ဆီးချိုရောဂါအမျိုးအစားများကိုသရုပ်ခွဲကြည့်ပါကအကြမ်းဖျဉ်းအားဖြင့် အမျိုးအစား ၁ ၊ အမျိုးအစား ၂ ၊ ကိုယ်ဝန်ဆောင်မိခင်များတွင်တွေ့ရသောဆီးချို နှင့် အခြားအမျိုးအစားများဟူ၍တွေ့ရှိရပါသည်။ ဌင်းအမျိုးအစားများအနက်အမျိုးအစား ၁ ဆီးချိုရောဂါသည်အင်ဆူလင်ဟိုမုန်းဆေးဖြင့် မဖြစ်မနေကုသရန်လိုအပ်ပါသည်။ အင်ဆူလင်ဆေးမရပါကအသက်အန္တရယ်ရှိနိုင်ပါသည်။

ဤမျှအဖိုးတန်သောအင်ဆူလင်ကို ၁၉၂၁ ခုနှစ်တွင် ကနေဒီယန်သိပ္ပံပညာရှင် Fredrick G Banting ဦးဆောင်သောအဖွဲ့က နွား၏မုန့်ချိုအိတ်မှ စတင်ထုတ်လုပ်ခဲ့ပါသည်။ ၁၆၂၂ ခုနှစ်တွင် ၁၄ နှစ်သားအမျိုးအစား ၁ ဆီးချိုဝေဒနာရှင် Leonard Thompson ကိုစတင်ထိုးပေးခဲ့ပြီး အင်ဆူလင်ထိုးဆေးကြောင့် နောက်ထပ် ၁၃ နှစ်အသက်ဆက်ရှင်ခဲ့ပါသည်။ ၎င်းကာလများ မတိုင်မီက အမျိုးအစား ၁ ဆီးချိုဝေဒနာရှင်များသည် အသက်ကြာကြာမရှင်နိုင်ကြသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရပါသည်။ ၁၉၂၄ ခုနှစ်တွင် Eli Lilly ဆိုသူမှ အင်ဆူလင်ကို စီးပွားဖြစ်ထုတ်လုပ်ခဲ့ပါသည်။ နွားမှထုတ်လုပ်သော အင်ဆူလင်သည် ဓာတ်မတည့်မှုဖြစ်စဉ် အဖြစ်များသည့်အတွက် ၁၉၅၀ ခုနှစ်တွင် ဝက်၏မုန့်ချိုအိတ်မှ အင်ဆူလင်စတင်ထုတ်လုပ်ရန် ကြိုးစားခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် လူ့ခန္ဓာကိုယ်မှ ထုတ်လုပ်သောအင်ဆူလင်နှင့် ထပ်တူညီသော လူလုပ်အင်ဆူလင် (human insulin) ကိုဓာတ်ခွဲခန်းတွင် စတင်ထုတ်လုပ်နိုင်ရန်ကြိုးစားခဲ့ပါသည်။ ၁၉၇၈ ခုနှစ်တွင် အီးကိုလိုင်ဘက်တီးရီးယားပိုးမှ Human insulin ကိုစတင်ထုတ်လုပ်နိုင်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် Humulin ဆိုသောအမည်ဖြင့် ဈေးကွက်အတွင်းသို့ စတင်ဖြန့်ချီခဲ့ပါသည်။ ယနေ့ခေတ်ကာလတွင် အင်ဆူလင်ကိုပုံစံမျိုးစုံ၊ တံဆိပ်မျိုးစုံဖြင့် ဈေးကွက်တွင်းရရှိနိုင်ပြီဖြစ်ပါသည်။

အင်ဆူလင်ကိုအမျိုးအစား ၁ ဆီးချိုဝေဒနာရှင်များသာမက အောက်ပါအခြေအနေများတွင်လည်း အသုံးပြုရန်လိုအပ်ပါသည်။ ၎င်းတို့မှာ-

၁။ အမျိုးအစား ၂ ဆီးချိုဝေဒနာရှင်များတွင်သိသာထင်ရှားသောဆီးချို လက္ခဏာများရှိပြီး
၂။ အစာမစားမီသွေးတွင်းသကြားဓာတ် ၂၅၀ မီလီဂရမ်ပါဒက်ဆီလီတာကျော်သူများ။
၃။ ကြုံရာကျပန်းအချိန်တွင်သွေးတွင်းသကြားဓာတ် ၃၅၀ မီလီဂရမ်ပါဒက်ဆီလီတာကျော်သူများ။
၄။ သုံးလအတွင်းဆီးချိုပမာဏ ၁၀ ရာခိုင်နှုန်း ကျော်သူများ။
၅။ သောက်ဆေးပေးသော်လည်း ဆီးချိုကောင်းစွာမထိန်းနိုင်သူများ။
၆။ ခွဲစိတ်ကုသရန်လိုအပ်သူများ။
၇။ ဆီးချို၏နောက်ဆက်တွဲအရေးပေါ်ရောဂါများကိုခံစားနေရသူများ။
၈။ ကိုယ်ဝန်ဆောင်မိခင်များစသည်တို့ဖြစ်ပါသည်။

အင်ဆူလင်သည် နှစ်ဖက်ချွန်ဓားနှင့် အလားသဏ္ဍာန်တူပေသည်။ သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး ဖြစ်တတ်ပါသည်။ ထို့ကြောင့် နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် စနစ်တကျကုသရန်လိုအပ်ပါသည်။

ထို့ပြင်အင်ဆူလင်၏ ဆိုးကျိုးများကိုလည်း သိရှိထားရန်လိုအပ်ပါသည်။ ၎င်းတို့မှာ-
၁။ သွေးတွင်းသကြားဓာတ်ရုတ်တရက်လျော့နည်းခြင်း။
၂။ ကိုယ်အလေးချိန်တက်လာနိုင်ခြင်း။
၃။ ဓာတ်မတည့်ဖြစ်စဉ်ဖြစ်ပွားနိုင်ခြင်းစသည်တို့ဖြစ်ပါသည်။

သို့သော်လည်း အင်ဆူလင်၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများကို နှိုင်းယှန်ကြည့်ပါက ကောင်းကျိုးကပိုများသည်ကိုတွေ့ရှိရပါသည်။ ထို့ပြင်အင်ဆူလင်ဖြင့် ကုသရန်လိုအပ်ချိန်တွင် စနစ်တကျမကုသပါက အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါသည်။ ထို့ကြောင့် အင်ဆူလင်ကိုဆီးချိုဝေဒနာရှင်များတွက်မရှိမဖြစ် အသက်ကယ်ဆေးအဖြစ် တင်စားလိုက်ချင်ပါသည်။

ဒေါက်တာသိန်းစိုးထွန်း
အထွေထွေအထူးကုသမားတော်

Health Care