။

ဝယ်လာတဲ့ ကြက်ဥ၊ ဘဲဥတွေ လတ်မလတ်စစ်ဆေးချင်ရင် ရေဇလုံတစ်ခုထဲကို ရေအပြည့်ဖြည့်ပြီး ဝယ်လာတဲ့ ကြက်ဥ၊ ဘဲဥကို (၁)လုံးစီ ရေဇလုံထဲ ဖြည်းဖြည်းထည့်ပါ။

ကြက်ဥ၊ ဘဲဥက ရေဇလုံအောက်ခြေမှာ ဟန်ချက်ညီညီလဲလျောင်းနေရင် အလွန်လတ်ဆတ်တဲ့ဥဖြစ်ပါတယ်။

ကြက်ဥ၊ ဘဲဥက အပေါ်ယံတစ်ဖက်ကို မသိမသာစောင်းနေရင် ရက်သတ္တတစ်ပတ်ကြာတဲ့ဥပါ။

ကြက်ဥ၊ ဘဲဥက ရေဇလုံအောက်ခြေမှာ ဒေါင်လိုက်အပေါ်ကိုထောင်နေရင် ရက်သတ္တသုံးပတ် ကြာနေပြီဖြစ်တဲ့ဥပါ။

ကြက်ဥ၊ ဘဲဥက ရေမျက်နှာပြင်ပေါ် ပေါလောပေါ်နေရင်တော့ လုံးဝစားမရတော့တဲ့ ဥအပုပ်ဖြစ်ပါတယ်။

မြနန်းသစ်

Health Care