ချောင်းဆိုးခြင်းဆိုသည်မှာ အလိုအလျောက် လည်ချောင်းရှင်းခြင်းကြောင့် ဖြစ်နိုင်သည်။ တခါတရံ ချောင်းဆိုးခြင်းက ရောဂါတစ်ခုခုကြောင့် မဟုတ်ဘဲ သာမန်အခြေအနေသာ ဖြစ်သော်လည်း ရက်ဆက်ချောင်းဆိုးခြင်းမှာ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ပါသည်။ ချောင်းဆိုးခြင်းတွင် ချောင်းခြောက်ဆိုးခြင်းနှင့် ချောင်းအစိုဆိုးခြင်း ဖြစ်စေနိုင်ပါသည်။ ချောင်းခြောက်ဆိုးခြင်းမှာ လည်ချောင်းယားယံမှုကြောင့် ဘာမှမပါဘဲ ချောင်းခြောက်သီးသန့်သာ ဆိုးခြင်းဖြစ်ပြီး ချောင်းအစိုဆိုးခြင်းတွင်မူ ချွဲ၊ သလိပ်များ ပါလာနိုင်သည်။ ဆေးပညာတွင် ချောင်းဆိုးခြင်းကို ရုတ်တရက်ချောင်းဆိုးခြင်း(Acute)နှင့် နာတာရှည် ချောင်းဆိုးခြင်း(Chronic)ဟူ၍ ခွဲခြားထားပါသည်။ ရက်သတ္တပတ် ရှစ်ပတ်နှင့်အထက် အဆက်မပြတ် ချောင်းဆိုးနေပါက နာတာရှည် ချောင်းဆိုးခြင်း(Chronic)ဟု သတ်မှတ်ထားပါသည်။ ယခုဆောင်းပါးတွင် ချောင်းခြောက်ဆိုးခြင်း ဖြစ်စေနိုင်သည့် ရောဂါ၊ အကြောင်းအရင်းနှင့် ကုသမှုနည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။
“ပန်းနာရင်ကြပ်”
ပန်းနာရင်ကြပ်ရောဂါသည် အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းပြီး ရောင်ယမ်းမှုဖြစ်ကာ အဆုတ်ကို နာတာရှည် ထိခိုက်စေနိုင်သော အခြေအနေဖြစ်သည်။ ပန်းနာရင်ကြပ်၏ အဖြစ်အများဆုံး လက္ခဏာထဲမှ တစ်ခုမှာ ချောင်းဆိုးခြင်းဖြစ်ပြီး ညဘက်နှင့် ပထမဆုံးအိပ်ရာနိုးသော မနက်ခင်း အစောပိုင်းတွင် ပိုဆိုးတတ်သည်။ မကြာခဏ ချောင်းအစိုဆိုးလေ့ ရှိသော်လည်း Cough-Variant Asthma (ခေါ်) ပန်းနာရင်ကြပ် ရောဂါတစ်မျိုးတွင် ချောင်းခြောက်အဆိုးများသည်။ ပန်းနာရင်ကြပ်၏ အခြားလက္ခဏာများမှာ အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ တင်းကြပ်နေသကဲ့သို့ခံစားရခြင်းတို့ ဖြစ်သည်။
“ကုသမှုနည်းလမ်းများ”
ရောဂါကို အရှင်းပျောက်ကင်းအောင် ကုသနိုင်သောနည်းလမ်းများ ယခုအချိန်အထိ မရှိသေးသော်လည်း လက္ခဏာများကို လျော့ပါးသက်သာစေပြီး နောက်ထပ်မဖြစ်စေရန် ကာကွယ်နိုင်သည့် ကုသမှုနည်းလမ်းများရှိပါသည်။ အများအားဖြင့် အောက်ပါဆေးဝါးများကို အသုံးပြုကုသလေ့ရှိပါသည်။
– ရောဂါလက္ခဏာ ပြင်းထန်ဆိုးရွားလာလျှင် အမြန်သက်သာစေသည့် ရှူဆေး (Short- Acting Beta-2 Agonist) ကိုအသုံးပြုခြင်း
– ရေရှည်ဆေးဝါးအနေဖြင့် စတီးရွိုက်ရှူဆေး (Low Dose Corticosteroids)ကို အသက်ရှူလမ်းကြောင်း ရောင်ယမ်းမှု လျော့ကျစေရန်နှင့် ရောဂါကိုထိန်းချုပ်ရန် အသုံးပြုလေ့ရှိကြပါသည်။
“အစာချဉ်ပြန်ရောဂါ (Gastroesophageal Reflux Disease- GERD)”
အစာချဉ်ပြန်ရောဂါ (GERD) သည် အစာအိမ်ရှိ အက်ဆစ်ဓာတ်များ အစာရေမျိုမှတဆင့် ပြန်ထွက်လာခြင်းဖြစ်သည်။ သုတေသနများအရ အစာချဉ်ပြန် ရောဂါခံစားရသူ (၄၀) ရာခိုင်နှုန်းကျော်တွင် နာတာရှည် ချောင်းခြောက်ဆိုးခြင်းမျိုး ဖြစ်ပွားတတ်သည်။ အခြား ရောဂါလက္ခဏာများ အနေဖြင့်
– ရင်ပူခြင်း
– ပျို့ခြင်း
– အော့အန်ခြင်း
– မျိုရခက်ခြင်း၊ တစို့စို့ခံစားရခြင်း
– ပါးစပ်တွင် ချဉ်စော်ရခြင်း၊ အနံ့အသက်မကောင်းခြင်း စသည်တို့ ခံစားရနိုင်သည်။
“ကုသမှုနည်းလမ်းများ”
ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် အစာချဉ်ပြန်ရောဂါကို သက်သာစေနိုင်သည်။
– နေ့စဉ် ထမင်းတစ်ခါစားလျှင် ပမာဏအများကြီး စားမည့်အစား အစာနည်းနည်းကို အကြိမ်ရေများစွာ ခွဲစားပေးခြင်း
– ရောဂါလက္ခဏာ ပိုဆိုးစေနိုင်သည့် အဆီနှင့် အပူအစပ်များသော အစားအစာတို့ကို ရှောင်ကြဉ်ခြင်း၊ ကန့်သတ်စားသုံးခြင်း
– ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
– ဆေးလိပ်ဖြတ်ခြင်း၊ အရက်/ဘီယာသောက်သုံးမှုကို လျှော့ချခြင်း/ လုံးဝမသောက်သုံးခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ဆရာဝန်ညွှန်ကြားမှုအရ အစာအိမ်ဆေးဝါးများ သောက်သုံးပေးခြင်းဖြင့်လည်း ရောဂါလက္ခဏာများ သက်သာပျောက်ကင်း စေနိုင်ပါသည်။
“အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောဂါပိုးကူးစက်ခြင်း”
အအေးမိ၊ တုပ်ကွေး/ဖျားနာခြင်းများသည် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ရောဂါပိုး ကူးစက်မှုကြောင့်ဖြစ်ပြီး ရုတ်တရက် ချောင်းဆိုးစေနိုင်သည်။ အစပိုင်းတွင် ချောင်းအစို ဆိုးစေပြီး နောက်ပိုင်းတွင် ချောင်းခြောက်ဆိုးစေနိုင်သည်။ အခြားရောဂါလက္ခဏာများမှာ အဖျားရှိခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ နာရည်ယို/နှာစေးခြင်းတို့ ဖြစ်သည်။
“ကုသမှုနည်းလမ်းများ”
အများစုတွင် လုံလောက်စွာအနားယူခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊ အရည်များများ သောက်ခြင်းတို့ဖြင့် ပြန်လည်ကောင်းမွန်နိုင်သည်။ အဖျားနှင့် နာကျင်ကိုက်ခဲမှုများအတွက် ဆရာဝန်၏ညွှန်ကြားချက်ဖြင့် ဆေးဝါးများ သောက်သုံးနိုင်ပါသည်။
“Postnasal Drip”
Postnasal Drip ဆိုသည်မှာ နှာခေါင်းမှ အရည်များ လည်ချောင်းသို့ ကျခြင်းဖြစ်သည်။ လည်ချောင်းထဲသို့ နှာခေါင်းမှ အရည်များကျခြင်းကြောင့် ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်သည်။ ချောင်းအစိုဖြစ်နိုင်သလို ရံဖန်ရံခါ၌ ချောင်းခြောက်ဆိုးခြင်း ဖြစ်စေနိုင်သည်။ နှာခေါင်း/လည်ချောင်းပိုးဝင်ခြင်းနှင့် Hay Fever ကဲ့သို့သော ဓာတ်မတည့်မှု အခြေအနေတို့ကြောင့် အဖြစ်များသည်။ နှာရည်ယို/နှာစေးခြင်း၊ လည်ချောင်းတွင် တစ်စို့စို့ဖြစ်သည်ဟု ခံစားရခြင်း၊ လည်ချောင်းနာခြင်း၊ မကြာခဏတံတွေး မျိုချခြင်းများလည်း တွေ့ရတတ်သည်။
“ကုသမှုနည်းလမ်းများ”
ရောင်ယမ်းမှုနှင့် နှာရည်ကျခြင်း သက်သာစေရန် Decongestants အသုံးပြုခြင်း၊ Nasal Sprays ဖျန်းဆေးအသုံးပြုခြင်း၊ Nasal Saline အရည်အသုံးပြုခြင်းတို့ဖြင့် ကုသနိုင်ပါသည်။
“အဆုတ်ကင်ဆာ”
နာတာရှည် ချောင်းခြောက်ဆိုးခြင်းသည် ရံဖန်ရံခါတွင် အဆုတ်ကင်ဆာ၏ ရောဂါလက္ခဏာတစ်ရပ် ဖြစ်နေတတ်ပါသည်။ အဆုတ်ကင်ဆာ၏ ရောဂါလက္ခဏာများမှာ
– ချောင်းဆိုးသွေးပါခြင်း
– အသက်ရှူရာနှင့် ချောင်းဆိုးရာတွင် ရင်ဘတ်အောင့်ဝေဒနာပိုဆိုးခြင်း
– ကိုယ်အလေးချိန်ကျဆင်းခြင်း၊
– အသက်ရှူရခက်ခဲခြင်း၊
– မောပန်းနွမ်းနယ်ခြင်း၊ ခြေကုန်လက်ပမ်းကျခြင်းတို့တွေ့ရတတ်ပါသည်။
“ကုသမှုနည်းလမ်းများ”
အဆုတ်ကင်ဆာ အမျိုးအစားနှင့် ဖြစ်နေသည့် အဆင့်အပေါ် မူတည်၍ ကုသမှုနည်းလမ်း ကွဲပြားနိုင်ပါသည်။ ရောဂါကို စောစီးစွာရှာတွေ့ခြင်းနှင့် အချိန်မီကုသမှုခံယူခြင်းတို့သည် လူနာအတွက် ရလဒ်ကောင်းစေ နိုင်ပါသည်။ ကုသမှု နည်းလမ်းများတွင် ခွဲစိတ်ကုသခြင်း၊ ကီမိုဆေးသွင်း ကုသခြင်း၊ ဓာတ်ကင် ကုသခြင်းတို့ ပါဝင်သည်။
“ကိုဗစ်-၁၉ (COVID-19)”
ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး SARS-CoV-2 ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဖြစ်နိုင်သည်။ ရောဂါလက္ခဏာများမှာ ချောင်းခြောက်ဆိုးခြင်း၊ ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ အဓိကဖြစ်နိုင်သည်။ ထို့အပြင် လည်ချောင်းနာခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယို/နှာစေးခြင်းများလည်း တွေ့ရတတ်သည်။ နောက်ပိုင်းတွင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပွားနိုင်ပြီး အချိန်မီမကုသပါက အချို့လူနာများတွင် အသက်သေဆုံးစေနိုင်သည်။
“ကုသမှုနည်းလမ်းများ”
လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါအား ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးဝါးမပေါ်သေးသော်လည်း ရောဂါလက္ခဏာများကို သက်သာစေနိုင်သည့် ကုထုံးနှင့် ဆေးဝါးများရှိပါသည်။ အခြားသူတို့နှင့် သီးသန့်ခွဲနေပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်အတိုင်း စနစ်တကျ ပူးပေါင်းဆောင်ရွက်ကာ လိုအပ်သော ကုသမှုခံယူသင့်ပါသည်။ အသက်ရှူခက်ခဲခြင်းများ ခံစားရလျှင် အထူးကြပ်မတ်ကုသမှုခံယူရန် လိုအပ်ပါသည်။
“ချောင်းခြောက်ဆိုးခြင်းလက္ခဏာကို ယာယီ သက်သာစေနိုင်သောနည်းလမ်းများ”
အဓိကဖြစ်စေသည့် ရောဂါအကြောင်းခံကို ကုသမှုပေးခြင်းသည် ချောင်းခြောက်ဆိုးခြင်း ပြင်းထန်မှုနှင့် အကြိမ်အရေအတွက်ကို လျော့ကျစေနိုင်သော အကောင်းဆုံးကုသမှု နည်းလမ်းဖြစ်ပါသည်။ ချောင်းခြောက်ဆိုးခြင်းကို အချိန်တိုအတွင်း ယာယီသက်သာစေနိုင်သော အိမ်တွင်းကုထုံးများလည်း ရှိပါသည်။
– ငုံဆေးများ(Lozenges)၊ ချောင်းဆိုးပျောက်ဆေးများ(Cough suppressants) သောက်သုံးခြင်း
– ခုတင်မြှင့်အိပ်ခြင်း (Elevating the bed)
– ကိုယ်ခန္ဓာအပေါ်ပိုင်းကို အနည်းငယ်မြှင့်အိပ်ခြင်းဖြင့် အစာချဉ်ပြန်ရောဂါ(GERD)နှင့် Postnasal Drip(လည်ချောင်းသို့နှာရည်ကျခြင်း) ရောဂါတို့ကို သက်သာစေနိုင်ပါသည်။
– ရေပူနှင့်ရေချိုးခြင်း စသည်တို့ပြုလုပ်ပေးနိုင်ပါသည်။
“ကာကွယ်နိုင်သည့်နည်းလမ်းများ”
အပြည့်အဝမဟုတ်သော်လည်း ကာကွယ်နိုင်သော နည်းလမ်းများရှိပါသည်။
– ဆေးလိပ်ဖြတ်ခြင်း
– ရေနှင့် အရည်များများသောက်ခြင်း
– အိပ်ခန်းတွင် ဓာတ်မတည့်မှုဖြစ်စေနိုင်သည့်အရာများကို ရှင်းလင်းထားရိြှခင်း
– လေကို သန့်စင်ရန် စိုထိုင်းမှုထိန်းစက်(Humidifier) အသုံးပြုခြင်း စသည်တို့လုပ်ဆောင်နိုင်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ချောင်းခြောက်ဆိုးခြင်းသည် ရက်အနည်းငယ်အတွင်း မသက်သာဘဲ ပိုမိုဆိုးရွားလာပါက နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ကုသသင့်ကြောင်း လမ်းညွှန် တင်ပြလိုက်ရပါသည်။
ဒေါက်တာဟိန်းဇာနည်