၁။ အဆုတ်

 

ကမ္ဘာတစ်ဝှမ်း အဆုတ်ကင်ဆာဖြစ်ပွားပြီး အသက်သေဆုံးစေသော အကြောင်းရင်းများ၏ ၉၀ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်ခြင်းနှင့် အဓိကဆက်စပ်လျက်ရှိသည်။ ထို့ပြင် ဆေးလိပ်သောက်သူများတွင် နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ဆို့သောရောဂါများ(Chronic Obstructive Pulmonary Disease- COPD)လည်း အဖြစ်များတတ်သည်။

၂။ နှလုံး

ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းများ ဖြစ်ပွားကာ နှလုံးကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။ ၎င်း၏အကျိုးဆက်အဖြစ် ဆေးလိပ်သောက်သူများတွင် နှလုံးရုတ်တရက်တိုက်ခိုက်ခံရခြင်း(Heart attack)ကြောင့် အသက်ဆုံးရှုံးနိုင်သည်။

၃။ ဦးနှောက်

ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်သွေးကြောပိတ်ကာ လေသင်တုန်းဖြတ်နိုင်ခြေသုံးဆပိုများသည်။ ထို့ပြင် ဆေးလိပ်သောက်သူများတွင် သွေးပေါင်ချိန်မြင့်တက်လာရာမှ ဦးနှောက်တွင်းသွေးခဲသောအခြေအနေတစ်မျိုး (Cerebral aneurysm) ကို ဖြစ်ပေါ်စေပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်သည်။

၄။ အရေပြား

အသက်(၄၀)အရွယ်ရှိ ဆေးလိပ်ပုံမှန်သောက်သူတစ်ဦးသည် အရွယ်မတိုင်မီ အရေပြားတွန့်ခြင်း၊ အရေပြားအိုမင်းရင့်ရော်ခြင်းများ ဖြစ်နိုင်ပြီး အသက်(၇၀)အရွယ် ဆေးလိပ်မသောက်သူတစ်ဦးကဲ့သို့ မြင်ရတတ်သည့်အပြင် အခြားအရေပြားရောဂါများနှင့် အရေပြားကင်ဆာရောဂါအထိပါ ဖြစ်ပွားနိုင်သည်။

၅။ ရိုးဆက်အဆစ်များ

 

ဆေးလိပ်သောက်သူများတွင် လက်ကောက်ဝတ်နှင့်လက်ခုံရှိ ရိုးဆက်အဆစ်များ နာကျင်ရောင်ယမ်းသော နာတာရှည်ရောဂါတစ်မျိုး(Rheumatoid arthritis-RA)အဖြစ်များပြီး ၎င်းရောဂါအတွက် ဆေးသောက်သည့်အခါတွင်လည်း ဆေးအာနိသင်ထိရောက်မှုလျော့နည်းတတ်သည်။

၆။ မျက်စိ

သာမန် အမြင်အာရုံ (ဘယ်) နှင့် ဆေးလိပ်ကြောင့် မျက်စိအတွင်းလွှာတွင် အမည်းကွက်များပေါ်လာသူများ၏ အမြင်အာရုံ (ညာ)

ဆေးလိပ်သောက်သူများသည် သာမန်လူများထက် မျက်စိအတွင်းလွှာတွင် အမည်းကွက်များပေါ်လာပြီး အမြင်ချို့ယွင်းသောရောဂါ(Macular degeneration)ဖြစ်ပွားနိုင်ခြေ နှစ်ဆပိုများပြီး မျက်စိအတွင်းတိမ်ဖြစ်ရန် သုံးဆပိုများသည်။

၇။ မျိုးပွားအဂါၤများ

အမျိုးသားများတွင် ဆေးလိပ်သောက်သုံးမှုအနည်းအများကိုလိုက်၍  လိင်အဂါၤထောင်မတ်နိုင်စွမ်းအားနည်းပြီး ဝှေးစေ့ကင်ဆာလည်း ပိုမိုဖြစ်ပွားနိုင်သည်။ ထို့အတူ ဆေးလိပ်သောက်သော အမျိုးသမီးများတွင်လည်း သားအိမ်ခေါင်းကင်ဆာရောဂါအဖြစ်များတတ်ပြီး အိမ်ထောင်ရှင်အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဆေးလိပ်သောက်ပါက သားသမီးမထွန်းကားခြင်းများ ကြုံတွေ့ရနိုင်သည်။

၈။ သွားဖုံး

ဆေးလိပ်သောက်ခြင်းကြောင့် သွားဖုံးရောဂါလက္ခဏာများဖြစ်သည့် သွားဖုံးရောင်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ အစာဝါးချိန်၌ နာကျင်ခြင်း၊ ခံတွင်းအနံ့အသက်ဆိုးခြင်း စသည်တို့ ဖြစ်ပွားနိုင်ပြီး သွားများကျွတ်ကာ ကြည့်ရ ဆိုးတတ်သည်။

၉။ အစာချေအဂါၤများ

ဆေးလိပ်သောက်သူများတွင် အစာအိမ်အနာဖြစ်ခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ မုန့်ချိုအိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် နာတာရှည်အူမကြီးရောဂါ(Crohn’s disease) စသည်တို့ ပိုမိုဖြစ်ပွားနိုင်သည်။ ထို့ပြင် အသည်းနှင့်မုန့်ချိုအိတ်များကို ထိခိုက်စေခြင်းကြောင့် ဆီးချိုရောဂါအမျိုးအစား(၂) ဖြစ်ပွားနိုင်ခြေ ၃၅ ရာခိုင်နှုန်း ရှိသည်။

ဒေါက်တာရဲခိုင်ဦး

Health Care