သန္ဓေသားလောင်းဟာ မိခင်ဝမ်းထဲ နေစဉ်ကာလမှာ လမစေ့ ခင်ထိက ပုံစံအမျိုးမျိုး၊ အနေအထားအမျိုးမျိုးနဲ့ နေနေကြပါတယ်။ လစေ့ပြီး မွေးခါနီးဖြစ်တော့မယ် ဆိုရင် ကလေးရဲ့ ဦးခေါင်းက အောက်မှာရှိနေရပါတယ်။ ထွက် လာတဲ့အခါမှာလဲ ဦးခေါင်းနဲ့သာ ထွက်လာရပါတယ်။ ဒါဆို ဒီကလေး ပုံမှန်အနေအထားနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဆုံ ပိုင်းနဲ့လဲတချို့ထွက်လာတတ်ကြပါ တယ်။ ဒါဟာ ပုံမမှန်အနေအထား နဲ့ ထွက်လာတာပါ။

ကလေးထွက်မယ့်လမ်းကြောင်း မှာ ဦးခေါင်းရှိမနေဘဲ တင်ပါး၊ ခြေ၊ ခြေဖဝါး၊ ဒူးရှိနေခဲ့လျှင် ဆုံ ပိုင်းဖြစ်နေတယ်လို့ သတ်မှတ်ပါတယ်။ ဝမ်းဗိုက်ထဲ ကလေးက ကန့်လန့်ဖြစ်နေတယ်ဆိုရင်တော့ သေ ချာပါတယ် ခွဲမွေးရမှာပါ။ ရိုးရိုးမွေး လို့မရပါဘူး။ ဆုံပိုင်းဖြစ်နိုင်တဲ့ ကလေးဟာ ကိုယ်ဝန် ၂၈ ပတ်မှာ ၂၀ ရာခိုင်နှုန်းရှိနိုင်ပါတယ်။ လစေ့ ကလေးတွေရဲ့ ၃ ရာခိုင်နှုန်းလောက် ကလဲ ဆုံပိုင်းဖြစ်နိုင်ပါတယ်။

ဆုံပိုင်းမှာမှ အမျိုးအစားထပ် ခွဲထားပါတယ်။ အများဆုံးဖြစ်တတ်တဲ့ ဆုံပိုင်းပုံစံကတော့ ခြေဆန့်နေတဲ့ ဆုံပိုင်းပုံစံပါ။ ထွက်လာရင် တင်ပါးနဲ့ ထွက်လာတယ်။ ခြေထောက်က အထဲမှာ ဆန့်နေပါတယ်။ ဒါဟာ ၆၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒီလို မဟုတ်ဘဲ နောက်တစ်မျိုးက ကွေးနေတာလဲရှိပါတယ်။ နောက်တစ်မျိုးကတော့ ခြေဖဝါးက အရင်ထွက်ပါတယ်။ ပြီးမှ တင်ပါးက ထွက်လာပါတယ်။ နောက်တစ် မျိုးကတော့ ဒူးခေါင်းနဲ့ထွက်လာတာပါ။ ပြီးမှ တင်ပါး ထွက်လာတာပါ။

ကလေးက ဆုံပိုင်းနဲ့မွေးလာရင် ဘာဖြစ်တတ်သလဲ။ မိခင်မှာ ခွဲမွေးရတတ်ပါတယ်။ ရိုးရိုးမွေးလျှင်လည်း ကိုင်တွယ် ပြုပြင်မှုတွေ များပါတယ်။ မွေးလမ်းကြောင်း အပေါက်ဝတစ်ဝိုက် စုတ်ပြဲမှုပိုများပါတယ်။ ကလေးအတွက်ကျ ကလေးသေဆုံးနိုင်ခြေများပါတယ်။ ဦးနှောက်တွင်း သွေးယိုနိုင်တယ်။ ချက်ကြိုး ဖိမိနိုင်ခြင်း၊ အချင်းစောစောစီးစီးကွာနိုင် သောကြောင့် ကလေးအသက်ရှူကျပ်ခြင်း ဖြစ်နိုင်ပါတယ်။ ဦးခေါင်းမွေးတာလဲ ကြာနိုင်တဲ့အတွက် ကလေးမွန်းနိုင်ပါတယ်။ ရေမွှာရေမျိုချပြီး ရေမွန်း အဆုတ်ထဲရောက်နိုင် ပါတယ်။ ကလေးကသေးနေလျှင် ချက်ကြိုးပြုတ်ကျနိုင်ပါတယ်။ ကြီးလျှင် ဖိနေတတ်ပါတယ်။ ကလေးကို စိတ်ဒဏ်ရာရသွားစေနိုင်ပါတယ်။

မွေးခါနီး ဆုံပိုင်းဖြစ်နေမနေ ဘယ်လိုသိမလဲ။ ဗိုက်ပုံမှန် အပ်ထားရင် ကြိုသိနိုင်ပါတယ်။ မွေးခါနီး လရင့်နေတဲ့အချိန် အာထရာစောင်းရိုက်ရင်လည်း သိနိုင် ပါတယ်။ လက်နဲ့ စမ်းသပ်ရင်လည်း သိနိုင်ပါတယ်။ ဗိုက် အရမ်းနာတာ တို့၊ ရေဆင်း၊ အချွဲဆင်းလို့ ဆေးရုံရောက်လို့ အောက်ကစမ်းကြည့်လို့ သားအိမ်ပွင့်နေလျှင် ဆုံပိုင်းကိုစမ်း မိနိုင်ပါတယ်။

အစပိုင်းကိုယ်ဝန်လနုစဉ်ကတည်းက ဆုံပိုင်းဖြစ်နေလျှင် ကိုယ်ဝန်ပုံမှန်အပ်သင့်ပါတယ်။ လစေ့တဲ့ အထိပေါ့။ ၃၇ ပတ် နောက်ပိုင်းမှ သာ ကလေးကို အပြင်ကနေလှည့် ပေးလို့ရပါတယ်။ သို့သော် ဗဟိုဆေးရုံမှာဖြစ်ရပါမယ်။ အထဲကကလေးကို ဗိုက်အပြင်ဘက်က လှည့်ပေးတာပါ။ အောင်မြင်နိုင်ခြေ က ၆၀ ရာခိုင်နှုန်းရှိပါတယ်။ ၃၇ ပတ်မှ ဘာလို့ လှည့်ဖို့ ပြုလုပ်ရသလဲဆိုရင် လှည့်စရာမလိုဘဲ သူ့ဘာ သာသူလည်သွားနိုင်တာရယ်။ လှည့်ပြီးရင် ဆုံပိုင်းပြန်ဖြစ်ဖို့ အခွင့်အရေးနည်းလို့ပါ။ ပထမတစ်ကြိမ် လှည့်လို့ မအောင်မြင်ရင် တခြားဘက် လှည့်ကြည့်လို့ရပါတယ်။ အောင်မြင်သွားရင် နောက်ဆက် တွဲဆိုးကျိုးဝင်မဝင ်စစ်ရပါတယ်။ ပုံမှန်ရက်ချိန်း ပြန်ပြပါတယ်။

ဗိုက်မလှည့်သင့်တဲ့ အခြေအနေတွေက ကိုယ်ဝန်ဆောင်တာများ နေတဲ့အခါ၊ အရင်ကိုယ်ဝန်တုန်းက သွေးဆင်းဖူးရင်၊ အချင်းအောက် ရောက်တဲ့အခါ၊ သွေးတိုးရှိလာတဲ့ အခါ၊ ရေမွှာရေပေါက်နေတဲ့အခါ၊ သိသိသာသာ ကလေးမွေးရာပါ ချို့ယွင်းနေတဲ့အခါ၊ ခွဲစိတ်ဖို့ လိုနေတဲ့အခါ၊ အရင်ခွဲကြောင်းရှိထားဖူး ရင် လုံးဝ မလှည့်သင့်ပါဘူး။ မလှည့်ခင် လုပ်ပုံလုပ်နည်း၊ လှည့်ခြင်းရဲ့အကျိုး၊ ဆိုးကျိုး၊ အလားအလာ တွေကို ပြောပြထားရပါမယ်။ ဆိုးကျိုးအနေနဲ့က ကလေးအသက်ရှူ ကျပ်ခြင်း၊ ချက်ကြိုးဖိခြင်း၊ ရေမွှာ စောစောပေါက်ခြင်း၊ ချက်ကြိုးကျွံ ကျခြင်း၊ အချင်းစောစောကျခြင်း၊ အထဲမှာ ကလေးသေနိုင်ခြင်း၊ ဗိုက် နာလာတတ်ခြင်း၊ ပြန်လည်သွား တက်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ကောင်းကျိုးအနေနဲ့ကတော့ ဆုံ ပိုင်းနဲ့မမွေးလာလျှင် ကလေးမထိခိုက်တော့ခြင်း၊ ချက်ကြိုးကျွံကျမှု နည်းခြင်း၊ ခွဲစိတ်မှုမခံရတော့ခြင်း တွေဖြစ်ပါတယ်။

တစ်ခါတလေ လှည့်တာ မအောင်မြင်တာရှိပါတယ်။ ဘာကြောင့်လဲဆို ကလေးက ခြေထောက်ဆန့်နေသော ဆုံပိုင်းဖြစ်နေတဲ့အခါ၊ ရေမွှာရေနည်းတဲ့အခါ၊ ဝတဲ့ အခါ၊ ဝမ်းဗိုက်ကြွက်သား တင်းနေတဲ့အခါ၊ သားအိမ်က မွေးရာပါ ပုံမမှန်ဖြစ်နေတဲ့အခါ၊ အမွှာဖြစ်နေမှန်း မသိလိုက်တဲ့အခါ လှည့်တာ အဆင်မပြေဖြစ်တတ်ပါတယ်။

အဲဒီတော့ ခြုံငုံပြောရရင် ကလေးက ဆုံပိုင်းဖြစ်နေခဲ့လျှင် အပြင်ဘက်မှ ကလေးကို လှည့်ပါတယ်။ အောင်မြင်သွားလျှင် ရိုးရိုးမွေးပါတယ်။ မအောင်မြင်ခဲ့လျှင် ရက်ချိန်း ပေးခွဲပေးပါတယ်။ ဒါမှမဟုတ် ရိုးရိုးမွေးတာကို အကူနဲ့မွေးတာလို့ ရပါသေးတယ်။

တစ်နေ့က ဆေးရုံဂျူတီဆင်းတုန်း ညဘက် ကိုယ်ဝန်ဆောင် တစ်ဦးလာပါတယ်။ လာရတဲ့အကြောင်းက ဆီးစပ်ကိုက်လို့တဲ့။ ကိုယ်ဝန်ပတ်တွက်ကြည့်လိုက်တော့ ၃၅ ပတ် ၅ ရက်ပဲ ရှိပါသေးတယ်။ ဆိုလိုတာက လမစေ့သေးဘူးပေါ့။ ၃၇ ပတ်မှ လစေ့တာလေ။ လိုအပ်တာတွေ ပြုလုပ်ပေးပြီး ကုတင်မှာ ပဲနေခိုင်းထားပါတယ်။ နည်းနည်း ကြာတော့ ကုတင်မှာ ကိုက်လို့ နာလို့အော်နေတာတွေ့လို့ ခေါ်ပြီးစမ်း လိုက်တာ သားအိမ်က ၂ စင်တီမီ တာလောက် ပွင့်နေပါပြီ။ ပြီးတော့ စမ်းလိုက်တာ ဦးခေါင်းမမိဘဲ ခြေဖဝါး စမ်းမိပါတယ်။ နောက်ဆုံး ရိုက် ထားတဲ့ အာထရာစောင်းအဖြေအရလဲ ဆုံပိုင်းလို့ ပြောထားပါတယ်။ အဲတော့ လူနာမှာက ဆုံပိုင်းလဲဖြစ်၊ လကလဲမစေ့၊ မွေးကလဲမွေးတော့မယ်။ အဲတော့မတတ်နိုင်ဘူး။ လူနာကို ကိုယ်ဝန်အခြေအနေနဲ့ ကလေးအနေအထားကို ရှင်းပြထားပါ တယ်။ နောက် နာရီအနည်းငယ် ကြာတော့ အပေါက်ဝနား ခြေဖဝါး တွေ့နေရလို့ မွေးစင်ပေါ်တင် မွေးထုတ်လိုက်ရပါတယ်။ ကလေး လျှောလျှောရှူရှူပဲ ထွက်လာပါ တယ်။ အကူကိရိယာတွေတောင် သုံးစရာမလိုလိုက်ပါဘူး။ ထွက် ထွက်ချင်းလဲ ကလေးငိုပါတယ်။ သို့သော် လမစေ့ဖြစ်နေသောကြောင့် ကလေးဆောင်မှာတင်ထားပြီး ကုသမှု ဆက်လက်ခံယူထားဖို့တော့ လိုပါဦးမယ်။ ကလေးဆောင်မှာ တာဝန်ကျစဉ်ကာလတုန်းကလဲ လမစေ့တဲ့ကလေးတွေရှိခဲ့ပါ တယ်။ လမစေ့တိုင်း ကလေး အသက်မရှင်တာ မဟုတ်ပါဘူး။ တချို့ကလေးတွေလဲ လမစေ့မွေးလာပြီးမကောင်းလို့ ကလေးဆောင်မှာ ကုသမှုခံယူနေ ရင်း လစေ့ပြီးကောင်းသွားလို့ ဆေးရုံတောင် ဆင်းသွားတာတွေရှိပါသေးတယ်။

ဒေါက်တာဇွဲကောင်းချစ်

Health Care