စိတ်ပုံမှန်မဟုတ်တဲ့ကလေးဆိုရာမှာ စိတ်ထိန်းချုပ်နိုင်စွမ်းနည်းပါးပြီး၊ စိတ်ကစဉ့်ကလျားဖြစ်နေတဲ့ ကလေးမျိုးကို ဆိုလိုပါတယ်။ (၂၁)ရာစုဖက်မှ “ကမ္ဘာ့ရွာ”လို့ တင်စားခေါ်ဝေါ်ရလောက်အောင် ကမ္ဘာ့အရှေ့ခြမ်းကဖြစ်နေတာ ကမ္ဘာ့အခြားတစ်ဖက်ကနေ စက္ကန့်မခြားသိကြရတဲ့ကာလမှာ စိတ်ဘဝင် မြင့်ခြင်းတစ်လှည့်၊ စိတ်ဓာတ်ကျခြင်းတစ်လှည့်ရှိတဲ့ ကျောင်းသားသူငယ်တွေ တွေ့ရှိရတတ်ပါတယ်။ ကျောင်းသားသူငယ်ကို စကားစမြည်ပြောဆိုနေရင်းက သူတို့လေးတွေရဲ့ စိတ်ပုံမှန်မဟုတ်မှုကို သိရမှာ ဖြစ်တယ်။

မလိုချင်ပဲရခဲ့တဲ့ကလေး၊ မိဘနှစ်ပါးသေဆုံးသွားလို့ (သို့) တစ်ဦးဦးဆုံးပါးသွားလို့ (သို့) မိမစုံ၊ ဖမစုံ ကြီးပြင်းခဲ့လို့ (သို့) အမိ၊ အဖ အသီးသီး အိမ်ထောင်သစ်ထူသွားလို့ အဖိုးအဖွားတွေ ဆွေမျိုးတွေက မွေးစားကြီးပြင်းခဲ့ရရင် စိတ်ပုံမှန်မဟုတ်တဲ့ကလေးတွေ ဖြစ်လာနိုင်တယ်။ စိတ်ဖိစီးမှု၊ မျိုးရိုးဗီဇ၊ ဆေးဝါးနှင့် အရက်သောက်သုံးခြင်း၊ ဇီဝကမ္မဗေဒအရ ရောဂါအနု၊ အရင့်ရှိနိုင်ပါတယ်။

ရောဂါလက္ခဏာတွေက ကလေးက ဘာပဲလုပ်လုပ် ထဲထဲဝင်ဝင် စွမ်းအင်ပိုသုံးပြီး လုပ်တတ်ခြင်း၊ ပြောလေ့မရှိတဲ့စကားမျိုးပြောခြင်း၊ မလျော်ကန်တဲ့အပြုအမူကျင့်ခြင်း၊ စိတ်ပျံ့လွင့်နေခြင်း၊ စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း၊ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ညဖက်ကောင်းစွာ အိပ်မပျော်ခြင်း၊ ဆုံးဖြတ်ချက်များ လွဲချော်ညံ့ဖျင်းခြင်းတို့ဖြစ်တယ်။ အိပ်မပျော်တာ တစ်နေ့လုံး လုံးဝ အိပ်မရတာထိဖြစ်နိုင်တယ်။ မငိုကြွေးသင့်တဲ့ဖြစ်ရပ်အပေါ် အရမ်းငိုကြွေးပူဆွေးနေတယ်။ ကိုယ့်ကိုယ်ကို အရေးပါအရာရောက်သူလို့ ထင်နေတယ်။ မဆီလျော်တဲ့ခံစားမှုတွေ ရှိနေတယ်။ အပြုအမူကောင်းတွေ ကျဆင်းနေတယ်။ ပုံမှန်လုပ်နေကျ ကျောင်းတက်၊ ကျောင်းစာလုပ်၊ ကစားတဲ့အလုပ်အပေါ် စိတ်ဝင်စားမှု မရှိတော့ဘူး။ ကိုယ်အလေးချိန်ပိုတာ သို့မဟုတ် ကျဆင်းတာဖြစ်နိုင်တယ်။ အားမရှိသလို ဖြစ်နေတယ်။ သူ့ကိုယ်သူ သတ်သေဖို့အထိ စိတ်ဓာတ်ကြံ့ခိုင်မှုနည်းလာတယ်။ အတွေးအခေါ်မှားယွင်း ကျဆင်းလာတယ်။

စိတ်ရောဂါဟာ မျိုးရိုးရှိရင် ပိုပြီးဖြစ်နိုင်တယ်။ အချို့မိသားစုနဲ့ လူမှုရေးပြဿနာက စတင်ခဲ့တယ်။ အချို့က မွေးဖွားစဉ် ဦးခေါင်းဒဏ်ရာရခြင်း၊ အပူကြီးပြီး တက်ခြင်း၊ မွေးဖွားစဉ် အသားဝါလာကာ သွေးလဲလှယ်ဖို့ အချိန်နောက်ကျခဲ့ခြင်း၊ အခြားဦးနှောက်အာရုံကြောရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်။

ဘယ်လိုကလေးတွေမှာ အတွေ့ရများသလဲဆိုရင် စိတ်ဖိစီးမှုများတဲ့ကလေး၊ စိတ်ထဲဘဝင်မကျပဲရှိတဲ့ကလေး၊ အစားစားလို့မကောင်းခြင်း၊ စားကောင်းလွန်းလို့ အဝလွန်တဲ့ကလေး၊ လှုပ်ရှားလွန်းတဲ့ကလေးများ(ADHD – Attention Deficit Hyperactivity Disorder) နဲ့ ငြိမ်ကုပ်နေတဲ့ အော်တစ်ဇင်း (Autism) ကလေးတို့မှာ စိတ်ပုံမှန်မဟုတ်တဲ့ ရောဂါဖြစ်တတ်ပါတယ်။

စိတ်ရောဂါရှိရှိ၊ မရှိဆိုတာ ကလေးကို ပြောဆိုမေးမြန်းခြင်း၊ ကုသခြင်းကနေ စိတ်ပုံမှန်မဟုတ်ကြောင်း တွေ့ရှိနိုင်မှာဖြစ်တယ်။ အလွန်ဆိုးရွားတဲ့ စိတ်ကစဉ့်ကလျားရောဂါ မဖြစ်ရအောင် စိတ်ရောဂါကု(သို့) ဦးနှောက်အာရုံကြောဆရာဝန်နဲ့ပြသဖို့လိုပါတယ်။ ဆရာဝန်က လူနာကို မေးမြန်းစမ်းသပ်ရင် သိပါတယ်။ ဆရာဝန်က စိတ်အသင့်အတင့်ငြိမ်စေတဲ့ထရစ်တာ (TRIPTA Antitriptylline 10 mg) တစ်နေ့ မနက် (၁)လုံး၊ ည (၁)လုံးတိုက်ပြီး ကုသပေးလိမ့်မယ်။ (သို့)အခြား စိတ်ကုသဆေးတွေကြောင့် အိပ်ချင်မူးတူးဖြစ်နေတာမျိုး၊ စာသင်ချိန် အိပ်ပျော်နေတာမျိုးတွေ့ရတတ်တယ်။ စာသင်တဲ့ ဆရာ၊ ဆရာမက ကလေးဆေးကုသမှု ရယူထားတာ ကြိုတင်သိထားသင့်တယ်။ သည်လိုမသိထားရင် စာသင်ချိန်အိပ်တဲ့ ပြစ်မှုအတွက် ကျောင်းမှာ ပြဿနာ ဖြစ်နိုင်တယ်။ ကလေးအတွက် ပတ်ဝန်းကျင်ကောင်းမွန်တဲ့ကျောင်းကို ရွေးချယ်ပြီးထားသင့်တယ်။ အနောက်နိုင်ငံတွေမှာ အရှေ့တိုင်းစင်ကာပူမှာ လှုပ်ရှားလွန်ကလေး (ADHD – Attention Deficit Hyperactivity Disorder) နဲ့ အော်တစ်ဇင်(Autism) တွေအတွက် သီးသန့်ဖွင့်လှစ်တဲ့ ကျောင်းတွေရှိတယ်။ ယင်းကျောင်းတွေမှာ အပေါင်းအသင်း သူငယ်ချင်းတွေဖြစ်ပြီး ပျော်ရွှင်စွာ စာသင်ကြားရင်း ကျောင်းပုံမှန် တက်နေရာက သာမန်ကလေးတွေလို စိတ်အခြေအနေပြန်ဖြစ်သွားလို့ ပုံမှန်ကျောင်းမှာထားနိုင်တဲ့အဆင့်ထိ ဖြစ်လာ၊ တိုးတက်လာတဲ့ ကလေးတွေ ဘွဲ့ရယူကာ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခု တတ်မြောက်ကာ သူ့ဘဝသူ ထိန်းကျောင်းသွားနိုင်တဲ့အထိ တွေ့ဖူးပါတယ်။ သာမန်ကလေးတွေနဲ့မတူတဲ့ အပြုအမူတွေက စိတ်အနှောင့်အယှက်ကြောင့် စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ ဗိုက်ဆာဆာ မဆာဆာ အတောမသတ်စားခြင်း (သို့) မစားပဲနေခြင်း (Autism) ဆိုပြီး ခွဲခြားလေ့လာနိုင်ပါတယ်။

ကလေးတွေကူညီဖို့ဆိုရင် ကလေးရဲ့ အပြုအမူပြောင်းလဲနေတာ သိထားရမယ်။ ကလေးဟာ ကုသမှုအောက် ရှိနေတယ်ဆိုတာ သိထားရမယ်။ အတန်းထဲကလေး အိပ်ပျော်နေရင် ခွင့်လွှတ်တတ်ရမည်။ ကလေးကို နားထောင်ခြင်း၊ သင်ခန်းစာလုပ်ကိုင်ခြင်းစတဲ့ အတူပူးတွဲလုပ်စေသင့်တယ်။ တစ်ယောက်တည်း ပစ်မထားသင့်ပါဘူး။  ယင်းကလေးအတွက် ရန်ပုံငွေလိုအပ်တာကြောင့်အော်တစ်ဇင်း (Autism) လူမှုအဖွဲ့တို့လို အဖွဲ့တွေနဲ့ဆက်သွယ်ပြီး အကူအညီရယူသင့်တယ်။ အချို့ကလေးတွေမှာ တစ်ယောက်ယောက်က ပုံမှန်အသိ၊ ပုံမှန်စာလုပ်ကိုင်နေရင် နှောင့်ယှက်ခြင်း၊ နောက်ပြောင်ခြင်းမရှိပဲ အသာကြည့်ပြီး အားပေးသင့်ပါတယ်။

ယင်းကလေးအတွက် မှန်ကန်တဲ့ ချဉ်းကပ်မှုနဲ့ မှန်ကန်တဲ့စာပေသင်ကြားမှု ရှိသင့်ပါတယ်။ အများသူငါလို စာတစ်ပုဒ်ရဖို့ အခေါက်ခေါက်အခါခါ ရှင်းပြ၊ ကျက်မှတ်ပြရတတ်သလို အချို့လည်း အလွယ်တကူရသွားတယ်။ ယင်းကလေးမျိုးကနေ “အောင်မြင်တဲ့ရှေ့နေ”တစ်ယောက်အဖြစ် ကိုယ့်ဖာသာရပ် တည်နိုင်သူတွေ့ဖူးတယ်။

အခန်းထဲမှာ “ပြဿနာကျောင်းသား”လေးတွေရှိတတ်ပါတယ်။ အဆိုးအကောင်းနားမလည်ပဲ အဆိုးမြင်စိတ်နဲ့ ချဉ်းကပ်ရင် အစကတည်းက လွဲမှားနေပြီး အကောင်းမြင်စိတ်နဲ့ချဉ်းကပ်သင့်ပါတယ်။ ပြဿနာရှာနေတာကို ပြဿနာလို့မမြင်ဘဲ ချဉ်းကပ်တတ်ဖို့ အရေးကြီးလှပါတယ်။

ပြဿနာကျောင်းသားတွေ (Problem Students) အတွက် မဖြေရှင်းနိုင်တဲ့ ပြဿနာမရှိပါဘူး။ ကျောင်းကို ဖုန်းမယူလာရဘူး။ စည်းကမ်းချမှတ်ထားရက်နဲ့ အနှီကျောင်းသားက ဖုန်းယူလာပြီး ဖေ့စ်ဘွတ်ကြည့်နေရင် ဒါဟာ ကျောင်းစည်းကမ်း ဖောက်ဖျက်မှုပဲလေ။ မိဘကိုခေါ်ပြီး နောင်သည်လိုမဖြစ်စေဖို့ ဆုံးမလိုက်ရင်ပြီးတာပဲ။ သည်လိုမဟုတ်ပဲ ဖုန်းသိမ်းကာ ရုံးခန်းခေါ်ပြီးသတိပေး၊ အခန်းထဲမှာသတိပေး ဆက်တိုက်လုပ်မိရင် အနှီ ကျောင်းသားက ရှက်စိတ်နဲ့ ဆရာ ဆရာမအပေါ် နာကျည်းသွားကာ ဆက်ဆံရေးပိုဆိုးသွားမယ်။ ကိုယ် မရှင်းနိုင်ရင် သူအရင်နေခဲ့တဲ့အတန်းက အတန်းပိုင် (သို့) ဆရာ၊ ဆရာမတွေ ဖြေရှင်းခဲ့ပုံ မေးမြန်းကြည့် သင့်တယ်။ ယခင်ဆရာ၊ ဆရာမတွေနဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

အချို့ကိစ္စရပ်တွေမှာ မိဘက ကိုယ့်ထက်ပိုသိနေလို့ မိဘနဲ့တွေ့ဆုံပြီး ယင်းကျောင်းသားအပေါ် နားလည်ပေးဖို့ စူးစမ်းလေ့လာထားသင့်ပါတယ်။ မကြာခဏ တွေ့ဆုံသင့်ပါတယ်။ “လှုပ်ရှားလွန်ကလေး (ADHD – Attention Deficit Hyperactivity Disorder) တွေဟာ ပြဿနာပေးမယ့်သူတွေ မဟုတ်ပါဘူး။ ပြဿနာကို ကောင်းကောင်းနားမလည်လို့ မကိုင်တွယ်၊ မဖြေရှင်းနိုင်သူတွေကသာ ပြဿနာကို  ရှောင်လွဲသူတွေ ဖြစ်သွားတတ်ပါတယ်။ ယင်းကလေးတွေအပေါ် ပညာရေးများမျှော်လင့်ချက် ကြီးကြီးမားမားထားခြင်းကလည်း  မဖြစ်သင့်ပါဘူး”။

“လှုပ်ရှားလွန်ကလေး (ADHD) ကို တက္ကသိုလ်ဝင်တန်းမှာ ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်ရမယ်” လို့ အာမခံထားသင်ကြားစေခြင်းက ဆရာ၊ မိဘနဲ့ ယင်းကလေးအတွက် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်စေမှာပဲ ဖြစ်တယ်။ လှုပ်ရှားလွန်ကလေးတွေဟာ အရာဝတ္ထုတစ်ခု၊ စာသင်ကြားမှုတစ်ခုတည်းကို ကြာရှည်အာရုံစိုက် နိုင်စွမ်းမရှိတတ်ကြလို့ အချိန်နားပြီး စာသင်ပေးသင့်တယ်။ ဆယ်တန်းကိုပုံမှန်အောင်မြင်သွားပြီး အသက်မွေးဝမ်းကျောင်းတစ်ခုခု သင်ယူတတ်မြောက်လို့ “ဘဝအာမခံချက်”ရသွားရင်ပဲ ကျေနပ်သင့်ပါတယ်။ ပြဿနာကလေး (Problem Child) လို့ ပစ်ပယ်ထားရင်တော့ တစ်သက်စာမှားသွားနိုင်တယ်။ ရသလောက် ဆွဲဆောင်စည်းရုံးခေါ်ဆောင်ကာ ပညာသင်ကြားပေးရတဲ့ ခက်ခဲတဲ့ကလေးမျိုး ဖြစ်နေတတ်တယ်။ “အားလုံးအတန်းကူးပြောင်းမှု” စနစ်အရ ကိုးတန်းအောင်အထိ သင်ကြားပေးနိုင်ပြီး အချို့ဘဝနဲ့ဆိုင်တဲ့ နာကျည်းမှုတစ်ခုကြောင့် သူများထက်ပိုပြီး ကြိုးစားခဲ့လို့ စက်မှုတက္ကသိုလ်တက်ခွင့်ရတဲ့အထိ ထူးချွန်သွားတဲ့ လှုပ်ရှားလွန်ကလေး (ADHD) တစ်ယောက် တွေ့ဖူးထားပါတယ်။

ဒေါက်တာလွင်သန့်

Health Care