ခွေးရူးပြန်ရောဂါဆိုတာကတော့ ခွေးရူးပြန်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားပါတယ်။ ရာခိုင်နှုန်းပြည့် သေဆုံးနိုင်တဲ့ရောဂါလည်းဖြစ်ပါတယ်။ အဓိကကတော့ ခွေးနဲ့ကြောင်တွေ ကိုက်ခံရခြင်း၊ ကုတ်ခံရခြင်းကြောင့် လူတွေကို ကူးစက်နိုင်ပါတယ်။ ခွေးရူးပြန်ရောဂါဖြစ်ပါက အသက်သေဆုံးနိုင်ပါတယ်။ ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ခွေးရူးပြန်ကာကွယ်ဆေးကို ချက်ချင်းထိုးရပါမယ်။

၁။ မေး – ဘယ်လိုလူတွေမှာ ခွေးရူးပြန်ရောဂါဖြစ်နိုင်ပါသလဲဆရာ။

ဖြေ – လူတိုင်းဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ခွေး၊ ကြောင်တွေနဲ့ အနီးကပ်ထိတွေ့သူတွေ၊ ခွေးဖမ်းသူတွေ၊ ခွေးကြောင်စတဲ့ တိရစ္ဆာန်အကိုက်ခံရသူတွေမှာ ပိုမိုဖြစ်ပွားနိုင်ပါတယ်။

၂။ မေး – ခွေးရူးပြန်ရောဂါကူးစက်နိုင်တဲ့ တိရစ္ဆာန်တွေကို သိချင်ပါတယ်ဆရာ။

ဖြေ – ခွေးနဲ့ကြောင်တွေကနေ အဓိကကူးစက်ပါတယ်။ ခွေးအ၊ ဝံပုလွေစတဲ့ တောရိုင်းတိရ စ္ဆာန်တွေနဲ့ အခြားနို့တိုက်သတ္တဝါတွေမှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

၃။ မေး – ခွေးရူးပြန်ရောဂါဖြစ်ပွားနေတဲ့တိရစ္ဆာန်ကို ဘယ်လိုခွဲခြားနိုင်သလဲဆရာ။

ဖြေ – ခွေးရူးပြန်ရောဂါဖြစ်ပွားနေတဲ့တိရစ္ဆာန်ဟာ ဒေါသအလွန်ကြီးတတ်ပါတယ်။ ရန်စမှုမရှိဘဲ ကိုက်တတ်ပါ တယ်။ တုတ်ချောင်း၊ အမှိုက်စ၊ စက္ကူစတွေကို စားတတ်ပါတယ်။ အသံအက်အက်နဲ့ ဟောင်တတ်၊ အော်တတ်ပါတယ်။ သွားရည်တစီစီကျပြီး အမြီးကုတ်နေတဲ့ လက္ခဏာတွေရှိတတ်ပါတယ်။

၄။ မေး – ခွေးရူးပြန်ရောဂါ ဘယ်လိုရရှိနိုင်သလဲဆရာ။

ဖြေ – ခွေးရူးပြန်ရောဂါရှိတဲ့ ခွေး၊ ကြောင်အစရှိတဲ့ တိရစ္ဆာန်တွေ ကုတ်ခြင်း၊ ကိုက်ခြင်းကြောင့် ခွေးရူးပြန်ရောဂါ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ခွေးရူးပြန်ရောဂါရှိတဲ့ တိရစ္ဆာန်တွေရဲ့ သွားရည်နဲ့ မိမိမှာရှိတဲ့ အနာနဲ့ ဒဏ်ရာတွေနဲ့ ထိမိခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ခွေးရူးပြန်ရောဂါဖြင့်သေဆုံးသူထံမှ ရရှိတဲ့မျက်ကြည်လွှာကို အစားထိုးကုသမှုခံယူရာမှလည်း ရရှိနိုင်ပါတယ်။

၅။ မေး – ခွေးရူးပြန်ရောဂါလက္ခဏာတွေကို ပြောပြပေးပါလားဆရာ။         

ဖြေ – လူမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားပါက ခွေးကိုက်ခံရတဲ့ ရာဇဝင်ရှိနိုင်ပါတယ်။ ခွေးရူးပြန်ရောဂါ လက္ခဏာတွေကတော့ ပထမဦးစွာ ရောဂါဖြစ်ပွားတဲ့ အနာကနေ နာမယ်။ ယားယံတတ်ပါတယ်။ ရေကြောက်တတ်ပါတယ်။ ရေနဲ့အစာမျိုရခက်ခဲတတ်ပါ တယ်။ ဂဏာမငြိမ်လည်းဖြစ်တတ်ပါတယ်။ သွားရည်တစီစီကျလာပါတယ်။ တက်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

၆။ မေး – ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမှာလဲဆရာ။

ဖြေ – ခွေးကိုက်ခံရပါက ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့နဲ့ အနည်းဆုံး (၁၅)မိနစ်ကြာကြာ ဆေးရပါမယ်။ အနာကို ပိုးသတ်ဆေးရည် ထည့်ရပါမယ်။ ဦးခေါင်း၊ လည်ပင်း နဲ့ လက်ချောင်းထိပ်တွေမှာ အကိုက်ခံရပါက ပိုပြီးဂရုစိုက် ရပါမယ်။ အရေးပေါ်ချက်ချင်းကုသမှုခံယူဖို့ လိုအပ်ပါတယ်။

၇။ မေး – ခွေးရူးပြန်ရောဂါကို ဘယ်လိုကြိုတင်ကာကွယ်နိုင်သလဲဆရာ။ ပြောပြပေးပါ။

ဖြေ – ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်စေရန် တစ်ခုတည်းသော ကာကွယ်ဖို့နည်းလမ်းကတော့ ခွေးရူးပြန်ကာကွယ်ဆေး အချိန်မီထိုးနှံဖို့လိုပါတယ်။

အိမ်မွေးခွေးနဲ့ ကြောင်တွေကို တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့  ညွှန်ကြားချက်အတိုင်း ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံပေးရပါမယ်။

ခွေး၊ ကြောင် တိရစ္ဆာန်တွေနဲ့ အနီးကပ် ကိုင်တွယ်သူတွေကို ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံပေးရမှာ ဖြစ်ပါတယ်။

၈။ မေး – ခွေးရူးပြန်ကာကွယ်ဆေးအကြောင်း ဗဟုသုတအနေဖြင့် ပြောပြပေးပါဆရာ။

ဖြေ – ခွေးရူးအကိုက်ခံရပြီးပါက ကာကွယ်ဆေးကို မဖြစ်မနေထိုးရပါမယ်။ ကာကွယ်ဆေးက (၂) မျိုးရှိပါတယ်။ အရေးပေါ်ကာကွယ်ဆေး (Immuno Globulin) နဲ့ ပုံမှန်ကာကွယ်ဆေး (Vaccine) တို့ ဖြစ်ပါတယ်။ အရေးပေါ်ကာကွယ်ဆေးက ခွေးရူးပြန်ရောဂါကို ချက်ချင်း ကာကွယ်မှုပေးနိုင်ပါတယ်။ ဒဏ်ရာရဲ့ အတွင်းနဲ့ ဘေးပတ်လည်ကို ထိုးရမှာဖြစ်ပါတယ်။ အရေပြား မပွန်းပဲ့တဲ့ဒဏ်ရာနဲ့ ကြိုတင်ကာကွယ်ဆေးထိုးထားတဲ့ သူတွေမှာ အရေးပေါ်ကာကွယ်ဆေးကိုသုံးရန် မလိုအပ်ပါဘူး။

နောက်တစ်ခုက ခွေးရူးပြန်ပုံမှန်ကာကွယ်ဆေးပါ။ လက်မောင်းမှာထိုးရပြီး စုစုပေါင်း ဆေး(၄)လုံး (ဒါမှမဟုတ်) ၅ လုံးကို သတ်မှတ်ထားတဲ့ရက်အတိုင်း ရက်ခြားထိုးဖို့လိုအပ်ပါတယ်။ ပုံမှန်ကာကွယ်ဆေးရဲ့ အာနိသင်ဟာ ချက်ချင်းမပြပါ။ ဆေးထိုးပြီး (၁ဝ)ရက်လောက်ကြာမှသာ ကာကွယ်မှုပေးနိုင်ပါတယ်။ နှစ်နဲ့ချီပြီး ကာကွယ်နိုင်ပါ တယ်။ ဒါ့ကြောင့် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။

၉။ မေး – ခွေးရူးပြန်ခြင်းနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲစစ်ဆေးခြင်းအကြောင်း သိချင်ပါတယ်ဆရာ။

ဖြေ – ခွေးရူးပြန်နေတဲ့ တိရစ္ဆာန်ရဲ့  ဦးခေါင်းကိုဖြတ်ပြီး ဓာတ်ခွဲခန်းသို့ ပေးပို့ရပါတယ်။ ဦးနှောက်အတွင်း၌ ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးပါတယ်။

၁ဝ။ မေး – အန္တရာယ်ရှိတဲ့ ခွေးတွေအကြောင်းလည်း ရှင်းလင်းပြောကြားပေးပါဆရာ။

ဖြေ – အန္တရာယ်ရှိတဲ့ ခွေးတွေကတော့ ကာကွယ်ဆေးမထိုးထားတဲ့ခွေး (ခွေးလေ၊ ခွေးလွင့်၊ အိမ်မွေးခွေး)၊ ကာကွယ်ဆေးကို ပုံမှန်မထိုးထားတဲ့ခွေး၊ စွမ်းအားမရှိတဲ့ကာကွယ်ဆေးကို အသုံးပြုထားတဲ့ခွေး၊ ကာကွယ်ဆေးထိုးနှံမှုကို ဆက်လက်မပြုလုပ်ဘဲ ဆုံးရှုံးခြင်း (၂၅) ရာခိုင်နှုန်းသာ မှတ်တမ်းတင်ထားတဲ့ ခွေးတွေဖြစ်ပါတယ်။

၁၁။ မေး – ကြောင်တွေမှာဖြစ်ပေါ်တတ်တဲ့ ခွေးရူးပြန်ခြင်းလက္ခဏာတွေကိုလည်း သိချင်ပါတယ်ဆရာ။

ဖြေ – ခွေးမှာဖြစ်ပွားတဲ့ လက္ခဏာတွေနဲ့ တူညီပါတယ်။ ချောင်ကျတဲ့ ထောင့်တစ်နေရာမှာ ပုန်းနေတတ်ပါတယ်။ ကွဲအက်တဲ့အသံနဲ့ ဆက်တိုက်ကြောင်အော်သံတွေ ထွက်လာပါတယ်။ လူကိုတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပါ တယ်။ စိတ်ကြည်လင်နေခြင်းနဲ့ သတိမေ့ခြင်းဟာ တစ်လှည့်စီဖြစ်နေတာကို တွေ့ရှိရပါတယ်။

၁၂။ မေး – ခွေးရူးပြန်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစားအကြောင်း သိချင်ပါတယ်ဆရာ။

ဖြေ – ခွေးရူးပြန်ရောဂါဟာ ရက်ဗ်ဒိုဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားပါတယ်။ ခွေးရူးပြန်ဗိုင်းရပ်ပိုး Rabies Virus ကြောင့်ဖြစ်ပါတယ်။ အဏုကြည့်မှန်ဘီလူးနဲ့ကြည့်ပါက ကျည်ဆံတောင့်ပုံစံမျိုးရှိပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ အာရုံကြောအဖွဲ့အစည်းထဲမှ အာရုံခံဆဲလ်များမှာ နေထိုင်ပွားများပြီး ရောဂါလက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

၁၃။ မေး – ရောဂါပျိုးရက် အချိန်ကာလက ဘယ်လောက်ကြာသလဲဆရာ။

ဖြေ – လူတွေမှာ ရောဂါပျိုးချိန်ဟာ (၁ဝ)ရက်ကနေ လပေါင်းများစွာအထိ ကြာတတ်ပါတယ်။ ရောဂါပျိုးချိန် ကြာမြင့်မှုဟာ ထိတွေ့စဉ်ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်ပိုး အနည်းအများ၊ စုတ်ပြဲနာရဲ့ တည်နေရာနဲ့ ပြင်းထန်မှုတွေ အပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့် ခေါင်း (ဒါမှမဟုတ်) လည်ပင်းပေါ်မှာပြင်းထန်စွာ ကိုက်ခံရခြင်းဖြစ်ပါက ရောဂါပျိုးရက် အချိန်ကာလက တိုတောင်းတတ်ပါတယ်။

၁၄။ မေး – ခွေးရူးပြန်ရောဂါနဲ့ပတ်သက်ပြီး အကြံပြုစကားလေး ပြောပေးပါဆရာ။

ဖြေ – ခွေးရူးပြန်ရောဂါဖြစ်ပွားပါက ရာနှုန်းပြည့်သေဆုံးနိုင်ပါတယ်။ ဒါပေမယ့် အချိန်မီကာကွယ်ဆေးထိုးခြင်း ဖြင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်။ ခွေးရူးပြန်ရောဂါ ကာကွယ်နှိမ်နင်းရေးဟာ လူတိုင်းရဲ့ တာဝန်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒေါက်တာမြင့်သန်းထွန်း

Health Care