သက်လတ်နှင့် သက်ကြီးပိုင်းအရွယ် အမျိုးသား/ အမျိုးသမီးများအနေဖြင့် ချွေးထုတ်ခန်းသို့ အပတ်စဉ် ပုံမှန်သွားပေးခြင်းက ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့်ပြုလုပ်သကဲ့သို့ နှလုံးကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ရရှိစေကြောင်း ဖင်လန်နိုင်ငံရှိ သုတေသနတစ်ခုအရ သိရသည်။

University of Eastern Finland မှ သုတေသီများသည် ချွေးထုတ်ခန်းသို့ တစ်ပတ်လျှင် လေးကြိမ်မှ ခုနစ်ကြိမ်အတွင်း ပုံမှန်သွားလေ့ရှိသော သက်လတ်နှင့် သက်ကြီးပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီးစုစုပေါင်း (၁၆၈၈) ဦးကို ၁၅ နှစ်ကြာ စောင့်ကြည့် လေ့လာခဲ့ကြခြင်းဖြစ်ကာ အဆိုပါသုတေသန၏ နောက်ဆုံးရလာဒ်များအရ ချွေးထုတ်ခြင်းဖြင့် ခန္ဓာကိုယ်ရှိ သွေးကြောများကို ကျယ်စေပြီး သွေးလည်ပတ်မှုကောင်းမွန်စေခြင်း၊ သွေးပေါင်ချိန်ကို လျော့ကျစေခြင်း၊ အသက်ကြီးချိန်၌ ဖြစ်တတ်သော နှလုံးသွေးလွှတ်ကြောကျဉ်းခြင်း (Arteriosclerosis)ကို လျှော့ချပေးခြင်း၊ နှလုံးသွေးကြော ရုတ်တရက်ပိတ်ဆို့ခြင်း (Heart attack)ကို လျော့ကျစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဖော်ပြထားသည်။ “အခုလို ၁၅ နှစ်ကြာ လေ့လာခဲ့တဲ့ သုတေသနအရ ချွေးထုတ်ခန်း ပုံမှန်သွားလေ့ရှိသူတွေဟာ ကျန်းမာရေး ကောင်းမွန်ကြတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ သူတို့ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ အလေ့အကျင့် ကောင်းတွေဟာလည်း ကျန်းမာရေးအတွက် အရေးပါတဲ့ တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်” ဟု အဆိုပါတက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ Jari Laukkanen က သုံးသပ်ပြောကြားခဲ့သည်။ ၎င်းကို BMC ဆေးပညာဂျာနယ်တွင် ပုံနှိပ်ဖော်ပြထားပြီး နာတာရှည် ခေါင်းကိုက်ခြင်း၊ အရိုးနှင့်ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ စိတ်ရောဂါ အခြေအနေများအတွက်လည်း ချွေးထုတ်ခန်းသွားပေးခြင်းဖြင့် ဝေဒနာများ သက်သာလျော့ပါးစေကြောင်း သိရသည်။

ရဲခိုင် (ဆေး-၂)

Health Care