သွားအပေါ်ယံလွှာတိုက်စားမှု ဖြစ်ပွားရခြင်း၏ အဓိကတရားခံမှာ အချိုရည်များဖြစ်သည်ဟု သုတေသနတစ်ခုက ဆိုသည်။

သွားအပေါ်ယံလွှာတိုက်စားမှုဆိုသည်မှာ သွားကို ကာကွယ်ပေးထားသော မာကျောသည့် အပေါ်ယံအလွှာ Enamel များသည် အက်ဆစ်နှင့် ထိတွေ့မှုကြောင့် တိုက်စားသွားခြင်းကိုဆိုလိုသည်။ Enamel များ တိုက်စားခံရပါက ပူသောအစားသောက်များနှင့် အေးသော အစားအသောက်များကို စားသုံးသောအခါတွင် နာကျင်မှုကို ဖြစ်ပေါ်စေသည်။ အဘယ့်ကြောင့် ဆိုသော် သွား၏ အတွင်းပိုင်းအလွှာကို အပူနှင့် အအေးများက ထိတွေ့မှုကြောင့်ဖြစ်သည်။

သွား၏ Enamel အလွှာသည် ကျွန်ုပ်တို့က အက်ဆစ်ပါဝင်သော အစားအသောက်များကို စားသုံးသောအခါ ပိုမိုပျော့ပျောင်းလာကာ ဓာတ်သတ္ထုပါဝင်မှု လျော့ကျလာသည်။ သို့သော် ယင်းအက်ဆစ်ပါဝင်မှုသည် ခံတွင်းအတွင်း သာမန်မျှခြေ အခြေအနေကို တဖြည်းဖြည်းချင်း ပြန်လည်ထိန်းသိမ်းပေးသော သွားရည်များကြောင့်ပျက်ပြယ်နိုင်ပါသည်။ သို့သော် ထိုသို့ ပြန်လည်ထိန်းသိမ်းပေးရန် အချိန်လုံလောက်စွာ မရရှိဘဲ ကျွန်ုပ်တို့သည်အက်ဆစ်ပါဝင်သော အစားအသောက်များကို မကြာခဏစားသုံးလာသောအခါသွား၏ မျက်နှာပြင်သည် တိုက်စားသွားပါသည်။

ကိုယ်အလေးချိန်လျှော့ချပေးသော ဆိုဒါများ၊ သာမန်ဆိုဒါများ၊ Carbonated အချိုရည်များ၊ အားပြည့်အချိုရည်များ၊ သစ်သီးများနှင့် သစ်သီးဖျော်ရည်များ ¤င်းတို့ကို အများအပြား သောက်သုံးပါက သွားအတွက် ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ လူကြီးများ အများအပြားသည်လည်း သွားအပေါ်ယံ လွှာတိုက်စားမှု ဖြစ်ပွားနေကြကြောင်းတွေ့ရှိရသည်။ အခြေအနေအပြင်းထန်ဆုံး အဆင့်များမှာ သကြားဓာတ်များပြားစွာ ပါဝင်သော အချိုရည်များ၊ သစ်သီးဖျော်ရည်များကို အများဆုံးသောက်သုံး နေသူများတွင်ဖြစ်သည်။

သုတေသနတွင် လူကြီးပေါင်း ၃၇၇၃ ဦးကို လေ့လာခဲ့ပြီး ၎င်းတို့တွေ့ရှိ သည်မှာ ၇၉ ရာခိုင်နှုန်းသည် သွားအပေါ်ယံလွှာတိုက်စားမှု ဖြစ်ပွားနေကြောင်း သက်သေမျှ တွေ့ရှိခဲ့ရပြီး ၆၄ ရာခိုင်နှုန်းမှာ အပျော့စားသွားအပေါ်ယံလွှာ တိုက်စားမှုဖြစ်ပွားနေသည်။ ၁ဝ ရာခိုင်နှုန်းမှာမူ သွားတိုက်စားမှု အဆင့်အသင့်အတင့်ရှိနေပြီး ၅ရာခိုင်နှုန်းမှာ ပြင်းထန်သော အခြေအနေကို ခံစားနေရသည်။ သွားတိုက်စားမှု အဆင့်အသင့်အတင့်ရှိသောအုပ်စု နှင့် အခြေအနေပြင်းထန်သောအုပ်စုမှ ပါဝင်သူများသည် တခြားအုပ်စုမှ လူများထက် အချိုရည်များနှင့် သစ်သီးဖျော်ရည်များကို ပိုမိုသောက်သုံးသူများဖြစ်ကြသည်။

သွားတိုက်စားမှု အဆင့်နိမ့်သောအုပ်စုမှ လူများသည်မူ ဆိုဒါနှင့် သစ်သီးဖျော်ရည်များထက် နွားနို့ကို ပိုမိုသောက်သုံးသူများဖြစ်ကြသည်။ သုတေသနတွင်အမျိုးသားများသည် အမျိုးသမီးများထက် သွားတိုက်စားမှု နှစ်ဆပိုမိုဖြစ်ကြပြီး အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးတွင် သွားတိုက်စားမှုအခြေအနေသည် အသက်အရွယ်ကြီးရင့်လာသည်နှင့် ပိုမိုပြင်းထန်လာတတ်ခြင်းဖြစ်သည်။ သစ်သီးဖျော်ရည်များသည် အာဟာရပြည့်ဝသော အစားအသောက်များ ဖြစ်နိုင်သည်။ သို့သော် သကြားဓာတတ်နှင့် အက်ဆစ်ဓာတ်များ များပြားမှုသည် ၎င်းတို့ကို နေ့စဉ်အများအပြားသောက်သုံးပါက သွားတိုက်စားမှုကို ဖြစ်ပေါ်စေနိုင်သည်။

ရေနှင့် နွားနို့တို့မှာမူ အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်သည်။ ၎င်းတို့သည်သွားနှင့် ခံတွင်းကျန်းမာရေးအတွက်ကောင်းမွန်ရုံသာမက ကျွနု်ပ်တို့၏ ခြုံငုံကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်သည်။ သို့သော် ပြဿနာမှာ ယင်းသကြားဓာတ်များသော အစားအသောက်များကို စားသုံးခြင်းကြောင့်ဖြစ်သဖြင့် ယင်းအစားအသောက်များစားသုံးမှုကို လျှော့ချရုံဖြင့် လုံလောက်ပါသည်။

ဖြိုးဝင်းကိုကို

Health Care