လူတို့ဟာ စိတ်အလိုကိုလိုက်ကြတာများတယ်။ ပညာမဲ့လေလေ ပိုပြီးမိုက်လေလေ၊ ပညာတတ်တွေလဲ တစ်ခါတစ်ရံ မိုက်ကြသေးတယ်။ “အသိခေါက်ခက်အဝင်နက်” ဆိုတဲ့စကားက အလကားစကားတော့မဟုတ်။ အလိုရမ္မက်လဲ ကြီးတတ်ကြတယ်။ ပစ္စည်းဥစ္စာပိုင်ဆိုင်လျှင် တောင်ကြီးကြီးမှ ကြိုက်ကြတယ်။ ထိုနည်းတူစွာပင် မိမိခန္ဓာကိုယ်တောင်မှ ကြီးမှ၊ ဖွံ့ထွားမှ ကြိုက်ကြတယ်။ မိန်းကလေးများက တင်တွေ၊ ရင်တွေကြီးလိုကြတယ်။ အမျိုးသားများကတော့ လိင်တံကြီးလိုကြတယ်။

အင်တာနက်သတင်းတစ်ခုမှာ (၂ဝ၁ဝ)ခုနှစ်ခန့်က မြန်မာနိုင်ငံမှ အသက်(၂၆)နှစ်အရွယ် လူငယ်တစ်ယောက် ဟာ လိင်တံကြီးဆေးထိုးထားမိတဲ့အတွက် ဗြိတိန်ဆေးရုံတစ်ခုကိုလာပြတယ်။ ရောဂါအသစ်အဆန်းဖြစ်နေ တာကြောင့် နာမည်မရှိ၊ သူတို့တွေက ထိုရောဂါကို Sclerosing lymphogranuloma လို့ နာမည်ပေးလိုက်ကြ တယ်။ သူတို့တွေ့တဲ့ရောဂါကို ကျွနု်ပ်၏ဖခင် ဒေါက်တာချစ်ဆွေက လွန်ခဲ့သော ၁၅ နှစ်လောက်တည်းက ဆေး ခန်းမှာ တွေ့ထားဖူးတယ်။ Body oil လို့နာမည်ပေးထားတဲ့ ရှမ်းအုန်းဆီဝါကျင့်ကျင့်ဆေးရည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ထုတ်လုပ်ထားကာ ခေါင်းလိမ်းဆီဖြစ်ပေမယ့် လူအချို့က အရေပြားအောက်ကို ထိုးနှံကြပါတယ်။ ထိုစဉ်က တော့ အရည်အဆီပါပဲ၊ ဒါပေမဲ့လို့  နှစ်တွေကြာလာတဲ့အခါ မာကျောပြီး အနာဖြစ်တာ၊ အဖြူကွက်ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ပထမအကြိမ်ထိုးမိတဲ့ဆေးက နည်းလျှင်တော်သေး၊ ဆေးများများနဲ့ ထပ်ခါထပ်ခါထိုးလာ လျှင်တော့ ဘေးထွက်ဆိုးကျိုးများစွာပေးတတ်ပါတယ်။

ဘယ်လိုဘေးထွက်ဆိုးကျိုးများရှိပါသလဲ…

(၁) ဆေးထိုးထားသောနေရာပတ်လည်တွင် ပူနေခြင်း

(၂) ရောင်ယမ်းခြင်း

၃) အချို့က ဆေးကိုပြန့်စေရန် အတင်းချေလိုက်သည့်အတွက် လက်ရှိန်ဖြင့် ရုတ်တရက် ရောင်ကိုင်းလာခြင်း

(၄) မွေးရာပါ ရွှေပန်းအငုံသမားများဆိုလျှင် ထိပ်ဝသို့ ဆေးများလာစုပြီး နဂိုဖြဲ၍ရသော သူများအနေဖြင့် ဆေးထိုးပြီးနောက် ထိပ်ပိတ်သွားခြင်း

(၅) အချို့လုံးပတ်များသည် ခရမ်းသီးအကြီးစားကဲ့သို့ ဖြစ်နေခြင်း၊ အချို့မှာမူ သြဇာသီးပုံကဲ့သို့ အဖုအထစ် ဖြစ်နေခြင်း

(၆) တပြင်လုံးတင်းကျပ်ခြင်း (သိုမဟုတ်) ကွက်ကျားဖုများဖြစ်နေခြင်း

(၇) အာရုံကြောသွေးကြော များပိတ်သွားသဖြင့်ထုံနေခြင်း၊ ဖြူရော်ရော်ဖြစ်နေခြင်း၊ အာရုံကြောကို ပိတ်ထားသဖြင့် လိင်ဆက်ဆံရာတွင် ခံစားချက်မဲ့ပြီး ကြာတတ်ခြင်း

(၈) အနာဖြစ်ခြင်း စတဲ့ဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်။

တစ်ချို့ဆိုလျှင် အနာမကျက်ဘဲ ရိလာတဲ့အထိ ဖြစ်လာတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖြစ်ပုံခြင်း မတူပေမယ့် နောက်ဆုံးတော့ အနာဖြစ်၊ လိင်ဆက်ဆံရခက်၊ နေရထိုင်ရခက်ပြီး ဆေးခန်း ဒါမှမဟုတ် ဆေးရုံ တက်ကာ ခွဲစိတ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ လှုပ်ရှားမှုများခြင်း၊ နေပူထဲတွင်ကြာကြာနေခြင်း၊ အပူနားတွင်နေ ခြင်းတို့ကြောင့် ဆေးကြွတာတွေ ဖြစ်တတ်ပါတယ်။ ဆေးကြွလာရင် ဖျားတာ၊ နာတာ၊ တင်းတောင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဆေးရည်များသည် မည်သည့်နေရာထိ ရောက်တတ်သနည်း- ဆေးထိုးတာဟာ လိင်တံအရေပြားထဲကို ထိုးသွင်းတာမှန်ပေမယ့် ထိုးကာစမှာ ဆေးရည်က တစ်သျှူးမျှင် အလွှာကြားထဲ သွားနိုင်သလောက်သွားတာ ကြောင့် တဖြည်းဖြည်းနဲ့ လိင်တံထိပ်ဖျားအထိ ဆင်းလာခြင်း၊ ကပ်ပယ်အိတ်ထဲ ဝင်သွားခြင်း၊ နောက်ဆုံးမှာ ဆီးခုံထဲသို့ရောက်ခြင်းအထိ ဖြစ်တတ်ပါတယ်။ အရည်တို့မည်သည် မြင့်ရာမှနိမ့်ရာသို့ စီးဆင်းသည့်အတွက် အနိမ့်နေရာတွေမှာ စုပုံနေတတ်ပါတယ်။ ဆီးခုံအထိရောက်ရခြင်းကတော့ ကာမဆက်ဆံရာမှာ အမျိုးသမီးကို အပေါ်အနေအထားနေခိုင်းတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဆေးထိုးပြီးလျှင် ဘယ်အချိန် လက္ခဏာပြတတ်သလဲ…

ဆေးအစွမ်းက ရက်ပိုင်းအတွင်းဖြစ်နိုင်သလို တစ်ချို့မှာ နှစ်ပတ်လောက်ကြာတတ်ပါတယ်။ ဆေးအစွမ်းမပြလို့ စိတ်မကျေနပ်ဘဲ ထပ်ထပ်ထိုးလိုက်လျှင် ဆေးအစွမ်းလည်းပြရော တအားတက်လာပါတော့တယ်။ ထပ်ထပ် ထိုးလေ ပိုဆိုးလေပါပဲ။ ထိုးလိုက်တဲ့ဆေးဟာ အရေပြားအောက်မှကျော်လွန်ပြီး လိင်တံအူတိုင်ထဲ ရောက်လျှင် တော့ ပိုဆိုးတတ်ပါတယ်။ ဆေးလွန်ပြီး ဖြတ်ပစ်ရတာတွေ ရှိတတ်သလို ကြာရှည်အနာဖြစ်ပြီး ကုသမှုမခံယူရင် ကင်ဆာအထိပါ ဖြစ်နိုင်ပါတယ်။

အိမ်ထောင်ရေး အဆင်ပြေပါ့မလား…

အများစုမှာ ဆေးထိုးပြီးမှ ဇနီးသည်ကသိရတာဆိုတော့ ဘယ်လိုမှမတတ်နိုင်ဘဲ ကုသမှု စောစောခံယူဖို့ကိုသာ တိုင်ပင်ကြရပါတယ်။ တစ်ချို့အိမ်ထောင်ကျကာစမှာ ဇနီးသည်အနေနဲ့ သားသမီးမွေးဖူးထားတာမျိုးမရှိတဲ့ အတွက် နာကျင်မှုဖြစ်ရပါတယ်။ တပူပူတစူစူဖြစ်ပြီး နောက်ဆုံးကွဲကြ၊ ကွာကြတဲ့အထိ ဖြစ်လာတတ်ပါတယ်။ ပညာတတ်အသိုင်းအဝိုင်းတွေမှာတော့ ခုလိုသိပ်မထိုးကြဘဲ လောလီဖောက်ပြားလိုသူ၊ မိန်းမပွေရှုပ်သူ၊ ပညာ မတတ် အသိဉာဏ်နည်းသူတွေနဲ့ ဝင်ငွေကောင်းပြီး သုံးနိုင်၊ ဖြုန်းနိုင်သူတွေသာ ထိုးကြတာများပါတယ်။ မိတ်ဆွေတွေရဲ့ဆော်သြမှုကြောင့် နားယောင်ပြီးထိုးမိတာ၊ အရက်မူးပြီး ထိုးမိတာတွေလဲရှိပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဘယ်သူမပြုမိမိမှုပဲ မဟုတ်ပါလား။

ဘယ်အရွယ်တွေမှာ အထိုးများသလဲ –

အသက်(၃ဝ-၄ဝ)အရွယ် ဝန်းကျင်တွေမှာ အတွေ့များပါတယ်။ တစ်ချို့(၆ဝ)နားကပ်မှ ထိုးကြတာမျိုးတွေလဲ ရှိတတ်ပါတယ်။ ငါးဖမ်းလှေ၊ ကုန်ထမ်းသူ၊ သင်္ဘောသား၊ အနုပညာရှင်၊ ဌာနဆိုင်ရာဝန်ထမ်းနဲ့ ဘာသာရေး သမားတွေအထိ ထိုးနေကြတာမျိုး တွေ့ခဲ့ဖူးပါတယ်။ တချို့လဲ ရှက်လို့ဆိုပြီး ဘယ်မှာပြရကောင်းမှန်းလဲမသိ၊ တစ်ယောက်တည်းနေနေတာဆိုတော့ ကြိုးဆွဲချသတ်သေမယ်ဆိုတဲ့အထိ စဉ်းစားကြသူတွေတောင် တွေ့ခဲ့ဖူး ပါတယ်။ နောက်တော့မှ ရောဂါကို ခွဲစိတ်ပေးတဲ့ ဆရာဝန်ရှိမှန်း သိသွားတာကြောင့်ကုသပြီး သက်သာပျောက် ကင်းသွားလို့ ကျေးဇူးတွေတင်နေကြတာမျိုးလည်း တွေ့ခဲ့ရပါတယ်။

ဆေးထိုးထားတဲ့သူတွေအနေနဲ့ ဘာတွေဆင်ခြင်ရမလဲ –

ဆေးရည်က အအေးကြိုက်ပါတယ်။ ဒါကြောင့် ရေနွေးအိတ်ကပ်(သို့) ပရုပ်ဆီလိမ်းလျှင် ပိုဆိုးနိုင်သလို ဆေးကြွနေစဉ်မှာ ကာမစပ်ယှက်မှု လုံးဝမပြုလုပ်ရပါဘူး။ ဆေးထနေချိန်၊ ယားယံနေချိန်မှာ ပွတ်တာ၊ ကုပ်တာ တွေ မလုပ်ရပါဘူး။ ပွန်းမိသွားလျှင် အရေပြားက တော်တော်နဲ့ ပြန်မကျက်တတ်ပါဘူး။ ပိုးသတ်ဆေးနိုင်နိုင် သောက်ဖို့လိုပြီး  ပိုးသတ်ဆေးမသောက်လျှင် နှစ်လလောက်ကြာမှ အနာကျက်တတ်ပါတယ်။ တစ်ချို့ အနာ မကျက်ဘဲ ပုပ်ပြီးရိလာတတ်ပါတယ်။ နောက်ဆုံး လိင်တံပတ်လည်အရေပြား ကုန်သလောက်အထိ ဖြစ်သွား တတ်ပါတယ်။

ခုလို ဆေးခဲတာတွေကို ဘယ်လိုကုသရပါသလဲ –

လိင်တံကိုခြစ်ပစ်ရတယ်ဆိုပြီး ရပ်ကွက်ထဲမှာ ပြောဆိုနေကြပါတယ်။ တကယ်လက်တွေ့မှာတော့ အဲ့လိုလုပ်လို့ မရပါဘူး။ အရေပြားအောက် လုံးဝတွယ်ကပ်နေပြီး ဆေးနဲ့အရေပြား တသားတည်းဖြစ်နေကာ တခြား အဆီကျိတ်ခွဲတာမျိုးနဲ့ မတူပါဘူး။ ရောဂါကြောင့်ဖြစ်တဲ့ အကျိတ်မှာက အရေပြားကိုခွာထုတ်ပြီး အဆီလုံးကို နှိုက်ထုတ်၊ သွေးကြောဖမ်း၊ အလုံးထုတ်၊ ပြီးရင်ပြန်ပိတ် လုပ်နိုင်သော်လည်း ယခုတွင်မူ အရေပြားက အရမ်းပါး လွှာပြီး ခွာလို့လဲမရတာကြောင့် သွေးကြောလေးပါအောင်အရင်လွှာ၊ ပြီးရင် အောက်ကခဲနေတဲ့ဆေးနဲ့ တစ်သျှူး တွေကို ဖယ်ရှားလှီးဖြတ်၊ နောက်မှ ပြန်ချုပ်တာမျိုး ပြုလုပ်ရပါတယ်။ ဒါတောင်ပြန်ချုပ်ထားတဲ့ အရေပြားက ကျက်ချင်မှကျက်တာ၊ ဒါကြောင့် လုံးပတ်တစ်ခုလုံး တပြိုင်နက်တည်းမလုပ်ဘဲ အရေပြား အတက်ကိုစောင့်ရပါ တယ်။ အရေပြားဆုံးရှုံးမှုများရင် အနာကမကျက်နိုင်ပါ။ ကြာလာရင်တော့ အနာရွတ်ဖြစ်သွားပြီး ကျက်တဲ့ သဘောမျိုးဖြစ်လာပါတယ်။ တစ်ချို့ကတော့ အရေပြားလုံးဝလွှာလိုက်ပြီး လိင်တံအချောင်းကိုကပ်ပယ်အိတ် ထဲထည့်ချုပ်ကာ နောက်မှကပ်ပယ်အိတ်ကနေပြန်ထုတ်ပါတယ်။ အဲဒီလိုခွဲစိတ်လိုက်တော့ လိင်တံတိုဝင်သွား တတ်လားဆိုပြီး လူနာတွေက မေးတတ်ပါတယ်။ အရေပြားကိုသာ လှီးထုတ်လိုက်တာဖြစ်လို့ လိင်တံတိုဝင်တာ မျိုးမရှိပါဘူး။ ခွဲစိတ်မှု အနည်းအများကိုလိုက်ပြီး ပုံတော့အနည်းငယ်ပျက်သွားနိုင်ပါတယ်။ လိင်စိတ်ကြွတဲ့အခါ ရှည်ထွက်လာတတ်ပါတယ်။ မည်သို့ပင်ဆိုစေကာ မူဘယ်သူမပြုမိမိမှုပဲ မဟုတ်ပါလား၊ ရောဂါဖြစ်အောင်ရှာဖွေ နေကြခြင်းသာဖြစ်ပါတယ်။

ဒေါက်တာဇွဲကောင်းချစ်

Health Care