နံနက်ခင်း သန့်ရှင်းလတ်ဆတ်သော ကန်ရေပြင်ကို ဖြတ်သန်းလာသည့် လေနုအေးနှင့်အတူ အင်းယားကန်ဘောင်တွင် လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နေကြသည့် ရန်ကုန်မြို့နေပြည်သူများ၏ တက်ကြွသောလှုပ်ရှားမှုများကိုကြည့်ရင်း တင့်တယ်သပ်ရပ်စွာ တည်ရှိနေသော ကန်သာယာနှလုံးရောဂါ အထူးကုဆေးရုံကြီးကိုလည်း မြင်တွေ့နေရသည်။ တစ်ချိန်က ဒီလိုဆေးရုံကြီးမျိုးကို ပြည်ပနိုင်ငံများတွင်သာ တွေ့ခဲ့ရသဖြင့် နိုင်ငံသားများအတွက် ဂုဏ်ယူမိသည်။

နေ့စဉ် ကျွန်တော်တို့ဖြတ်သန်းနေသော လူနေမှုဘဝသည် ရိုးရှင်းမှုအမြဲမရှိနိုင်သဖြင့် ရုပ်ပိုင်းဆိုင်ရာဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ တွေ့ကြုံရလျက်ရှိပါသည်။ လုပ်ငန်းခွင်တွင် အချိန်လုပြီး နေ့စဉ်ဖြတ်သန်းရင်းနှင့် ခန္ဓာကိုယ်၏ ပြောင်းလဲလာသော ယိုယွင်းမှုများအနက် နှလုံးသွေးကြောကျဉ်းဝေဒနာသည် မသိမသာခံစားရာမှ ရုတ်တရက် အသက်အန္တရာယ်ဖြစ်စေနိုင်သည်အထိ ဖြစ်ပေါ်နိုင်ပါသည်။

နှစ်စဉ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ကျန်းမာရေးဆိုင်ရာ သုတေသနပြုချက်များအရ နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ ဆီးချို၊ သွေးချို စသည့်အခြေခံရောဂါများကြောင့် လူ(၁၈)သန်းခန့် နှစ်စဉ်သေဆုံးလျက်ရှိကြောင်း သိရသည်။ ကမ္ဘာ့လူဦးရေ၏ (၃၁၂)သန်းခန့်သည် အဝလွန်ခြင်းနှင့် နောက်ဆက်တွဲ ဆီးချို၊ သွေးချိုစသည့် ပြဿနာများကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပေါ်ခံစားလျက်ရှိပါသည်။ သုတေသနပြုချက်များ အရ ၁၉၉ဝ မှ ၂ဝ၂ဝ ခုနှစ်အတွင်း နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှု အနေအထားအရ အမျိုးသမီးများ သည် ၁၂ဝ ရာခိုင်နှုန်း၊ အမျိုးသားများသည် ၁၃၇ ရာခိုင်နှုန်းထိ တိုးတက်လာမည်ဟု ခန့်မှန်းထားရာ ဂရုပြုသင့်သည့် ကျန်းမာရေးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်သည်။ နှလုံးရောဂါနှင့်ဆက်စပ်၍ ခန္ဓာကိုယ်၏ သွေးအတွင်း မလိုအပ်သည့်အဆီဓာတ်မြင့်မားလာသည်နှင့်အမျှ သွေးကြောနံရံတွင် အဆီစုဖွဲ့ခြင်းကြောင့် သွေးလည်ပတ်မှုလျော့နည်းလာကာ နှလုံးတိုက်ခိုက်ခံရခြင်းကြောင့် ရုတ်တရက်သေဆုံးသည်အထိ ဖြစ်နိုင် သည်။

ကမ္ဘာတွင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သော  ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ယခင်ကာလများအတွင်း နှလုံးရောဂါနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများသို့သွားရောက်ပြီး ဆေးစစ်ဆေးခြင်း၊ ကုသခြင်းများ ဆောင်ရွက်ခဲ့ရာ ငွေကြေး ကုန်ကျမှုများပြားခြင်း၊ အချိန်မီဆေးကုသမှုခက်ခဲခြင်း၊ ဘာသာစကားဆိုင်ရာ အခက်အခဲများကြောင့် အဆင်မပြေမှုများဖြစ်ပေါ်ခြင်း၊ ပြန်လည်ပြသရန်အတွက် အခက်အခဲများရှိခြင်းစသည်တို့ကို ကြုံတွေ့ခဲ့ကြရ သည်။ ယခုအခါ နိုင်ငံတော်၏ တိုးတက်ပြောင်းလဲလာသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူလူထု အတွက် ထိရောက်သော နှလုံးကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသည့် နှလုံးကုသမှုဆေးရုံများ ပေါ်ပေါက် လာခြင်းတို့ကြောင့် အထက်ပါအခက်အခဲများကို ဖြေရှင်းဆောင်ရွက်လျက်ရှိရာ ကန်သာယာဆေးရုံကြီး အပါအဝင် အခြားနှလုံးဆိုင်ရာဆေးရုံများ ပေါ်ပေါက်လာခဲ့ခြင်းအတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်သည်။ ကန်သာယာအထူးကုဆေးရုံကြီးတွင် နှလုံးကျန်းမာရေး စစ်ဆေးခြင်းနှင့်လိုအပ်ပါက အရေးပေါ်ကုသမှုများကို ချက်ချင်းဆောင်ရွက်နိုင်သဖြင့် ရန်ကုန်မြို့ သာမက အခြားတိုင်းနှင့် ပြည်နယ်များမှပင် လာရောက်ဆေးကုသမှု ခံယူခြင်းကြောင့် လစဉ်တိုးတက်လာသောလူနာများအား စနစ်တကျကုသမှုနှင့် ဝန်ဆောင်မှုများကို ပြုလုပ် လျက်ရှိကြောင်း သိရှိရသည်။ ထို့အတွက်ကြောင့် ပြည်ပကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အသိအမှတ် ပြုခြင်းကိုရရှိခဲ့ပြီး  ကန်သာယာအထူးကုဆေးရုံကြီးအနေဖြင့် မကြာမီကာလကလည်း အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ တွင်ကျင်းပသော World Health & Wellness Congress 2019 မှ ပေးအပ်သော “The Best Private Cardiac Hospital in Myanmar” ဆုအား လက်ခံရရှိကြောင်း (၁၇.၂.၂ဝ၁၉) ရက်နေ့ထုတ် မြဝတီသတင်းစာတွင် ဖတ်ရှုရသဖြင့် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ သို့ဖြစ်ပါ၍ ကန်သာယာ အထူးကုဆေးရုံကြီးအနေဖြင့် ပြည်သူလူထုအတွက်အားကိုးနိုင်မည့် ဆေးရုံတစ်ခုအဖြစ် ရပ်တည်နေကြောင်း လည်း ယုံကြည်သတိပြုမိပါသည်။

နှလုံးကျန်းမာရေးပြဿနာသည် ကြိုတင်ကာကွယ်ခြင်းနှင့် အချိန်မီကုသခြင်းဖြင့် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများမှ ကာကွယ်နိုင်မည်ဖြစ်သောကြောင့် ကျန်းမာရေးစစ်ဆေးမှုများကို မဖြစ်မနေ ဆောင်ရွက်သင့်ပါသည်။ ခန္ဓာကိုယ်အဝလွန်ခြင်းမဖြစ်စေရန်အတွက် ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်များကို နေ့စဉ် ဆောင်ရွက်ရန်လိုအပ်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ရွေးချယ်စားသောက်ခြင်း နှင့်ဆေးလိပ်သောက်ခြင်းတို့ကို ရှောင်ကြဉ်ခြင်းဖြင့် သွေးကြောများထိခိုက်မှုကို ကာကွယ်နိုင်သည်။ စိတ်ဖိစီးမှု များခြင်းကြောင့် ဖြစ်ပေါ်လာသည့် နှလုံးဆိုင်ရာပြဿနာများကိုလည်း သတိပြုရန်လိုအပ်သည်။ အားကစား ပြုလုပ်ခြင်းသည် စိတ်ဖိစီးမှုကို တဖက်တလမ်းမှ လျော့ပါးစေသဖြင့် နေ့စဉ်လမ်းလျှောက်ခြင်းကို ကျန်းမာရေး လုပ်ငန်းတစ်ရပ်အဖြစ် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နှလုံးရောဂါ လက္ခဏာများကို စတင်သတိထားမိပါက ကျွမ်းကျင်သောပညာရှင်များနှင့် ပြသ၍ အချိန်မီဆေးကုသမှု ခံယူခြင်းဖြင့် အသက်အန္တရာယ်ကိုကာကွယ်နိုင်ပါသည်။

လူသားတို့အနေဖြင့် နေ့စဉ်ဖြတ်သန်းနေသောဘဝတွင် ကျန်းမာရွှင်လန်း၍ အရည်အသွေးပြည့်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ရန် အရေးကြီးပါသည်။ သို့ဖြစ်၍ မိမိတို့ဘဝအတွက် ဆုလာဒ်တစ်ပါးအဖြစ်ရရှိခဲ့သော ကျန်းမာရေးကို ထိန်းသိမ်းရန် ကျန်းမာရေးအသိဖြင့် နေထိုင်ဆောင်ရွက်သင့်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

မောင်ဇီဝက

Health Care