သန်း(Lice)ဆိုတာ ပင်အပ်ခေါင်းလောက်အရွယ်အစားရှိပြီး သာမန်မျက်စိနဲ့ကြည့်လို့ အလွယ်တကူမမြင်နိုင်တဲ့ ကြမ်းပိုးလိုမျိုး အလွန်သေးငယ်တဲ့အကောင်လေးတွေဖြစ်ပါတယ်။ အဲ့ဒီသန်းတွေမှာမှ လူသားတို့ရဲ့ဦးခေါင်း၊ ခန္ဓာကိုယ်တဝိုက်နဲ့ ဆီးခုံနေရာမှာတွေ့ရတဲ့သန်းတွေဆိုပြီး သုံးမျိုးရှိပါတယ်။ အဓိကအားဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှု နိမ့်ကျတဲ့သူအများစုမှာ တွေ့ရတတ်ပြီး လူတစ်ဦးကနေတစ်ဦးကိုလည်း ကူးစက်နိုင်ပါတယ်။ ဒီနေရာမှာ လူသိနည်းပြီး ထူးထူးခြားခြားအကြောင်းအရာတစ်မျိုးဖြစ်တဲ့ ဆီးခုံမှာတွေ့ရတဲ့သန်း (Pubic Lice) တွေအကြောင်း ပြောပြချင်ပါတယ်။

 

ဆီခုံမှာတွေ့ရတဲ့သန်းတွေကို Crabs လို့လည်း တစ်မျိုးခေါ်ကြပါတယ်။ ဦးခေါင်းမှာတွေ့ရတဲ့သန်း (Head Lice) တွေနဲ့မတူတာက အဲ့ဒီ Crabs တွေဟာ ခန္ဓာကိုယ်က အမွေးကြမ်းတွေရှိတဲ့နေရာမှာပဲ တွေ့ရတတ်တာဖြစ်ပြီး အမွေးရိတ်လိုက်ရင်လည်း ပျောက်မသွားဘဲ ဆက်ရှိနေနိုင်တာမျိုးဖြစ်ပါတယ်။ Head Lice နဲ့တူတာကတော့ Crabs တွေဟာ အစာအဖြစ် လူ့ကိုယ်ခန္ဓာက သွေးကိုစုပ်ယူပြီး လူအချင်းချင်းအနီးကပ်ထိတွေ့ရာကနေတဆင့် ကူးစက်တတ်တာပဲဖြစ်ပါတယ်။ အထူးသဖြင့် လိင်ဆက်ဆံမှုပြုလုပ်တဲ့အခါမှာ လိင်အဂါၤတစ်ခုကနေ နောက်တစ်ခုဆီကို လွယ်လွယ်နဲ့ကူးသွားနိုင်တာမျိုးဖြစ်ပါတယ်။ ဒါဆို လိင်ဆက်ဆံမှုပြုလုပ်တာမဟုတ်ဘဲ တစ်စုံတစ်ဦးရဲ့လိင်အဂါၤကို နမ်းရှိုက်ရင်ရော ကူးနိုင်သလား။ ဒါကဖြစ်နိုင်ခြေနည်းပေမယ့် လုံးဝမကူးစက်နိုင်တာမျိုးတော့မဟုတ်ပါဘူး။ အဲ့လိုနမ်းတဲ့အခါမျိုးမှာ သင့်ရဲ့မျက်နှာဟာ တဖက်လူရဲ့ဆီးခုံနေရာနဲ့ လွန်စွာနီးကပ်နေတာကြောင့် မျက်တောင်မွေး၊ မျက်ခုံးမွေး၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ချိုင်းမွေးနဲ့ ရင်ဘတ်မွေး စတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းက အမွေးကြမ်းရှိတဲ့နေရာတွေကို ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တခြားသူရဲ့လိင်အဂါၤကို မနမ်းခင်မှာ Pubic Lice ရှိ/မရှိဆိုတာ အရင်ဆုံး သတိထားကြည့်ဖို့လိုပါတယ်။

 

Pubic Lice ရှိနေတဲ့သူမှာ တွေ့ရနိုင်တဲ့လက္ခဏာအများစုကတော့ လိင်အဂါၤတဝိုက်မှာ ယားယံနေတာ၊ ကုတ်ထားလို့အနာဖြစ်ပြီး ရောင်ယမ်းနေတာ၊ အတွင်းခံမှာ ပေါင်ဒါလိုအမည်းရောင်အစက်တွေ ပေနေတာ၊ ဆီးခုံမွေးမှာ အညိုရောင်ဥလေးတွေ ကပ်နေတာ၊ အမွေးရိတ်လိုက်ရင် အောက်အရေပြားမှာ အလွန်သေးငယ်တဲ့ သွေးစသွေးနလေးတွေကျန်နေတာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီဆီးခုံနေရာမှာတွေ့ရတဲ့သန်းတွေဟာ မျက်တောင်မွေး၊ မျက်ခုံးမွေးတွေကို ကူးစက်သွားရင် မျက်စိနီတာ/နာတာ၊ ရောင်တာ၊ ယားတာတွေ ဖြစ်နိုင်တာကြောင့် မျက်လုံးထိခိုက်မှုမရှိစေဖို့ မျက်စိဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ မျက်နှာနဲ့ခန္ဓာကိုယ်က တခြားအမွေးတွေကို ကူးသွားရင်တော့ ယားယံတာ၊ ငွေ့ငွေ့ဖျားတာနဲ့ အမြဲတစေငိုက်မျည်းတာတွေဖြစ်နိုင်ပြီး အဲ့လိုအခြေအနေမျိုးမှာ ပိုးသတ်ဆေးပါတဲ့ဆပ်ပြာတွေ၊ ခရင်မ်တွေကို အသုံးပြုကုသရမှာဖြစ်ပါတယ်။ နောက်တစ်ခုက အဲ့လိုဆီးခုံမှာသန်းတွေရှိနေတဲ့သူရဲ့လိင်အဂါၤကို နမ်းရှိုက်တဲ့အခါမှာ ပါးစပ်ထဲကို သန်းတွေ မတော်တဆရောက်ရှိပြီး မျိုချလိုက်မိသွားတဲ့အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ ဒီအခြေအနေကိုတော့ သင့်အနေနဲ့ စိုးရိမ်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ Pubic Lice တွေဟာ အစာအိမ်ရဲ့အက်ဆစ်ဓာတ်ကြောင့် သင့်ကိုယ်တွင်းမှာ ကြာကြာရှင်သန်ဖို့ မဖြစ်နိုင်လို့ပါပဲ။

အခုနောက်ပိုင်းပြုလုပ်တဲ့ လေ့လာမှုတွေအရ အမေရိကန်နိုင်ငံက လူသုံးသန်းလောက်ဟာ နှစ်စဉ် Pubic Lice ကူးစက်ခြင်းခံနေရတယ်လို့ သိရပါတယ်။ သတင်းကောင်းကတော့ အဲ့ဒီဆီးခုံမှာဖြစ်တဲ့သန်းတွေကို လွယ်လွယ်ကူကူနဲ့ ကုသလို့ရနိုင်တာဖြစ်ပြီး ရောဂါဆိုးဆိုးရွားရွားလည်း မဖြစ်စေတတ်ပါဘူး။ ဒါပေမယ့် ကုသနေစဉ်မှာ လိင်ဆက်ဆံမှုပြုလုပ်တာမျိုး၊ လိင်အဂါၤကို ပါးစပ်နဲ့နမ်းရှိုက်တာမျိုးကိုတော့ အဓိကရှောင်ရှားကြရမှာဖြစ်ပါတယ်။ ဆီးခုံမှာဖြစ်တတ်တဲ့သန်း (Pubic Lice) တွေအကြောင်း အကြမ်းဖျင်းသိရှိပြီး မကူးစက်အောင် ရှောင်ရှားတတ်စေဖို့ ရည်ရွယ်ရင်း ဒီဆောင်းပါးကို ရေးသားလိုက်ပါတယ်။

Health Care