ဆေးသိပ္ပံသတင်းများအရ ခရမ်းချဉ်သီးသည် ၂၁ ရာစုတွင် ရေပန်းစားလှ၏။ အနောက်တိုင်းဆေးသိပ္ပံ တွေ့ရှိချက်အရ ခရမ်းချဉ်သီးတွင် ကင်ဆာကိုချေမှုန်းနိုင်သော လက်နက်ရှိသည်ဟု ဆိုကြသည်။ ထိုလက်နက်မှာ ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေရန် ခြယ်သပေးသော လိုက်ကိုပင်း (Lycopene) ဖြစ်သည်။

ခရမ်းချဉ်သီးတွင်ပါသော လိုက်ကိုပင်းက ပန်ကရိယကင်ဆာဖြစ်ရန် ကြီးမားသော အဟန့်အတားဖြစ်သည်။ သွေးထဲတွင် လိုက်ကိုပင်းနည်းပါးခြင်းသည် ပန်ကရိယကင်ဆာဖြစ်စေရန် နိမိတ်ပြသလိုဖြစ်နိုင်သည်။ ကင်ဆာလူနာများ၏ ထင်ရှားသောပြသချက်မှာ သွေးထဲ၌ လိုင်ကိုပင်းနိမ့်ကျခြင်းဖြစ်သည်။ သွေးထဲ၌ လိုင်ကိုပင်းပမာဏ အနည်းဆုံးရှိသူများသည်  လိုက်ကိုပင်းအများဆုံးရှိသူတွေထက် ပန်ကရိယကင်ဆာဖြစ်ဖို့ အန္တရာယ်ငါးဆကျော်ရှိနေသည်။ ထို့ကြောင့် ၂၁ ရာစုမှာ လိုက်ကိုပင်းပါဝင်နှုန်းကောင်းသော ခရမ်းချဉ်သီးကို စားဖို့လိုအပ်ပေသည်။မပြုပြင်ရသေးသော ခရမ်းချဉ်သီးတွင် ဗီတာမင်စီ ၂၃ မီလီဂရမ် ပါဝင်ပြီး လိုက်ကိုပင်းမှာ ၄၆၃၁ မိုက်ခရိုဂရမ် ပါဝင်လေသည်။ ချက်ပြီးသောခရမ်းချဉ်သီးတွင် လိုက်ကိုပင်း ၇၂၉၈ မိုက်ခရိုဂရမ် ပါဝင်သည်။

ဂျာမန်သုတေသီများ၏လေ့လာချက်အရ ခရမ်းချဉ်သီးတွင်ပါဝင်သော လိုက်ကိုပင်းသည် အသားအရေ ကျန်းမာစေရန်၊ နုပျိုလှပစေရန် အထောက်အကူပြုသည်ဟုဆိုပါသည်။ ထို့ပြင် ခရမ်းချဉ်သီးတွင်ပါဝင်သော Caffeic နှင့် Ferulic Acid ဓာတ်တို့ကလည်း ကင်ဆာရောဂါကို တိုက်ဖျက်ပေးသည်ဟု ဆိုသည်။ ယခုအခါ ခရမ်းချဉ်သီးနှင့်ပြုလုပ်သော အသားဖြူ (Lotion) များနှင့် ခရမ်းချဉ်သီးဆပ်ပြာပင် ထုတ်လုပ်နေပြီဖြစ်သည်။တိုင်းရင်းဆေးပညာသဘောအရ အပူဟပ်ခြင်း၊ အပူလောင်ခြင်းတို့ဖြစ်လျှင် ဆားလက်တစ်ဆုပ်ကို ရေနှင့်စပ်ပြီး အပူလောင်သောလက်ကို စိမ်ရသည်။ ထို့နောက် ခရမ်းချဉ်သီးအတွင်းအနှစ်သားကို လက်၌လိမ်းပေးလျှင် မီးလောင်ဖု မထွက်တော့ပေ။

အအေးပတ်မည်စိုး၍ ရေမချိုးချင်သူများ၊ အသားပတ်၊ ဆံပင်ကျွတ်၊ မျက်စိကြည့်မကောင်း၊ ဗောက်ထ၊ မျက်ရည်ပူကျခြင်းတို့ဖြစ်ပါက ခရမ်းချဉ်သီးစိမ်းကို သုပ်ကျွေးခြင်းဖြင့် ရေချိုးချင်စိတ်ကိုဖြစ်စေသည်။ခရမ်းချဉ်သီးအစိမ်းကို နေ့စဉ်စားပေးခြင်းဖြင့် ဆီးချိုတက်ခြင်းကိုထိန်းပေးပြီး အနာကိုလည်းကျက်စေပါသည်။ ဆီးချိုကြောင့် ရေငတ်ခြင်းကိုလည်း ခရမ်းချဉ်သီးမှည့်စားပေးခြင်းဖြင့် သက်သာစေနိုင်သည်။ကြက်မျက်သင့်ခြင်း၊ မျက်စိအားနည်းသူ၊ ကွန်ပျူတာအသုံးများသူ၊ ဖုန်းကြောင့် အာရုံကြောအားနည်းသူများ ခရမ်းချဉ်သီးစားသုံးရန် အထူးသင့်လျော်ပေသည်။

ငါးကျည်းခြောက်နှင့် ခရမ်းချဉ်သီးကို ကြော်၍လည်းကောင်း၊ ချက်၍လည်းကောင်း စားပေးခြင်းဖြင့် အစာအိမ်အချဉ်ပေါက်နှင့် အစာအိမ်ရောဂါကို သက်သာပျောက်ကင်းစေသည်။အဆိပ်အတောက်နှင့် ပတ်သက်သောရောဂါ၊ ဝမ်းတွင်းနာရောဂါ၊ ကျောကုန်းအောင့်ခြင်း၊ မူးဝေတတ်ခြင်း၊ အိပ်ငိုက်တတ်ခြင်းများအတွက် ငါးပတ်သားနှင့် ခရမ်းချဉ်သီးဟင်းလျာကို ဆေးဝါးဓာတ်စာအဖြစ် မှီဝဲစားသုံး နိုင်သည်။

ခရမ်းချဉ်သီးမှည့်၏ အရည်ကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ ပုံမှန်သောက်သုံးပေးပါက အားအင်ကုန်ခမ်းခြင်း အတွက် များစွာအထောက်အကူဖြစ်စေပြီး အင်အားကိုပြန်လည်ရရှိစေပါသည်။ခရမ်းချဉ်သီးအမှည့်အနှစ်ကို ငုံပေးခြင်း၊ လျှာပေါ်ပွတ်ပေးခြင်း ဖြင့် ပါးစပ်တွင် ရာသီဥတုကြောင့် ဖြစ်သော အပူကန်ရောဂါကို သက် သာစေပြီး ခရမ်းချဉ်သီးမှည့်ကို ထန်းလျက်ဖြင့် ယိုထိုးကျွေးပါက ဝမ်းချုပ်၍ အီနေသောကလေးငယ် ကို သက်သာပျောက်ကင်းစေပါ သည်။

ခရမ်းချဉ်သီးကို သိပ္ပံနည်းကျဓာတ်ခွဲပါက ဆေးသိပ္ပံပညာရှင်များ၏ တွေ့ရှိချက်မှာ ခရမ်းချဉ်သီးမှည့် ၁ဝဝ ဂရမ် တွင် ဗီတာမင်အေ ၃၈၅ဝ ယူနစ်၊ ကယ်လိုရီ ၂၆၅ ယူနစ်၊ ရေငွေ့ဓာတ် ၉၃.ဝ ယူနစ်၊ ပရိုတင်းဓာတ် ၁.၃၇ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၅.၁၃ ဂရမ်၊ ကယ်စီယမ် ၁၁.ဝ မီလီဂရမ်၊ ဖော့စ်ဖရပ် ၅၃.ဝ မီလီဂရမ်၊ သံဓာတ် ၁.၄ မီလီဂရမ်၊ ဗီတာမင်စီ ၁၈.၆ မီလီဂရမ်၊ ဗီတာမင်ဘီဝမ်း ၄ဝ မီလီဂရမ် ပါဝင်သည်ဟု ဆိုသည်။တစ်ခုသတိပြုရန်မှာ ဓာတုဆေးဝါးအကူအညီဖြင့် စိုက်ပျိုးသော ခရမ်းချဉ်သီးမှာ အလုံးကြီး၍ နှစ်သက်ဖွယ် ဖြစ်သော်လည်း အနှစ်တွင် အချဉ်အရသာလျော့နည်းနေတတ်၍ ဆေးဖက်ဝင်မှု အားနည်းလှပေသည်။

ရွှေနန်းစံ

Health Care