သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ဇီဝဆေးပညာဆိုင်ရာ သုတေသနကောလိပ် “Garvan Institute of Medical Research” မှ သုတေသီအဖွဲ့၏ လေ့လာချက်အရ လူသားတို့အနေဖြင့် စိတ်ဖိစီးမှု များပြားနေချိန်တွင် အစားအသောက်များ ပိုမိုစားသုံးလေ့ရှိခြင်းက သာမန်အခြေအနေများထက် ကိုယ်အလေးချိန်သိသိသာသာတိုးကာ အဝလွန်မှုအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။ လူအများစုတို့သည် စိတ်ဖိစီးချိန်၌ အဆီနှင့် အချိုဓာတ်ပါဝင်မှုမြင့်မားပြီး ကယ်လိုရီများသည့် အစားအစာများကိုစားသုံးရန် ပိုမိုစိတ်အားထက်သန်လေ့ရှိကြကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ စိတ်ဖိစီးမှုများနှင့်ရင်ဆိုင်ရချိန်၌ ၎င်းဖြစ်စဉ်ကို သဘာဝအလျောက်တုံ့ပြန်နိုင်ရန် ဦးနှောက်မှ Neuropeptide Y(NPY) အမည်ရှိ မော်လီကျူးတစ်မျိုးကို ထုတ်လုပ်သောကြောင့် အစာစားလိုစိတ်များ ပိုမိုဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း အဆိုပါသုတေသနတွင် အသေးစိတ်ရေးသားဖော်ပြထားသည်။ ထို့ပြင် ကာလအတန်ကြာ စိတ်ဖိစီးခြင်းသည် သွေးတွင်းအင်ဆူလင်ပမာဏကိုလည်း သိသိသာသာ မြင့်တက်စေနိုင်သောကြောင့် ယခုကဲ့သို့ အချိုနှင့်ကယ်လိုရီများသော အစားအစာများကိုပါ တစ်ချိန်တည်း အလွန်အကျွံစားသုံးပါက ဆီးချို၊ သွေးချိုနှင့် အဝလွန်ရောဂါများဖြစ်ပွားမှုကို အစပျိုးစေ မည်ဖြစ်ကြောင်း သုတေသီများကဆိုခဲ့သည်။

ဒီသုတေသနကို ကြည့်ခြင်းအားဖြင့် ကျွနု်ပ်တို့အနေနဲ့ စိတ်ဖိစီးမှုတွေများနေတဲ့အချိန်မှာ ကိုယ်စားမယ့်အစားအစာကို ဂရုတစိုက်ရွေးချယ်စားသုံးဖို့ အထူး လိုအပ်တယ်ဆိုတာပါပဲ။ ကယ်လိုရီများတဲ့ အစားအစာတွေ၊ အချို နဲ့ အဆီများတဲ့ အသင့်စားအစားအ စာတွေကို အဓိကရှောင်ကြဉ်ရပါမယ်” ဟု ဦးဆောင်သုတေသီ ပရော်ဖက်ဆာ Herbert Herzog က သုံးသပ်ပြောကြားခဲ့သည်။ ၎င်းသုတေသနကို အမေရိကန်နိုင်ငံတွင် လစဉ်ထုတ်ဝေလျက်ရှိသော “Cell metabolism” ဂျာနယ်၌ ပုံနှိပ်ဖော်ပြထားပြီး စိတ်ဖိစီးမှုကို လျှော့ချရန်အတွက် ကိုယ်လက်လှုပ် ရှားမှုများပုံမှန်ပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် အချိန်ဖြုန်းခြင်း၊ စိတ်ပြေလက်ပျောက်ခရီးထွက်ခြင်း စသည့်နည်းလမ်းများကို ပြုလုပ်ပေးသင့်ကြောင်း လည်း သုတေသီတစ်ဦးဖြစ်သူ Dr. Kenny Chi Kin IP က အကြံပြုရေးသားထားသည်။

ဒေါက်တာရဲခိုင်ဦး

Health Care