ခါးနာတဲ့ဝေဒနာဟာ သင့်ကို မကြာခဏဒုက္ခပေးနေသလား။ သင်ဟာ တစ်ခါတရံခါးနာတဲ့အတွက် အကိုက်အခဲ ပျောက်ဆေးသောက်လိုက်ပြီး ဝေဒနာသက်သာနိုင်ပေမယ့် မကြာခဏခါးနာတတ်ရင်တော့ အကိုက်အခဲပျောက် ဆေးတွေ ရေရှည်စွဲမသောက်သင့်ပါဘူး။ အကိုက်အခဲပျောက်ဆေးတွေဟာ အစာအိမ်နဲ့နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒါကြောင့် ခါးနာဝေဒနာအတွက် သက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

ခါးနာတဲ့အချိန် အိပ်ရာထဲဝင်ပြီး အနားယူဖို့ အကြံပြုတတ်ကြပေမယ့် ကြာရှည်အိပ်ရာထဲလဲလျောင်းနေခြင်းက မကောင်းပါဘူး။ နှစ်ရက်ထက်ကြာအောင်လဲလျောင်းနေရင် ခါးနာတာကိုပိုဆိုးစေပါတယ်။ သင့်နောက်ကျောက ကြွက်သားတွေဟာ အားပျော့လာတဲ့အတွက် သင်ထလိုက်တဲ့အခါ နာတာပိုဆိုးသွားပါလိမ့်မယ်။ ဒါကြောင့် ဆရာဝန်တွေက တစ်ရက် ဒါမှမဟုတ် နှစ်ရက်သာ အိပ်ရာထဲမှာနားနေဖို့ အကြံပြုကြတာပါ။

သင်ဟာ မကြာခဏ ခါးနာတတ်သူဆိုရင် ခါးနည်းနည်းနာနေချိန်မှာတောင် လှုပ်ရှားမှုရှိဖို့တော့လိုပါတယ်။ ဒါပေမယ့် ပစ္စည်းတွေမတာမျိုး၊ ဘတ်စကက်ဘောလိုမျိုး ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတော့မလုပ်ပါနဲ့။ ပန်းကန် ဆေးတာ၊ လမ်းလျှောက်တာနဲ့ ညင်သာတဲ့ လေ့ကျင့်ခန်းတွေလုပ်တာမျိုးတော့ လုပ်လို့ရပါတယ်။ ဒီလို ပုံမှန် လှုပ်ရှားမှုလေးတွေလုပ်ပေးခြင်းက ခါးနာတာကိုသက်သာစေပြီးမြန် မြန်ပြန်လည်ကျန်းမာလာစေပါတယ်။ သတိပြုရမှာက ဘယ်လိုလေ့ကျင့်ခန်း ဒါမှမဟုတ် လှုပ်ရှားမှုပဲဖြစ်ဖြစ် သင့်ရဲ့နာကျင်မှုကို ပိုဆိုးစေတယ်ဆိုရင် အဲဒီလှုပ်ရှားမှုကို ချက်ချင်းရပ်ပစ်လိုက်ပါ။

သင့်မှာ နာတာရှည်ခါးနာတဲ့ဝေဒနာရှိရင် ဆရာဝန် ဒါမှမဟုတ် ကာယကုသပညာရှင်တဦးနဲ့ပြပြီး နောက်ကျောနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေဖို့၊ ခန္ဓာကိုယ်ပျော့ပျောင်းမှုကို တိုးတက်စေဖို့နဲ့ ကိုယ်ဟန်အနေအထား တိုးတက်စေဖို့အတွက် သင့်တော်တဲ့လေ့ကျင့်ခန်းတွေကို သူ့ရဲ့ညွှန်ကြားချက်အတိုင်း ပြုလုပ်ပေးဖို့လိုပါလိမ့် မယ်။ ဒီလေ့ကျင့်ခန်းတွေဟာ နာတာရှည်ခါးနာတာကိုသက်သာစေပြီး နောက်ထပ်မနာအောင် ကာကွယ်ရာမှာ လည်းကူညီပေးပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ရုတ်တရက် စူးစူးရှရှနာကျင်မှုကို ခံစားနေရချိန်မှာ လေ့ကျင့်ခန်း က မကူညီနိုင်ပါဘူး။ ဒါ့ကြောင့် နာကျင်နေချိန်မှာ လေ့ကျင့်ခန်းမလုပ်ဘဲ နာကျင်မှုတွေ လျော့ပါးသက်သာသွား မှသာ လေ့ကျင့်ခန်းလုပ်ပါ။

အက်စ်ပရင်ဟာ ခါးနာတာအတွက် အစွမ်းထက်ဆေးပါ။ တခြားအကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Ibuprofen, Naproxen နဲ့ ပါရာစီတမောတွေကလည်း ခါးနာတာကို သက်သာစေပါတယ်။ ဘယ်လို အကိုက်အခဲပျောက် ဆေးကိုပဲသောက်သောက် ဆေးဘူးပေါ်မှာပါတဲ့အညွှန်းအတိုင်း အတိအကျလိုက်နာပါ။ အထူးသဖြင့် သတ်မှတ် ထားတဲ့ဆေးပမာဏထက် ပိုမသောက်မိအောင် ဂရုစိုက်ပါ။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အကိုက်အခဲပျောက် ဆေးတွေကို နေ့စဉ်သောက်နေတာမျိုး မလုပ်သင့်ပါဘူး။ တစ်ပတ်ခန့်ကြာပြီးနောက် နာကျင်တာမသက်သာရင် ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပါ။

ရေခဲကပ်ခြင်းဟာ ခါးနာသက်သာစေတဲ့ နည်းလမ်းတစ်ခုပါ။ ရေခဲအိတ် Ice Pack တစ်ခုဝယ်ပါ။ ဒါမှမဟုတ် ရေခဲတုံးလေးတွေကို ပလတ်စတစ်အိတ်တစ်ခုမှာထည့်ပြီး အဲဒီအပေါ်ကအဝတ် ဒါမှမဟုတ် တဘက်တစ်ထည် နဲ့ထုပ်လိုက်ပါ။ အဲဒီရေခဲထုပ်ကို နာကျင်နေတဲ့သင့်ခါးပေါ်တင်ပေးပါ။ တစ်ကြိမ်တင်ရင် မိနစ် ၂ဝ ခန့်နဲ့ တစ်နေ့ မှာ အကြိမ်များစွာတင်ပေးပါ။ ရေခဲမှာ အနာကျက်စေနိုင်တဲ့စွမ်းအားရှိပါတယ်။

ခါးနာတာ သက်သာလာပြီဆိုရင် အအေးကနေ အပူပြောင်းကပ်ပါ။ အပူကပ်ပေးခြင်းဟာ သင့်ခါးဆီ သွေးလှည့် ပတ်မှုကောင်းအောင်အားပေးပြီး တင်းကျပ်နေတဲ့ကြွက်သားတွေကို ပြေလျော့စေပါတယ်။ သင့်ကို အပူမလောင် စေဖို့အတွက် အသင့်အတင့်သာပူပါစေ။ အလွန်မပူပါစေနဲ့။ ရေနွေးထဲမှာ တဘက်တစ်ထည်ကိုနှစ်ပြီး ရေညှစ် ပါ။ ပြီးရင် အဲဒီတဘက်ကို တခြားတဘက်တစ်ထည်ထဲမှာထည့်ထုပ်ပြီး မိနစ် ၂ဝ ခန့်ကပ်ပေးပါ။

လတ်တလော လေ့လာမှုတွေအရ ဆေးလိပ်သောက်ခြင်းနဲ့ ခါးနာခြင်းအကြား အံ့သြစရာကောင်းတဲ့ ဆက်နွယ် မှုရှိနေတာကို တွေ့ရပါတယ်။ ဘာကြောင့်မှန်း သေချာမသိပေမယ့် ဒီပုံစံနာကျင်မှုကို ဆေးလိပ်သောက်သူတွေ ပိုခံစားရတာကို တွေ့ရပါတယ်။ ဆေးလိပ်ဖြတ်လိုက်ရင် ခါးနာပျောက်သွားလိမ့်မယ်လို့ အတိအကျမပြောနိုင်ပေ မယ့် ဆေးလိပ်ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။

ညအချိန်ဟာ သင့်ခါးတွေကို ထောက်ပံ့ဖို့နဲ့ လိုအပ်တဲ့အနားယူမှုရဖို့အတွက် အချိန်ကောင်းပါပဲ။ သင့်အတွက် သက်တောင့်သက်သာဖြစ်တဲ့အနေအထားမှာ အိပ်စက်ဖို့လိုပါတယ်။ ခါးကွေးထားလျက် ဒါမှမဟုတ် မသက်မသာအနေအထားနဲ့ အိပ်ပျော်သွားတာမျိုး မဖြစ်ပါစေနဲ့။

ချုပ်ပြီးပြောရရင် ခါးနာတာကို သက်သာစေတဲ့နည်းလမ်းတွေက လှုပ်ရှားမှုရှိပါ။ ဒဏ်မဖြစ်အောင်ကာကွယ်ပါ။ လိုအပ်ရင်ဆေးသောက်ပါ။ အအေးကပ်ပါ။ အပူကပ်ပါ။ ဖိစီးမှုရှိရင် ကြိုးစားပြီးဖြေလျှော့ပါ။ သက်တောင့်သက် သာ ကောင်းကောင်းမွန်မွန်အိပ်စက်ပါလို့ ပြောပါရစေ။

သင့်ရဲ့ခါးနာဝေဒနာအတွက် ကုသမှုလုပ်ဆောင်မယ့်နည်းလမ်းတွေကို သင်ကိုယ်တိုင်နားလည်အောင်ကြိုးစား ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ချပါ။ သင့်ကို ကုသပေးတဲ့ဆရာဝန်နဲ့ ကာယကုပညာရှင်တွေရဲ့ လမ်းညွှန်ချက် ကို ဂရုစိုက်လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပါ။

ရွှေနန်းစံ

Health Care