၁ဝ။ ခပ်ကြမ်းကြမ်း အကြေးခွံရှိနေတဲ့အကွက်လေးတွေ

အညိုရောင် ဒါမှမဟုတ် ပန်းရင့်ရောင်လို အရောင်အမျိုးမျိုးဖြစ်နိုင်တဲ့ ခပ်ကြမ်းကြမ်းအကြေးခွံရှိနေတဲ့ အကွက်ကလေးတွေကို စမ်းစမ်း ကြည့်ထားပါ။ အသားဖြူပြီး နေလောင်ဒဏ်ခံရတာများတဲ့သူတွေမှာ အ တွေ့ရများပါတယ်။ မျက်နှာဦးရေပြားနဲ့ လက်တွေပေါ်မှာ အတွေ့ရများပါတယ်။ နေလောင်လို့ဖြစ်တဲ့ အရေပြားအခြေအနေတစ်ခုဖြစ်ပြီး ကင်ဆာအဖြစ် ပြောင်းလဲနိုင်တာပါ။ ဆရာဝန်နဲ့ အသေအချာပြသသင့်ပြီး အပြောင်းအလဲတွေကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၉။ ပုလဲလို ဒါမှမဟုတ် ဖယောင်းလိုဖြစ်နေတဲ့ အဖုလေး

ဦးရေပြားပေါ်မှာဖြစ်နေတဲ့ ဝက်ခြံ ဒါမှမဟုတ် အရွယ်အစားပြောင်းနေတဲ့ ဝက်ခြံလိုအဖုမျိုးကို ဂရုစိုက်ပါ။ ဖယောင်းလိုခပ်ချောချော အရေပြားအောက်မှာဖြစ်လာရင် အဖုရဲ့အလယ်မှာ အချိုင့်လေးပေါ်လာရင် ဆရာဝန်ပြသင့်ပါပြီ။ အရေပြားအပေါ်ယံလွှာ အခြေဆဲလ်ကနေဖြစ်လာတဲ့ အရေပြားကင်ဆာဖြစ်နိုင်လို့ပါ။ အဖုပေါ်မှာ သွေးကြောမျှင်လေးတွေ မြင်နေရတာ၊ သွေးထွက်လွယ်တာတွေလည်း ဖြစ်တတ်ပါတယ်။

၈။ မျက်နှာပြင်ညီနေတဲ့အသားရောင် ဒါမှမဟုတ် အညိုရောင် အမာရွတ်လိုအဖု

မကျက်ဘူးဖြစ်နေတဲ့ အနာရှိနေရင်၊ အဖုရဲ့ အလယ်မှာ ချိုင့်နေရင်၊ သွေးထွက်လွယ်နေရင် အဲဒီအရေပြားပေါ်က အဖုကို ဆရာဝန်ပြသင့်ပါပြီ။ မကျက်ဘဲဖြစ်နေတဲ့အနာဖြစ်နေရခြင်းရဲ့ အကြောင်းရင်းတွေထဲကတစ်ခုက အရေပြားအပေါ်ယံလွှာ အခြေဆဲလ်ကနေဖြစ်တဲ့ အရေပြား ကင်ဆာဖြစ်နိုင်တာပါ။ ဦးခေါင်း၊ မျက်နှာ၊ လည်ပင်း၊ လက်နဲ့ လက်မောင်းတွေမှာ ဒီကင်ဆာမျိုး အတွေ့ရများပါတယ်။ မပြန့်လွယ်ဘဲ ကုသရလွယ်ကူတဲ့ အရေပြားကင်ဆာမျိုးပါ။ အရွယ်အစားကြီးလာရင် ကုသပြီးတဲ့အခါ အမြင်မလှတဲ့အမာရွတ်ကျန်တတ်တာမို့ စောစောကုသသင့်ပါတယ်။

၇။ ခပ်တင်းတင်း အနီရောင်အကွက်လေးတွေ

အနီရောင်ရင့်ရင့် ကိုင်ကြည့်လိုက်ရင် ခပ်တင်းတင်းလေးဖြစ်နေတဲ့ အရေပြားကွက်လေးမှာ အလယ်ချိုင့်နေရင်၊ အနာဖြစ်လာရင် ဆရာဝန်နဲ့ ပြသင့်ပါပြီ။ အနာရဲ့အလယ်မှာ ဖုတစ်ခုဖြစ်လာတာ ဒါမှမဟုတ် အနာဖေး တက်နေတဲ့အကွက်တစ်ခုဖြစ်လာတာမျိုးလည်းရှိနိုင်ပြီး အနာမကျက်ဘဲ ဖြစ်နေတတ်ပါတယ်။ ဝက်ခြံ ဒါမှမဟုတ် သွေးစုနာနဲ့တူသလိုရှိပေမယ့် အနာမကျက်လာပါ။ မျက်နှာ၊ နားရွက်နဲ့ လက်တွေမှာ အဖြစ်များပါ တယ်။ အသားညိုတဲ့သူတွေမှာ နေရောင်မထိတဲ့ အရေပြားနေရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။

၆။ ပြင်ညီမျက်နှာပြင်မှာ အကြေးခွံ ဒါမှမဟုတ် အနာဖေးရှိနေတဲ့ အဖု

အကြေးခွံရှိလာပြီး အနာမကျက်တဲ့ ပြင်ညီမျက်နှာနဲ့ အဖုတွေက အရေပြားအပေါ်ယံလွှာ ဆဲလ်ကနေဖြစ်တဲ့ ကင်ဆာဖြစ်နိုင်ပါတယ်။ ဒီကင်ဆာအမျိုးအစားဟာ အရေပြားမှာသာမက အသက်ရှူလမ်းကြောင်း၊ အ စာအိမ်အူလမ်းကြောင်းနဲ့ အခေါင်းရှိတဲ့အင်္ဂါအစိတ်အပိုင်းတွေမှာပါ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် အသက်အန္တရာယ် မရှိတတ်ပေမယ့် သိပ်ကြီးလာရင်တော့ သေနိုင်ပါတယ်။ ကုသပြီး အမာရွတ်ကျန်တတ်တာမို့ စောစောကုသသင့်ပါတယ်။ နေလောင်ခြင်းကြောင့် ဖြစ်ပွားတယ်လို့ ယူဆကြပြီး ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေပါတယ်။

၅။ ထူးခြားတဲ့အသွင်အပြင်နဲ့ မှဲ့

မှဲ့တွေကို ဂရုစိုက်ကြည့်ရမှာဖြစ်ပါတယ်။ ပိုပြီး အရောင်ရင့်တဲ့ အမဲစက်ဖြစ်လာရင်၊ မှဲ့ဟာ အရောင်၊ အရွယ်အစား၊ ကိုင်တွယ်ရတဲ့အသား ပြောင်းလာရင်၊ သွေးထွက်လာရင် ချက်ချင်း ဆရာဝန်ပြသင့်ပါပြီ။ ပြောင်းလဲနေတဲ့မှဲ့ဟာ အရေပြားရောင်ခြယ်ဆဲလ်ကဖြစ်တဲ့ ကင်ဆာဖြစ်နိုင်ပါတယ်။ ဒီကင်ဆာဟာ ပြန့်လွယ်ပြီး အသက်အန္တရာယ်ပေးနိုင်ပါတယ်။ မှဲ့တစ်ခုရှိပြီဆိုရင် ခေါက်ချိုးမညီတာ၊ ဘေးဘောင်တွေ မညီမ ညာဖြစ်လာတာ၊ အရောင်စုံလာတာ၊ အချင်း၁/၄ လက်မပိုကြီးလာတာ၊ အရွယ် ဒါမှမဟုတ် ပုံစံပြောင်းလာတာ စတာတွေ ရှိမရှိ သေချာဂရုပြု ကြည့်သင့်တာပါ။

၄။ ဘေးဘောင်တွေ မညီမညာဖြစ်ပြီး အနီ၊ အဖြူ၊ အပြာနဲ့ နက်ပြာ ရောင်ရောနေတဲ့ အဖုအကွက်တွေ

အရေပြားရောင်ခြယ်ဆဲလ်ကနေဖြစ်တဲ့ကင်ဆာဟာ ထူးထူးဆန်းဆန်းနေရာတွေမှာ ဖြစ်နိုင်ပါတယ်။ လက်ဖဝါး၊ ခြေဖဝါး၊ လက်ချောင်း၊ ခြေချောင်းထိပ်၊ ပါးစပ်၊ နှာခေါင်းထဲ၊ လိင်အင်္ဂါတွေတစ်ဝိုက် စတာတွေ ဖြစ်ပါတယ်။ ရုတ်တရက်ပေါ်လာတဲ့ အရောင်ရင့်ရင့် အစက်တစ်စက်ဟာ ပုံစံပြောင်းနေတယ်လို့ထင်ရရင် စစ်ဆေးသင့်ပါပြီ။ နာရီတိုင်းမှာ ဒီအရေပြားကင်ဆာကြောင့် တစ်ယောက်တော့ သေဆုံးနေရပါတယ်။ ဒါ့ကြောင့် သံသယရှိတာနဲ့ ဆရာဝန်ပြသင့်ပါတယ်။ စောစောသိပြီး စောစောကုနိုင်ဖို့ပါ။

၃။ မျက်ခွံပေါ်က ခပ်မာမာ အဝါရောင် အဖုတွေ

မျက်ခွံပေါ်မှာ ခပ်မာမာအဝါရောင်အဖုလေးတွေ ပေါ်လာခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ပြလိုက်ပါ။ ဦးခေါင်းနဲ့လည်ပင်း၊ ကိုယ်လုံး၊ လိင်အင်္ဂါနေရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ရှားပါးတဲ့အဆီဂလင်းကဖြစ်တဲ့ ကင်ဆာဖြစ်နိုင်ပါတယ်။ ကြီးထွားမှုနှေးပြီး မပြန့်လွယ်ပေမယ့် ကုသဖို့လိုအပ်ပါတယ်။ တခြားကင်ဆာတွေကြောင့် ဖြစ်လာတာမျိုး ဖြစ်နိုင်သလို၊ ကင်ဆာမဟုတ်ဘဲ ခြောက်လှန့်တဲ့သာမန်အဖုလေးလည်း ဖြစ်နေနိုင်ပါတယ်။

၂။ အသားရောင် ဒါမှမဟုတ် နီပြာပြာအရောင်ရှိတဲ့အဖု

အနီရောင်၊ အပြာရောင်၊ ခရမ်းရောင် ဒါမှမဟုတ် အသားရောင် အဖုတစ်ခုမှာ အလယ်မှာ အနာလိုဖြစ်နေရင် ချိုင့်နေရင် ဆရာဝန်ပြပါ။ Merkel ဆဲလ်ကင်ဆာဆိုတဲ့ ရှားပါးအရေပြားကင်ဆာ ဖြစ်နိုင်လို့ပါ။ မျက်နှာ၊ ဦးခေါင်းနဲ့ လည်ပင်းတွေမှာ ဖြစ်တတ်ပါတယ်။ အသက်အရွယ်ကြီးပြီး နေလောင်ဒဏ်ခံထားရသူတွေနဲ့ ကိုယ်ခံအားကျနေတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒီကင်ဆာမျိုးက ကြီးထွားမှုမြန်ပြီး ပြန့်နှံ့လွယ်ပါတယ်။ စောစောသိပြီး ကုသရင် တော်ပါသေးတယ်။

၁။ အရေပြားပေါ်က အနီရောင်၊ ခရမ်းရောင်အကွက်တွေ

အနီရောင်၊ ခရမ်းရောင် နည်းနည်းကြွနေတဲ့ အရေပြားကွက်တွေဟာ Kaposi sarcoma ဆိုတဲ့ ကင်ဆာဖြစ်နိုင်ပါတယ်။ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးထားတဲ့ သူတွေမှာ ဖြစ်တာများပါတယ်။ အာဖရိက၊ အီတလီနဲ့ အရှေ့ဥရောပက ဂျူးအနွယ်ဝင်တွေမှာ အဖြစ်များပါတယ်။ အရေပြားထဲက သွေးကြောမျှင်လေးကနေဖြစ်လာတဲ့ ကင်ဆာဖြစ်ပြီး မနာကျင်တဲ့အဖုတွေအဖြစ် တွေ့ရတတ်ပါတယ်။ မျက်နှာနဲ့ ခြေထောက်တွေမှာ အတွေ့ရများပါတယ်။ ခြေထောက် နဲ့ ပေါင်ခြံမှာဖြစ်ရင် ခြေထောက်ရောင်စေပြီး နာကျင်တတ်ပါတယ်။

ကိုအောင် (ဆေး – ၁)

Health Care

LEAVE A REPLY

Please enter your comment!
Please enter your name here