ဆီးမကြာခဏသွားသောအခြေအနေ (Overactive Bladder) ခံစားနေရသူသည် ဆီးသွားခြင်းကို မထိန်းချုပ်နိုင်ဘဲ ဆီးစိမ့်ထွက်ခြင်း၊ တနေ့လုံး မကြာခဏ ဆီးသွားရမှု ဖြစ်စေနိုင်ပါသည်။

ထိုအခြေအနေသည် ဦးနှောက်နှင့် ဆီးအိမ်ဆက်သွယ်မှု မှားယွင်းသွားခြင်းကြောင့် ဖြစ်သည်။ ဦးနှောက်မှ ဆီးအိမ်သို့ ဆီးသွားရန် အချိန်ကျလာပြီဟု အသိပေးချက် ပေးပို့လိုက်သော်လည်း ဆီးအိမ်တွင် ဆီးမပြည့်သေးပေ။ ရလဒ်အနေဖြင့် ဆီးအိမ်ကျုံ့လာပြီး ဆီးသွားချင်စိတ်ကို ဖြစ်စေနိုင်သည်။

လက္ခဏာများ

ဆီးမကြာခဏသွားခြင်းကြောင့် လက္ခဏာများစွာ ခံစားရနိုင်ပြီး လူနေမှုဘဝကိုပါ ထိခိုက်စေနိုင်ပါသည်။

မကြာခဏဆီးသွားခြင်း – တစ်နေ့လျှင် ရှစ်ကြိမ်နှင့်အထက် ဆီးသွားခြင်း

ညဘက်ဆီးသွားရခြင်း – ညဘက်တွင် ဆီးထသွားရခြင်း (အများအားဖြင့်တစ်ကြိမ်မှ နှစ်ကြိမ်အထိ)

ရုတ်တရက်ချက်ချင်း ဆီးသွားခြင်း – ချက်ချင်းဆိုသလို ဆီးသွားချင်စိတ်ဖြစ်လာပြီး ဆီးမထိန်းနိုင်ဘဲ ရုတ်တရက်ဆီးသွားခြင်း

ဆီးမထိန်းနိုင်ခြင်း – ဆီးသွားချင်စိတ်ဖြစ်သည့်အခါ ဆီးစိမ့်ထွက်ကျခြင်း၊ ဆီးမကြာခဏသွားခြင်း ခံစားနေရသူတွင် ဆီးကျန်နေသည်ဟု ခံစားရတတ်ပါသည်။ ထို့ကြောင့် ဆီးသွားပြီး မကြာခင် သန့်စင်ခန်းသို့ ပြန်သွားရတတ်သည်။

လက္ခဏာအပေါ်မူတည်ပြီး အမျိုးအစားနှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ (Overactive Bladder, dry)ဖြစ်ပြီး ဆီးမကြာခဏသွားခြင်းကို ခံစားနေရသူများ၏ သုံးပုံနှစ်ပုံတွင် ဖြစ်လေ့ရှိသည်။

ဒုတိယတစ်မျိုးမှာ(Overactive Bladder, wet)ဖြစ်ပြီး ထိုလူနာများတွင် ဆီးစိမ့်ထွက်ကျခြင်း လက္ခဏာကို တွေ့ရတတ်သည်။ Dry  လူနာများတွင်မူ ထိုလက္ခဏာ မတွေ့ရှိရပေ။

ဖြစ်နိုင်ခြေများသည့် အကြောင်းရင်းများ

အသက်ကြီးသူများတွင် ပိုတွေ့ရတတ်ပြီး အခြားအကြောင်းရင်းများစွာလည်း ရှိပါသည်။

– ခွဲစိတ်ခြင်းကြောင့် အာရုံကြောထိခိုက်ထားသူများ

– ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် တင်ပုဆုံပိုင်း ထိခိုက်ဒဏ်ရာရမှုကြောင့် ဆီးအိမ်ထိခိုက်ထားသူများ

– Dementia ရောဂါရှိသူများ

– ဆီးလမ်းကြောင်းပိုးဝင်သူများ

– ဆီးကျိတ်ကင်ဆာနှင့် ဆီးအိမ်ကင်ဆာ ဖြစ်ဖူးသူများ

– ဆီးအိမ်တွင် ကျောက်တည်ဖူးသူများ

– အာရုံကြောထိခိုက်သော ရောဂါရှိဖူးသူများ (ဥပမာ-ပါကင်ဆန်ရောဂါ၊‌ လေဖြတ်ထားသူများ)

– ဆီးအိမ်ကို လှုံ့ဆော်မှုပေးနိုင်သော အစားအသောက်များ (ဥပမာ- အရက်/ဘီယာ၊ ကက်ဖင်းဓာတ်များ၊ အပူအစပ်အ‌စားအစာများ)

ဆရာဝန်နှင့်ပြသသင့်သည့် အချိန်

ဆီးမကြာခဏသွားခြင်းသည် အသက်အန္တရာယ်ကို ဒုက္ခမပေးနိုင်သော်လည်း လူမှုဘဝကို ထိခိုက်စေနိုင်ပါသည်။ အရှင်းပျောက်ကင်းအောင် မကုသသေးနိုင်သော်လည်း ခံစားရသည့် လက္ခဏာများကို လျော့နည်း သက်သာသွားအောင် ကုသနိုင်သော နည်းလမ်းများစွာ ရှိပါသည်။

တစ်နေ့လျှင် ရှစ်ကြိမ်နှင့်အထက် ဆီးခဏခဏသွားသူများ၊ တညလုံး အိပ်မပျော်ဘဲ ဆီးထသွားရသူများ၊ ရုတ်တရက်ချက်ချင်းဆိုသလို ဆီးသွားချင်လာပြီး ဆီးသွားရသူများ၊ ပုံမှန်ဆီးစိမ့်ထွက်ကျသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြသပြီး ကုသမှုခံယူသင့်ပါသည်။

ဆီးမကြာခဏသွားခြင်းခံစားနေရသူများကို အကူအညီပေးနိုင်သော အရာများ

အင်တာနက်ပေါ်တွင် ဆီးမကြာခဏသွားခြင်း၏ လက္ခဏာများနှင့် ပြင်းထန်မှုအဆင့်ကို သတ်မှတ်ပေးမည့် အမေးအဖြေပုစ္ဆာများ ဖြေကြားခြင်း (Online Quiz)ကို ပြုလုပ်သင့်ကြောင်း အမေရိကန် ဆီးနှင့်ကျောက်ကပ်ဆိုင် ရာရောဂါအဖွဲ့မှ အကြံပြုထားသည်။

တစ်နေ့လုံး မိမိစားခဲ့သောက်ခဲ့သည့် အစားအစာများ၊ ဆီးသွားခဲ့သည့်အကြိမ် အရေအတွက်၊ ဆီးစိမ့်ထွက်ကျခြင်း၊ ရုတ်တရက် ဆီးသွားချင်စိတ်ဖြစ်ပြီး ဆီးသွားရခြင်း စသည့်တို့ကို မှတ်သားသည့် “Bladder Diary” အလေ့အကျင့်ကို ပြုလုပ်ပေးသင့်သည်။ ထို့အပြင် စမတ်ဖုန်းတွင် Download ဆွဲ၍ ထည့်သွင်းအသုံးပြုရသည့် App များလည်းရှိပြီး လွယ်ကူစွာ မှတ်သားအသုံးပြုနိုင်‌နေပြီဖြစ်ပါသည်။

ကုသမှုနည်းလမ်းများ

ဆီးမကြာခဏသွားခြင်းကို သက်သာစေရန် ကုသမှုနည်းလမ်းများစွာရှိပါသည်။ ဆေးဝါးများဖြင့် ကုသခြင်း၊ အစားအသောက် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ရုပ်ပိုင်းဆိုင်ရာကုထုံး (Physical Therapy)ဖြင့် ကုသခြင်းများ လုပ် ဆောင်နိုင်ပါသည်။

ဆေးဝါးများဖြင့်ကုသခြင်း

ဆေးဝါးများဖြင့် ကုသရာတွင် ဆေးအမျိုးအစားများစွာ ရှိသော်လည်း ဆရာဝန်၏ညွန်ကြားမှုဖြင့် သာ သောက်သုံးသင့်ပါသည်။

အစားအသောက်နေထိုင်မှုပုံစံ ပြောင်းလဲခြင်း

အစားအ‌သောက်နေထိုင်မှု ပုံစံပြောင်းလဲခြင်းကလည်း ဆီးမကြာခဏသွားခြင်းကို ကုသရာတွင် အထောက်အကူဖြစ်စေနိုင်ပါသည်။

– ဆီးအိမ်ကို လှုံ့ဆော်မှုပေးနိုင်သည့် အရက်/ဘီယာနှင့် ကက်ဖင်းဓာတ်ပါသော အစားအ‌သောက်များကို အကန့်အသတ်နှင့် စား‌သုံးသင့်ပါသည်။

– အဝလွန်ခြင်းသည် ဆီးအိမ်ပေါ်တွင် ဖိအားအလွန်များပြီး ထိခိုက်စေနိုင်သဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန် အချိုးအစားကို ထိန်းသိမ်းသင့်ပါသည်။

– အမျှင်ဓာတ် (Fiber)ပါသော အစားအစာများက ဝမ်းချုပ်ခြင်းနှင့် ဆီးမကြာခဏသွားခြင်းကို လျှော့ချပေးနိုင်သည့်အတွက် ပုံမှန် စားသုံးသင့်ပါသည်။

– ညမအိပ်မီ ရေနှင့် ဖျော်ရည် အလွန်အကျွံသောက်ခြင်းကို ထိန်းချုပ်ရမည်။

– အရက်နှင့် ဆေးလိပ်ဖြတ်ရပါမည်။

ရုပ်ပိုင်းဆိုင်ရာ ကုထုံး (Physical Therapy)

ဆီးမကြာခဏသွားခြင်းကို သက်သာစေနိုင်မည့် ရုပ်ပိုင်းဆိုင်ရာ ကုထုံးများစွာရှိပါသည်။ ယင်းတို့အနက် ဆီးအိမ်ကြွက်သားကို သန်မာအောင် ပြုလုပ်သည့် လေ့ကျင့်ခန်း (Bladder Training) က ထိရောက်မှုရှိပြီး တတ်ကျွမ်းနားလည်သော ဆရာဝန်တစ်ဦးဦး၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်ရန် လိုအပ်ပါသည်။

ဒေါက်တာ ဟိန်းဇာနည်