ဆောင်းအကုန် နွေအကူး လေရူးကလည်း တဟူးဟူးနှင့် စတင်ပူလောင်လာလေပြီ။ ဖေဖော်ဝါရီလရဲ့ တစ်ခုသော နေ့လည်ခင်း ၁ နာရီခန့်အချိန်။ ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံ သားဖွားမီးယပ်ဆောင် ပြင်ပလူနာဌာနတွင် ကိုယ်ဝန်ဆောင်သည်များ ပြည့်ကျပ်လျက်။ မီးမဖွားခင် ကိုယ်ဝန်ကြိုတင်စောင့်ရှောက်ရန် ရောက်ရှိနေကြခြင်း။ အလုပ်သင်ဆရာဝန်ပေါက်စ ဒေါက်တာချမ်းမင်း ဗိုက်ဆာနေပြီ။

မနက်စာပင် မစားရသေး …

“နောက်တစ်ယောက် ဝင်ခဲ့ပါ” ဟု ဒေါက်တာချမ်းမင်း အော်ခေါ်လိုက်သည်။ ကိုယ်ဝန်ဆောင်သည်တစ်ဦး ဝင်လာသည်။ အသက်က အတော်ငယ်မယ့်ပုံ၊ အရပ်က ခပ်ပုပု၊ ဤအရပ်နှင့်ဆိုလျှင် ခွဲမွေးရနိုင်သည်ဟု တွေးမိသည်။ ကိုယ်ဝန်စောင့်ရှောက်မှုမှတ်တမ်းကို ကြည့်လိုက်သည်။ “ဘုရားရေ … အသက် ၁၃ နှစ်ဆိုပါလား” အသက် ၁၃ နှစ်သည် ရာသီသွေးပေါ်ကာစ အပျိုဖော်ဝင်ကာစ အချိန်ဖြစ်သည်။ တချို့ မိန်းကလေးများတွင် ဒိထက်နောက်ကျသည်။ မည်သို့ပင် ဆိုစေ ဤအရွယ်တွင် ပြေးလွှားဆော့ကစားနေရမည့် ကလေးက ကိုယ်ဝန်လွယ်ထားရပြီ။

ဒေါက်တာချမ်းမင်း (ချမ်း) – “သမီး အသက်ဘယ်လောက်မှာ အိမ်ထောင်ကျလဲ”

ကိုယ်ဝန်ဆောင်ကလေးမ (မ) – “မသိဘူးဆရာ”

ချမ်း – “သမီးရာသီသွေး အသက်ဘယ်လောက်မှာ စပေါ်လဲ”

မ – “မသိဘူးဆရာ”

ဒေါက်တာချမ်းမင်းအားမလျှော့။ နောက်တစ်ခုထပ်မေးသည်။

ချမ်း – “သမီး နင်ရာသီသွေးပေါ်တယ်ဆိုတာရောသိလား”

မ – “မသိဘူးဆရာ”

ခက်ချေပြီ ဒီကလေးမ “မသိဘူး” ဟူသောစကားလုံးကို Record လုပ်ကာ ဖွင့်ပြနေသလားမသိ။

ချမ်း – “ကလေးရောလှုပ်လားသမီး”

မ – “လှုပ်တယ်ဆရာ”ဟု ရယ်လျက် … ဖြေ၏။

“ညည်းလည်း ကလေးပါပဲ သမီးရယ်”လို့ တိုးတိုးငြီးရင်း သူက ရယ် ကျွန်တော်က မောရ၏။

ထပ်မံသိရှိရန် လိုအပ်သော အကြောင်းအချက်များက ရှိသေးသည်။ ဒီကလေး ဖြေတတ်မည့်ပုံမပေါ်။ သို့နှင့် “လူကြီးအဖော်ပါလား”ဆိုတော့ “အဒေါ်ပါသည်”တဲ့။ ဒါနဲ့ အဒေါ်ဆိုသူကို ခေါ်လိုက်သည်။

ချမ်း – “အဒေါ် ကလေးက အသက်ဘယ်လောက်မှာ အိမ်ထောင်ကျတာလဲ”

အဒေါ်(ဒေါ်) – “၁၃နှစ်ပါ ဆရာ”

ချမ်း – “၁၃ နှစ်မှာ အိမ်ထောင်ကျပြီး ကိုယ်ဝန်တန်းရတာပေါ့”

ဒေါ် – “ဟုတ်ပါတယ်ဆရာ ကလေးက မုဒိန်းကျင့်ခံရတာပါ”

ချမ်း – “ဗျာ ကျွန်တော့ကို သေချာပြောပြပါအုန်း”

ဒေါ် – “ကလေးက ပထွေးနဲ့ နေရတာပါ။ အမေလဲ ရှိပါတယ်၊ ပထွေးက မုဒိန်းကျင့်တာပါဆရာ”

ချမ်း – “အမေက ဒါတွေ မသိဘူးလား”

ဒေါ် – “ပထွေးက အစတုန်းက ကလေးကို ဂရုစိုက်တယ်ဆရာ။ ချစ်လည်းချစ်တယ်။ အဲ့ဒါနဲ့ အမေကလည်း စိတ်ချလက်ချလွှတ်ထားတယ်ဆရာ”

ချမ်း – “အမေက အိမ်မှာ မရှိဘူးလား”

ဒေါ် – “သူ့အမေက ညဘက်တော့ အိမ်မှာရှိတယ်ဆရာ။ နေ့လည်နေ့ခင်းဆို သူလဲ ပျိုးနုတ်ပေါင်းသင်လုပ်ပေါ့ ဆရာရယ်”

ချမ်း – “ကလေးက ကျောင်းမနေဘူးလား”

ဒေါ် – “ရှေ့နှစ်တုန်းက တက်ပါသေးတယ် အခု ၁၃ နှစ်ကျမှ သူ့ပထွေးက လယ်ထဲမှာခိုင်းမယ်ဆိုပြီး ကျောင်းထုတ် လိုက်တာ”

အော် … အကြံပက်စက်လေခြင်း …

ဒေါ် – “ကလေးက ကိုယ်ဝန်ရပြီး လေးလလောက်ကြာမှ ဗိုက်ကပူလာတာရယ်၊ နေထိုင်မကောင်းတာရယ်နဲ့ ဆေးခန်းပြတော့မှ ကိုယ်ဝန်ရှိမှန်းသိရတယ်။ အဲ့ကျ အတင်းမေးကြည့်တော့ သူ့ပထွေး မုဒိန်းကျင့်တာ သိရတာ”

ချမ်း – “ဒါဆို ကလေးက စဖြစ်ကတည်းက မပြောဘူးပေါ့”

ဒေါ် – “ကလေးက အရမ်းလည်းငယ်တော့ ဘာမှသိပ်မသိဘူးဆရာ။ အခု ကိုယ်ဝန်လွယ်ထားတာတောင် သူဘာကြီးမှန်း မသိသေးဘူး။ ပထွေးကလည်း ချော့လိုက်၊ ခြိမ်းခြောက်လိုက်နဲ့ဆိုတော့ မပြောရဲဘူးပြောတယ် ဆရာ”

ဟုတ်ပါ၏။ ဒီကလေးမ စိုးရိမ်ပူပန်ပုံမပေါ်။ ကိုယ်ဝန်ဆောင်မိခင်များ သင်္ချိုင်းကုန်းကို တစ်နေ့ မျက်စောင်းသုံးခါထိုးသည် ဟူသတဲ့။ မှန်၏။ ကိုယ်ဝန်ဆောင်ရခြင်း၏ဒါဏ်ကို ကိုယ်ဝန်ဆောင် ဖူးသူများပင်မခံနိုင်။ ယခုတော့ ပြေးလွှားဆော့ကစား နေရမည့်အရွယ် ကလေးငယ်က ခါးစည်းခံနေရပြီ။ သို့သော် သူသိပုံမပေါ်။ မသိခြင်းကလည်း တစ်မျိုးကောင်း၏။

အကုန်မေးပြီးနောက် ကိုယ်ဝန်ကို စမ်းသပ်ကြည့်သည်။ စမ်းသပ်ချက်များအရရော တီဗွီဓာတ်မှန် အဖြေများအရပါ ကိုယ်ဝန်က ကိုးလတင်းတင်းစေ့တော့မည်။ ဤအသက်၊ ဤအရပ်နဲ့ဆို သေချာ ပေါက်ခွဲမွေးရမည်။

ချမ်း – “ဒါနဲ့ အဲ့ပထွေးရော”

ဒေါ် – “အမှုဖြစ်ပြီး ထောင်ထဲမှာဆရာ”

“ကောင်းတယ်”ဟု ဒေါက်တာ ချမ်းမင်း ရေရွတ်မိသည်။
စမ်းသပ်ချက်များ၊ ကုသချက်များနှင့် အခြားဖြည့်သင့်သော အချက်အလက်များကို ကိုယ်ဝန် ကြိုတင်စောင့်ရှောက်မှု မှတ်တမ်းတွင် ဖြည့်ရင်း မှတ်တမ်းပေါ်က တစ်နေရာကို မျက်စိကစားမိသည်။

“ခင်ပွန်းအမည် – ဦးစန်း”တဲ့ …

ချမ်း – “ဒီ ဦးစန်းဆိုတာက ပထွေးလား”ဟု အဒေါ်ဖြစ်သူကို မေးလိုက်သည်။

ဒေါ် – “ဟုတ်တယ်ဆရာ”

ဒေါက်တာချမ်းမင်း ခင်ပွန်းအမည်နေရာမှ ဦးစန်းဆိုသော နာမည်အား သုံးချက်ခြစ်ပစ်ခဲ့သည်။ အရောင်စိုသော တောက်သော မှင်လုံးကြီးသော ဘောပင်နှင့် … ခြစ်ပစ်ခဲ့သည်။
နက်နက်ရှိုင်းရှိုင်း … စူးစူးရှရှ … အားပါပါ

မောင်စူးမွန်

Health Care