ဆီးမထိန်းနိုင်ခြင်းဆိုသည်မှာ မိမိဆီးမသွားသေးသော်လည်း မထိန်းနိုင်ဘဲ အလိုအလျောက် ဆီး စိမ့်ထွက်လာခြင်းဖြစ်သည်။ ဆီးအိမ်မှာရှိသော ကြွက်သားများ အားနည်းသွားခြင်းကြောင့်ဖြစ်သည်။ ဆီးမထိန်းနိုင်ခြင်းသည် လူအများစုတွင် တွေ့ရတတ်သော ပြသာနာတစ်ခုဖြစ်ပြီး အမျိုးသမီးများတွင် ပိုမိုတွေ့ရတတ်ပါသည်။ အသက် ၃၀-၆၀ အတွင်း အမျိုးသမီးများတွင် ၃၀ ရာခိုင်နှုန်းခန့် ကြုံတွေ့နေရပြီး အမျိုးသားများတွင်မူ ၁ – ၅ ရာခိုင်နှုန်းသာ ဖြစ်တတ်ကြသည်။ စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်ပြီး အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးပြီးနောက် ချောင်းဆိုးလျှင် အလိုအလျောက် ဆီးထွက်ကျခြင်းကို ကြုံ တွေ့ရနိုင်ပါသည်။ အများအားဖြင့် အဝလွန်သူများတွင် ပိုမိုတွေ့ရတတ်ပါသည်။
“ဖြစ်စေနိုင်သည့် အကြောင်းအရင်းများ”
ဖြစ်စေနိုင်သည့် အကြောင်းအရင်းများနှင့် ဆီးမထိန်းနိုင်ခြင်း အမျိုးအစားများမှာ ဆက်စပ်နေပါသည်။
(၁) Stress Incontinence (စိတ်ဖိစီးမှုကြောင့် ဆီးမထိန်းနိုင်ခြင်း) ဖြစ်စေသော အကြောင်းအရင်းများ
– ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးပြီးအချိန်
– သွေးဆုံးချိန်
– သားအိမ်ထုတ်ထားသူများနှင့် ခွဲစိတ်မှုခံယူထားသူများ
– အသက်အရွယ်ကြီးရင့်သူများ
– အဝလွန်သူများ
(၂) Urge Incontinence (ရုတ်တရက်ချက်ချင်း ဆီးသွားချင်စိတ်ဖြစ်ပြီး ဆီးမထိန်းနိုင်ခြင်း) ဖြစ်စေသော အကြောင်းအရင်းများ
– ဆီးအိမ်ရောင်ယမ်းခြင်း
– ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ (လေဖြတ်ခြင်း၊ ပါကင်ဆန်ရောဂါ၊ Multiple Sclerosis)
– ဆီးကျိတ်ကြီးရောဂါ ခံစားနေရသူများ
(၃) Overflow Incontinence (ဆီးအိမ်တနေရာရာတွင် ပိတ်ဆို့၍ ဆီးမထိန်းနိုင်ခြင်း) ဖြစ်စေသော အကြောင်းအရင်းများ
– ဆီးကျိတ်ကြီးရောဂါခံစား နေရသူများ
– ဆီးအိမ်ကို အကျိတ်တခုခုက ဖိထားခြင်း
– ဆီးကျောက်တည်ခြင်း
– ဝမ်းချုပ်ခြင်း
(၄) Total Incontinence (ဆီးအိမ်တွင် ဆီးမစုဆောင်းနိုင်ခြင်း) ဖြစ်စေသော အကြောင်းအရင်းများ
– မွေးကတည်းက ခန္ဓာကိုယ်ချို့ယွင်းမှု တခုခုပါလာခြင်း (Anatomical Defect)
– ကျောရိုးမကြီး ထိခိုက်ဒဏ်ရာရမှုကြောင့် ဦးနှောက်နှင့် ဆီးအိမ်ချိတ်ဆက်မှု ချို့ယွင်းခြင်း
– ဂရင်ဂျီနာရောဂါရှိသူများ (အထူးသဖြင့် ဆီးအိမ်အနီးတဝိုက် နေရာတွင်ဖြစ်ခြင်း)
(၅) အခြားဖြစ်စေသော အကြောင်းအရင်းများ
– အချို့ဆေးဝါးများ အထူးသဖြင့် ဆီးဆေးများ၊ သွေးပေါင်ကျဆေးများ၊ အိပ်ဆေးများ၊ ကြွက်သား ပြေလျော့စေသောဆေးများ
– အရက်ဘီယာများ
– ဆီးလမ်းကြောင်းပိုးဝင်ခြင်း
“ဆီးမထိန်းနိုင်ခြင်း အမျိုးအစားများ”
(၁) Stress Incontinence (စိတ်ဖိစီးမှုကြောင့် ဆီးမထိန်းနိုင်ခြင်း)
– ရယ်မောခြင်း၊ ချောင်းဆိုးခြင်း၊ ပြေးခြင်း၊ ခုန်ခြင်းကဲ့သို့သော လှုပ်ရှားမှုများတွင် ဆီးစိမ့်ထွက်ကျခြင်းဖြစ်သည်။
(၂) Urge Incontinence (ရုတ်တရက်ချက်ချင်း ဆီးသွားချင်စိတ်ဖြစ်ပြီး ဆီးမထိန်းနိုင်ခြင်း)
– ရုတ်တရက်ချက်ချင်း ဆိုသလို ဆီးသွားချင်စိတ်ဖြစ်ပြီး တချိန်တည်း သို့မဟုတ် ဆီးသွားချင်စိတ်ဖြစ်ပြီးနောက် ချက်ချင်း ဆီးစိမ့်ထွက်ကျခြင်းဖြစ်သည်။
(၃) Overflow Incontinence (ဆီးအိမ်တနေရာရာတွင် ပိတ်ဆို့၍ ဆီးမထိန်းနိုင်ခြင်း)
– ဆီးအိမ်တွင် ဆီးများကို အကုန်မစွန့်ထုတ်နိုင်သောကြောင့် ဆီးစိမ့်ထွက်ကျခြင်း ဖြစ်သည်။
(၄) Total Incontinence
– ဆီးအိမ်တွင် ဆီးမစုဆောင်းနိုင်ခြင်း
(၅) Functional Incontinence
– ဆီးသွားချင်သည်ကိုသိသော်လည်း မလှုပ်ရှားနိုင်မှုကြောင့် သန့်စင်ခန်းကို အချိန်မီမရောက်၍ ဆီးထွက်ကျခြင်းဖြစ်သည်။ အဆိုပါ ဆီးမထိန်းနိုင်ခြင်းကိုဖြစ်စေသော အကြောင်းအရင်းများမှာ
– စိတ်ရှပ်ထွေးမရေမရာဖြစ်ခြင်း
– သတိမေ့လွတ်ရောဂါရှိခြင်း
– အာရုံကြောဆိုင်ရာ ရောဂါတခုခုကြောင့် ပစ္စည်းများကို မကိုင်တွယ်နိုင်၊ လှုပ်ရှားမှုနှေးကွေး အားနည်းခြင်း
– စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ ဒေါသ အလိုလိုထွက်မှုကြောင့် သန့်စင်ခန်း သွားချင်စိတ်မရှိခြင်း စသည်တို့ဖြစ်ကြသည်။
(၆) Mixed Incontinence
– အခြားဆီးမထိန်းနိုင်ခြင်း အမျိုးအစားများ၏ လက္ခဏာများ ပေါင်းစပ်ပြီး တွေ့ရတတ်သည်။
“ဆီးမထိန်းနိုင်ခြင်းကို ဖြစ်နိုင်ခြေပိုများသည့်သူများ”
(၁) အဝလွန်ခြင်း – အဝလွန်သူများတွင် ဆီးအိမ်ကို ပိုမိုဖိအား သက်ရောက်နိုင်စေပြီး ကြွက်သား အားနည်းမှုကြောင့် ချောင်းဆိုးနှာချေလျှင် ဆီးထွက်ကျစေနိုင်ခြေပိုများသည်။
(၂) ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်သူများသည် နာတာရှည်ချောင်းဆိုးခြင်း ဖြစ်စေပြီး ဆီးမထိန်းနိုင်ခြင်း ခံစားရနိုင်သည်။
(၃) ကျား/မ အမျိုးအစား – အမျိုးသမီးများတွင် ပိုမိုဖြစ်နိုင်ခြေများသည်။
(၄) အသက်အရွယ် – အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဆီးအိမ်ကြွက်သား အားနည်းလာပြီး ဆီးမထိန်းနိုင်ခြင်း ပိုဖြစ်နိုင်သည်။
(၅) ရောဂါ – ဆီးချိုသွေးချို၊ ကျောက်ကပ်ရောဂါ၊ ကျောရိုးမကြီး ထိခိုက်ထားသူများ၊ ဦးနှောက်နှင့် အာရုံကြော ရောဂါရှိသူများတွင် ဖြစ်နိုင်ခြေပိုများသည်။
(၆) ဆီးကျိတ်ရောဂါ – ဆီးကျိတ်ခွဲစိတ်ထားဖူးသူများတွင် ဆီးမထိန်းနိုင်ခြင်း တွေ့နိုင်ခြေပိုများသည်။
“ကုသမှုနည်းလမ်းများ”
ကုသမှုနည်းလမ်းသည် လူနာ၏ အသက်အရွယ်၊ ဆီးမထိန်းနိုင်ခြင်း အမျိုးအစား၊ ယေဘုယျ ကျန်း မာရေးအခြေအနေနှင့် စိတ်ကျန်းမာရေး အနေအထား စသည့်အချက် အလက်များအပေါ်မူတည်ပြီး ကု သမှုနည်းလမ်းများ ကွဲပြားနိုင်ပါသည်။
“စိတ်ဖိစီးမှုကြောင့် ဆီးမထိန်းနိုင်ခြင်းကို ကုသခြင်း”
တင်ပဆုံအောက်ပိုင်းလေ့ကျင့်ခန်း (ကီဂန်လေ့ကျင့်ခန်း)သည် ဆီးအိမ်ကို ထိန်းချုပ်ထားသည့် ကြွက်သားနှင့် တင်ပဆုံအောက်ပိုင်း ကြွက်သားများကို သန်မာစေပါသည်။ အဆိုပါ ကြွက်သားများသည် ဆီးသွားခြင်းကို ထိန်းချုပ်ထောက်ပံ့ ပေးပါသည်။
“ဆီးအိမ်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကုသခြင်း”
ဆီးအိမ်လေ့ကျင့်ခန်းများသည် လူနာ၏ ဆီးအိမ်ထိန်းချုပ်မှုကို တဖြည်းဖြည်း ပြန်လည်ကောင်းမွန်စေရန် ကူညီပေးနိုင်ပါသည်။
(၁) ဆီးသွားခြင်းကို ခဏထိန်းခြင်း ရည်ရွယ်ချက်မှာ ဆီးသွားချင်စိတ်ကို ထိန်းခြင်းဖြစ်သည်။ ရုတ်တရက် ဆီးသွားချင်လာလျှင် ဆီးကို ခဏထိန်းခြင်းကို လေ့ကျင့်ခြင်းဖြစ်ပါသည်။
(၂) ဆီးသွားနေစဉ် ဆီးခဏနားပြီး ပြန်သွားစေခြင်း ဆီးသွားနေစဉ် နှစ်မိနစ်ခန့် ဆီးခဏအောင့်ပြီး ဆီးပြန်သွားစေခြင်းဖြစ်ပါသည်။
(၃) ဆီးသွားသည့်အချိန် သတ်မှတ်ခြင်း
တစ်နေ့တာအတွင်း ဆီးသွားမည့်အချိန်ကို သတ်မှတ်လေ့ကျင့်ပေးခြင်း ဖြစ်ပါသည်။ ဥပမာ – နှစ်နာရီခြားတစ်ခါ ဆီးသွားခြင်း ဖြစ်ပါသည်။
“ဆေးဝါးများဖြင့် ကုသခြင်း”
ဆေးဝါးများဖြင့်ကုသရာ၌ အခြားလေ့ကျင့်ခန်းများနှင့်တွဲပြီး ကုသပေးလေ့ရှိပါသည်။ နားလည် တတ်ကျွမ်းသော ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့်သာ ဆေးဝါးများကို သောက်သုံးပေးသင့်ပါသည်။
“ဆေးပစ္စည်းများ အသုံးပြု၍ ကုသခြင်း”
ဆေးပစ္စည်းများကို အမျိုးသမီး လူနာများတွင် အသုံးပြုလေ့ရှိသည်။
(၁) Urethral Insert (ဆီးလမ်းကြောင်းထဲသို့ ပစ္စည်းထည့်ခြင်း)
– အမျိုးသမီး၏ ဆီးလမ်းကြောင်းထဲသို့ ဆီးသွားချင်သည့်အခါ ပစ္စည်းတမျိုးထည့်သွင်းခြင်း ဖြစ်ပါသည်။
(၂) Pessary ကွင်းထည့်ခြင်း
– မိန်းမကိုယ်ထဲသို့ ကွင်းတမျိုးကို ထည့်သွင်းပေးပြီး တနေ့လုံးထားရှိခြင်းဖြစ်သည်။ ၄င်းသည် ဆီးအိမ်ကို အကူအညီပေးနိုင်ပြီး ဆီးစိမ့်ထွက်ကျခြင်းကို သက်သာစေနိုင်သည်။
(၃) Radio frequency ကုထုံး – ဆီးလမ်းကြောင်းအောက်ပိုင်းရှိ Tissue ကို အပူပေးကုသခြင်းဖြစ်သည်။
(၄) Botox ဆေးတစ်မျိုးထိုး၍ ကုသခြင်း – ဆီးအိမ်ကြွက်သားကို Botox ဆေးတစ်မျိုးထိုး၍ ကုသခြင်းဖြစ်ပြီး ဆီးမကြာခဏသွားခြင်းကို သက်သာစေနိုင်သည်။
(၅) Bulking agents ထိုး၍ ကုသခြင်း – ဆီးလမ်းကြောင်းတဝိုက်ရှိ Tissue ကိုထိုး၍ ကုသပေးခြင်း ဖြစ်သည်။
(၆) Sacral Nerve ကို လှုံ့ဆော်ပေးသည့်ပစ္စည်း – တင်ပါးအောက်အရေပြားတွင် ထည့်ပေးခြင်းဖြစ်သည်။ အဆိုပါဝါယာကြိုးသည် ကျောရိုးမကြီးမှ ဆီးအိမ်သို့ ဆက်သွယ်မှုပေးသည်။ ဝါယာကြိုးသည် လျှပ်စစ်လှိုင်းကို ထုတ်လွှင့်ပေးပြီး အာရုံကြောနာဗ့်ကို လှုံ့ဆော်မှုပေးကာ ဆီးအိမ်ထိန်းချုပ်နိုင်မှုကို အကူအညီပေးနိုင်သည်။
“ခွဲစိတ်ကုသခြင်း”
အခြားနည်းလမ်းများဖြင့် ကုသမှု မသက်သာပါက ခွဲစိတ်ကုသခြင်းကို ရွေးချယ်နိုင်သည်။ ကလေးယူဖို့ရှိ အစီအစဉ်ရှိသော အမျိုးသမီးများသည် ခွဲစိတ်ကုသခြင်း မခံယူမီ ဆရာဝန်နှင့် ခွဲစိတ်ကုသခြင်းနည်းလမ်းများ၏ ကောင်းကျိုးဆိုးကျိုးများကို သိရှိနိုင်ရန် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
ဒေါက်တာ ဟိန်းဇာနည်