“ကြို့”ထိုးခြင်းအကြောင်း ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်အား ၁၉.၇.၂ဝ၁၈ ရက်နေ့ထုတ် မြဝတီသတင်းစာတွင် ဖတ်ရှုခဲ့ရပါသည်။ ဆောင်းပါးရှင်မှာ ပါမောက္ခသမားတော်တစ်ဦးဖြစ်ပြီး ဆောင်းပါးတွင် ကြို့ထိုးနိုင်သော ရောဂါလက္ခဏာများကိုပါ ရှင်းလင်းဖော်ပြထားကာ ကြို့ထိုးရခြင်း၏အဓိက အကြောင်းအရင်း မှာ ရင်ခေါင်းအတွင်းရှိ “ဒိုင်ယာဖရမ်” ကြွက်သား၏ တုန့်ပြန်မှုကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုဆောင်းပါးတွင်ပါရှိသော ကြို့ထိုးသူလူနာမှာ တိုက်တိုက်ဆိုင်ဆိုင်ပင် ဆေးရုံတက်နေသော စာရေးသူ၏ ယောက္ခမနှင့် အခန်းချင်းကပ် လူနာဖြစ်နေကြောင်း ခန့်မှန်းသိရှိရပါသည်။ ထိုလူနာသည် မူလက သတိလစ်၍ ရောက်ရှိလာပြီး သတိပြန်လည်ရရှိချိန်တွင် အဆက်မပြတ်ကြို့ထိုးနေသည်မှာ စာရေးသူ၏ ယောက္ခမအခန်းမှ ပင် ကြားနေခဲ့ရပါသည်။ နေ့ခင်းလူနာစောင့်များ အားနေ၍ စင်္ကြန်တွင် နှုတ်ဆက်စကားစမည်ပြောကြားရာမှ စာရေးသူခယ်မဖြစ်သူ၏ ဆေးမြီးတိုကိုသုံးစွဲကာ ကြို့ထိုးမှုရပ်သွားသည်ဟု ယူဆရပါသည်။ အကြောင်းမှာ သမားတော်ရေးသားခဲ့သည့် မူလဆောင်းပါးတွင်ပါရှိသလို ဆေးရုံမှလည်း ဆေးမပေးဘဲကုသည့် နည်းလမ်းများ ကို ရှာကြံကုသပေးနေစဉ် ခယ်မဖြစ်သူ၏ ဆေးနည်းကို သုံးဆောင်ခဲ့သဖြင့် ကြို့ထိုးခြင်းသက်သာသွားခဲ့၍ ဖြစ်ပါသည်။

စာရေးသူ၏ ခယ်မဖြစ်သူမှ လူနာရှင်အချင်းချင်း လမ်းညွှန်လိုက်သောဆေးနည်းမှာ ကင်းမွန်ချဉ်ရွက်ကို ပြုတ်ပြီး တိုက်ရသော နည်းဖြစ်ပါသည်။ ထိုအခါ လူနာရှင်ဖြစ်သူက ကင်းမွန်ချဉ်ရွက်ကို ပြုတ်တိုက်ရုံမျှမက ကင်းမွန်းချဉ် ရွက်ချဉ်ရည်ဟင်းကိုပါ ထပ်ဆောင်းကျွေးလိုက်သောအခါ လူနာတွင်ခံစားနေရသော “ကြို့” ထိုးခြင်းဝေဒနာ သက်သာပျောက်ကင်း သွားခြင်းဖြစ်ပါသည်။

ထိုနည်းမှာ စာရေးသူ၏ သားအကြီးဖြစ်သူ ကိုးတန်းကျောင်းသားဘဝက ၇ ရက်ခန့်ကြို့ထိုးနေသဖြင့် သူ၏ မိခင်ဖြစ်သူက တိုက်ကျွေးခဲ့သောနည်းဖြစ်ပြီး စာရေးသူ၏ မိခင်ကြီးက အိမ်နီးချင်းစက်ပြင်ဆရာ ၁ လခန့် ကြို့ထိုးနေမှုကို ကုသခဲ့သော ဆေးမြီးတိုနည်းလည်း ဖြစ်ပါသည်။ ထို့အပြင် ကြုံလျှင်ကြုံသလို အခြားသူများကို ဝေငှနေသော ဆေးနည်းလည်းဖြစ်ပါသည်။ ဝေဒနာဟူသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရပေါ်မူတည်ပြီး ကုသ ပျောက်ကင်းနိုင်ကြပါသည်။ ထို့ကြောင့် စာဖတ်သူအပေါင်းလည်း ကြို့ထိုးသောဝေဒနာရှင်များနှင့်တွေ့ပါက (ကင်းမွန်ချဉ်ရွက် လက်တစ်ဆုပ်စာကို ရေသန့်သန့်ဖြင့်ပြုတ်ပြီး ရရှိသောအရည်ကို တိုက်ကျွေးခြင်းဖြင့်) ကုသ ပေးနိုင်ပါကြောင်း ဆေးနည်းကို ဝေမျှလိုက်ပါသည်။

လင်းကိုကို

Health Care