လူတွေရဲ့ ခန္ဓာကိုယ်မှာ ချွဲတွေထွက်တယ် နှာရည်တွေထွက်တယ်ဆိုတာ နေ့တဓူဝဖြစ်ရိုးဖြစ်စဉ်တခုပါ.. ချွဲကြပ်တိုင်း နှာစေးတိုင်းရောဂါဖြစ်တယ်ပြောလို့မရပါဘူး.. ပြင်ပကနေ ကိုယ်နဲ့မတည့်တဲ့ အမှုန်တွေ အနံ့တွေနဲ့ ဖုန်မှုန့်တွေကြောင့် နှာချေတာ ချောင်းဆိုးတာတွေဖြစ်တတ်ပါတယ်.. အပြင်က ရှူသွင်းလိုက်တဲ့ အရာတွေက မိမိနဲ့ဓါတ်မတည့်ဘူး အန္တရာယ်ပေးနိုင်တယ်ဆိုရင် အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အမွှေးအမျှင်လေးတွေက အဲဒီအရာတွေကို အဆုတ်ထဲမဝင်အောင်ဖယ်ရှားတာဖြစ်လို့ ဒါဟာ ကောင်းတဲ့တုန့်ပြန်မှုတစ်ခုပါ..

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကနေ တစ်နေ့ကို ချွဲ ၁ လီတာခန့်ထွက်ပါတယ်.. ဒါဟာဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ပြောပေမယ့် ထွက်နေကျပမာဏထက်ပိုလာရင်တော့ ရင်ကြပ်တာ အသက်ရှူကြပ်တာမျိုးတွေ ခံစားလာရရင် နေရထိုင်ရခက်လာနိုင်ပါတယ်.. ဒီလိုဖြစ်တာဟာ ခန္ဓာကိုယ်က ပိုးမွှားတွေတိုက်ထုတ်နေရတဲ့ လက္ခဏာဖြစ်တဲ့အတွက် အရမ်းပြင်းထန်လာတာဟာ မိမိရဲ့ ခန္ဓာကိုယ်ထဲကို ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်လာတာကို သိနိုင်တဲ့ နည်းလမ်းတစ်ခုပါ.. ဥပမာ နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါပေါ့.. နမိုးနီးယားခံစားရပြီဆိုရင် လူဟာ အရင်ဆုံးဖျားမယ်ချောင်းဆိုးမယ် ပြီးရင်အသက်ရှူကြပ်လာမယ်ပေါ့.. အဲလိုအဆင့်ဆင့်ဖြစ်လာနိုင်ပါတယ်..

ကျွန်မတို့နိုင်ငံမှာက ဖျားတယ်ချောင်းဆိုးတယ်ဆိုရင် ဘာဖြစ်မှန်းသေချာမသိသေးဘဲ ဆရာဝန်နဲ့လည်း ဆွေးနွေးတိုင်ပင်တာတွေ မလုပ်ဘဲ မိမိဘာသာ ပဋိဇီဝပိုးသတ်ဆေးတွေသောက်တာ စပ်ဆေးတွေဝယ်သောက်တာမျိုးတွေလုပ်တတ်ကြပါတယ်.. ဒါဟာ လုံးဝမလုပ်သင့်တဲ့အရာပါ.. ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ ချွဲကြပ်ချောင်းဆိုးတွေက ပိုးသတ်ဆေးတွေသောက်လို့သက်သာကောင်းသက်သာနိုင်ပေမယ့် ဗိုင်းရပ်စ်ပိုး ဝင်တာ ၊ ခုနကပြောခဲ့သလို ဓါတ်မတည့်လို့ဖြစ်တဲ့ချောင်း ဆိုရင်တော့ ပိုးသတ်ဆေးသောက်ခြင်းဟာအကျိုးမရှိနိုင်ပါဘူး.. အခု နာမည်ကြီးနေတဲ့ COVID-19 ရောဂါဟာ ပိုးသတ်ဆေးသောက်လို့မပျောက်ဘူးဆိုတာလည်း သေချာသိသင့်ပါတယ်.. ကိုဗစ်ရဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အဆုတ်ရောင်ခြင်းမှာတော့ ပိုးသတ်ဆေးသောက်ရတာက တစ်ပိုင်းပေါ့.. အဲတော့ ချွဲထွက်တယ် နှာစေးတယ်ဆိုတာ ဘာတွေကြောင့်ဖြစ်တယ်ဆိုတာ သေချာသိထားသင့်တာပေါ့.. ဆက်ပြီးပြောပြပေးပါမယ်..

(၁) Allergies ဟုတ်ပါတယ်.. ခုနက ပြောခဲ့သလိုပါပဲ.. ဓါတ်မတည့်ဘူးဆိုတဲ့အထဲအကုန်ပါပါတယ်.. အမှုန်တွေ ဆေးတွေ တိရစ္ဆာန်တွေရဲ့အမွှေးအမျှင်တွေ အစားအစာတွေ၊ ရေမွှေးနံ့ ၊ အမွှေးတိုင်နံ့ အကုန်ပါပါတယ်.. လူတစ်ယောက်ဟာ မိမိဘာနဲ့ဓါတ်မတည့်ဘူးလဲဆိုတာ သိထားမှ နောက်နောင်ရှောင်နိုင်မှာပါ..

(၂) ပန်းနာရင်ကြပ် ပန်းနာရင်ကြပ်ဆိုတဲ့ရောဂါဟာလည်း လူအများနဲ့ ရင်းနှီးပြီးသားရောဂါပါ.. ပန်းနာရင်ကြပ် ရောဂါသည်တွေဟာ ဓါတ်မတည့်တာ တစ်ခုခုနဲ့ ကြုံပြီဆိုရင် ချောင်းဆိုးမယ် မောမယ် အသက်ရှူမဝဘူး စတဲ့ လက္ခဏာတွေခံစား လာရရင် ၄င်းတို့သောက်နေကျ ရှူနေကျ ရှူဆေးတွေကို မသောက်မရှူဘဲ မသက်သာနိုင်ပါဘူး.. ဒီရောဂါမှာလည်း ပိုးသတ်ဆေးဟာ အကျိုးမရှိပါဘူး..

(၃) ဘတ်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုး— ဒီအကြောင်းအရာကတော့ ဟိုးအစမှာ ဖော်ပြပြီးသားမို့လို့ အကျယ်တဝင့်မရှင်းပြတော့ဘူးနော်.. ရာသီတုတ်ကွေးရော အဆုတ်ပိုးဝင်တာရော နမိုးနီးယားရော Covid ရော က ချောင်းဆိုး နှာစေးတာ ဖျားတာတွေ အကုန်ဖြစ်တာမို့ ဘာဖြစ်တာလဲသေချာသိရအောင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေဆီသွားရောက်ပြသသင့်ပါတယ်..

(၄) နောက်ထပ်ရောဂါတခုက ဆေးလိပ်သောက်တဲ့သူတွေမှာ အဓိကဖြစ်တတ်တဲ့ အဆုတ်ရောင်ရောဂါ— ဒီရောဂါရဲ့လက္ခဏာတွေက ပန်းနာရင်ကြပ်ရောဂါနဲ့ ဆင်သလို ကုသမှုတွေကလည်း ခပ်ဆင်ဆင်တူပါတယ်.. ဆရာဝန်နဲ့သေချာကုသသင့်တဲ့ရောဂါဆိုလည်းမမှားဘူးပေါ့.. သေချာမကုသထားဘူး ရောဂါမထိန်းထားဘူးဆိုရင် အောက်စီဂျင်ဓါတ်တွေကျပြီး အသက်အန္တရာယ်ထိဖြစ်ပွါးနိုင်ပါတယ်..

နောက်ထပ်ချောင်းဆိုးချွဲကြပ်တာ တွေဖြစ်နိုင်တဲ့ရောဂါတွေက အများကြီးရှိပါသေးတယ်.. အခုဖေါ်ပြခဲ့တာတွေက အရေးတကြီးသိထားသင့်တဲ့ရောဂါတွေပါ..

ကဲ အခု ဘာကြောင့် ချောင်းဆိုးချွဲကြပ်လဲ သိပြီဆိုတော့ အိမ်မှာသက်သာအောင်ဘယ်လိုနေရမလဲဆိုတဲ့ အိမ်တွင်းကုထုံးလေးတွေပြောပြပေးပါ့မယ်.. ဒီအိမ်တွင်းကုထုံးတွေက ရောဂါကို အတိုင်းအတာတစ်ခုထိပဲသက်သာစေနိုင်တာမို့ ထိရောက်တဲ့ကုသမှုတွေကလည်း လိုအပ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်..

(၁) ရေများများသောက်ရပါမယ်.. ရေလို့ပြောလိုက်တာနဲ့ အရည်အကုန်ပါပါတယ်.. ရေနွေး ကော်ဖီ ပြီးတော့ ကြက်ပြုတ်ရည် ဟင်းရည်အဲလိုအရည်တွေပေါ့.. ကော်ဖီသောက်ရင်တော့ အချိုလျော့ထည့်ပေါ့နော်..

(၂)ရေနွေးငွေ့ရှူတာကလည်း ဒီလို ချောင်းဆိုးနှာပိတ်ခြင်းကိုကောင်းစေပါတယ်

(၃) ဆေးလိပ်မသောက်ရပါဘူး.. ဆေးလိပ်လို့ပြောရင် စီးကရက်တစ်မျိုးတည်းကိုပဲ ဆိုလိုတာမဟုတ်ပါဘူး.. စီးကရက်၊ ဆေးပေါ့လိပ်၊ Vape အကုန်ပါပါတယ်.. ဒါတွေအားလုံးကို လုံးဝရှောင်ရပါမယ်..

(၄) နောက်တစ်ခုက ပျားရည်— ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက်သောက်ခြင်းဟာ ချွဲပျော်စေဖို့ မဟုတ်ပေမယ့် ချောင်းဆိုးနေတာကိုတော့ အတိုင်းအတာတစ်ခုထိ ထိန်းပေးနိုင်တယ်လို့ဆိုထားပါတယ်..

(၅) ဒါကတော့လူတိုင်းမေ့နေလောက်တဲ့အရာပါ.. တစ်ခါတလေဆိုရင် ကိုယ်က အပြင်လည်းမသွား ဓါတ်မတည့်တာတွေလည်း မရှူမိမစားမိပါဘဲ ဘာကြောင့်မှန်းမသိ ချောင်းဆိုး ချွဲကြပ်နေတတ်ပါတယ်.. အဲလိုအခါမျိုးဆိုရင်တော့ အိမ်မှာရှိတဲ့ Air Conditioner တွေ Air Cooler တွေက Air Filter တွေကို စစ်ဆေးကြည့်သင့်ပါတယ်.. အဲဒီမှာ ဖုန်မှုန့်တွေကပ်နေရင်လည်း ဒီလို ချောင်းဆိုးတာတွေဖြစ်နိုင်လို့ သတိထားသင့်ပါတယ်..

ဒီလိုအရာတွေကို အိမ်မှာလုပ်ကြည့်ပြီးကုသလို့ရပါတယ်.. ဒါပေမယ့် ရက်အတော်ကြာချောင်းဆိုးမယ် ၊ သလိပ်အရောင်တွေလည်း ပြောင်းလာမယ် အဖျားလည်း မကျဘူးဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းသွားပြီး ကုသမှုခံယူမှ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မယ်လို့ပြောရင်း ဒီစာလေးကို နိဂုံးချုပ်လိုက်ပါတယ်နော်..

ဒေါက်တာဝင့်မှူး