လှပသန်စွမ်းသည့် ဆံကေသာပိုင်ဆိုင်ရရန် အမျိုးသားများရော၊ အမျိုးသမီး များပါ ဆန္ဒရှိသည့် အရာပါ။ သို့သော် ဆံပင်ကျွတ်ခြင်းနှင့် ဆံသားပျက်စီးခြင်းတို့သည် ယခုလတ်တလောတွင် အလွန်အဖြစ်များလာသည့်ကိစ္စ ဖြစ်လာပါသည်။ အသက်အရွယ်လေး ရလာသည်နှင့်အမျှ ဆံပင်များ နည်းလာခြင်းသည် ပုံမှန်ပါ။ သို့သော်အသက် ငယ်ရွယ်စဉ်မှာတည်းက ဆံပင်ပါးမျှင်နေခြင်း၊ စတင်၍နည်းလာပြီဆိုပါက ပြဿနာ တစ်ခုခုရှိနေသည့် လက္ခဏာဖြစ်နေနိုင်ပါသည်။

သင်သိမည်မဟုတ်သော်လည်း ဆံကေသာနှင့် ပတ်သက်သည့် ကုထုံးများသည် သင်နေ့စဉ် စားသောက်နေသည့် အစာအာဟာရများထဲမှပင် ဖြစ်ပါသည်။ ဆံပင်ဆိုသည်မှာ ရှင်သန်ကြီးထွားမှုမြန်သည့် တစ်သျှူးတစ်မျိုးဖြစ်ပြီး ကိုယ်စားလိုက်သည့် အစားအစာကိုမူတည်ပြီး သင့်ဆံသားပေါ်မှာ ကြီးမားသည့် ပြောင်းလဲမှုများကို ဖြစ်သွားစေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်စားမည့်အရာများကို ရွေးချယ်ဆုံးဖြတ်ပြီး ဆံပင်သန်စွမ်းမှု၊ တောက်ပြောင်ချောမွေ့မှုနှင့် ဆံပင်ကျန်းမာရေး အလုံးစုံကို တိုးတက်အောင်လုပ်ဆောင်နိုင်ပါသည်။

ဆံပင်ကျွတ် သက်သာစေသည့် သင်စားမည့် အစားအစာများမှာ အရေးပါသည့် အာဟာရဓာတ်များ ညီညွတ်မျှတစွာ ပေါင်းစပ်ပါဝင်နေရန် လိုပါသည်။ အရေးကြီးဆုံးအာဟာရသည် ပရိုတင်းဓာတ်ဖြစ်ပါသည်။ ပရိုတင်းသည် ဆံပင်ဧ။် အဓိကအခြေအမြစ်ဖြစ် သည့်အတွက် အရေးကြီးဆုံးနှင့် မရှိမဖြစ်သော အာဟာရဖြစ်ပြီး ဇင့်၊ ဆာလဖာ၊ ဖက်တီးအက်စစ်၊ သံဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်ဒြပ်ပေါင်းတို့သည်လည်း အရေးပါပါသည်။

သင့်ဆံကေသာသန်စွမ်းမှုကို မြှင့်တင်ပေးနိုင်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြေရှင်း ပေးနိုင်မည့် အစားအစာတစ်ချို့ရှိပါသည်။ သင်၏ နေ့စဉ်စားသောက်ပုံများထဲမှာ အောက်ပါ အစားအစာများကို ကျိန်းသေထည့်သွင်း စားသုံးပါ။ သင့်ဆံပင်နှင့် ပတ်သက်နေသည့် ပြဿနာများကို ၎င်းတို့က ကူညီဖြေရှင်းပေးပါလိမ့်မည်။

(၁) ဗာဒံစေ့(Almond)

လေ့လာတွေ့ရှိချက်များအရ လူအများစုသည် ဗာဒံစေ့မှာ ကြွယ်ဝစွာ ပါရှိတတ်သည့် ဗီတာမင် B6၊ သံဓာတ်နှင့် သွပ်ဓာတ်တို့ အားနည်းခြင်းကြောင့် ဆံပင်ကျွတ်ခြင်း နှင့်ရင်ဆိုင်နေရသည်ကို တွေ့ရပါသည်။ ဗီတာမင် E က ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာ ကွယ်ပေးပြီး ကေသာသန်စွမ်းမှုကို မြှင့်တင်ပေးပါသည်။ သံဓာတ်က ခန္ဓာကိုယ် အ စိတ်အပိုင်းများဆီသို့ အောက်စီဂျင်နှင့် အာဟာရဓာတ်တို့ကို ပို့ဆောင်ပေးရာမှာ လို အပ်သည့် ဟီမိုဂလိုဘင် ထွက်ရှိမှုကို အားပေးပါသည်။ ထို့အပြင် သွပ်ဓာတ်သည်လည်း ဆံသား ကျန်းမာစေရန် ကူညီထောက်ပံ့ပေးပြီး ဦးရေပြားမှာရှိသည့် အဆီအိတ်လေးများကို လုပ်ဆောင်ချက် မှန်ကန်အောင် ထိန်းညှိပေးပါသည်။

(၂) ဥအမျိုးမျိုး၊ ငါးနှင့်ကြက်သား

ဥအမျိုးမျိုးသည် ဆံသားကျန်းမာရေးအတွက် ကောင်းသည့် အစားအစာများစာရင်းမှာ ဘက်စုံအသုံးဝင်ဆုံး စားဖွယ်တစ်မျိုး ဖြစ်ပါသည်။ ဥများသည် ပရိုတင်းဓာတ် အကြွယ်ဝဆုံး အရင်းအမြစ်များဖြစ်ကြသည်။ ဥမှာပါသည့် ပရိုတင်းကို အရည်အသွေးအကောင်းဆုံး ပရိုတင်းအဖြစ် ယူဆကြသလို ဆံပင်သန်စွမ်းခြင်းနှင့် ဆံပင်ပေါက်ခြင်းအတွက် အကောင်းဆုံး ဖြစ်ပါသည်။ ထို့အပြင် ကြက်ဥမှာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပြီး ဦးရေပြားကျန်းမာရေးကို တိုးတက်စေနိုင်သည့် ဘိုင်အိုတင်းနှင့် ဗီတာမင်ဘီ ကြွယ်ဝလွန်းပါသည်။ ဥများတွင် ဆံပင်အမြစ်ကို အောက်ဆီဂျင်ပို့ပေးသည့် သံဓာတ်လည်း ကြွယ်ဝပါသည်။ တစ်ပတ်ကို နှစ်ကြိမ်ခန့်ကြက်ဥပါသည့် မနက်စာစားပေးခြင်းဖြင့် ပိုမိုထူထဲပြီး ပိုမိုသန်စွမ်းသည့် ဆံကေသာပိုင်ရှင်ဖြစ်ရန်အတွက် မဝေးတော့ပါ။

(၃) ပဲအမျိုးမျိုး

သတ်သတ်လွတ်စားသူများအတွက် ဆံသားထိန်းသိမ်းရေးအတွက် လိုအပ်သည့် အာဟာရဓာတ်များ အလုံအလောက်ရနိုင်ရန် ခက်ခဲပါသည်။ ပဲအမျိုးမျိုးမှာ ဗီတာမင်အီးနှင့် ဓာတ်တိုးဆန့်ကျင်သည့်ပစ္စည်း အများအပြားပါဝင်ပါသည်။ ဗီတာမင် E  ကြွယ်ဝသည့် ပဲအမျိုးအစား အများကြီးရှိပါသည်။

(၄) ဒိန်ချဉ်

ဆံသားထိန်းသိမ်းရေးအတွက် ဒိန်ချဉ်ကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြပါသည်။ ၎င်းမှာ ဦးရေပြားသွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆံပင်ပေါက်ခြင်းကို အားပေးသည့်ဗီတာမင် B5ကြွယ်ဝပါသည်။ ဒိန်ချဉ်သည် ဆံပင်ပါးခြင်း၊ ဆံပင်ခြောက်သွေ့ခြင်းတို့လို ဆံပင်ပြဿနာ အမျိုးမျိုးကို ကုသပေးနိုင်ပါသည်။ သူ့တွင် လက်တစ်အက်စစ်လည်း ကြွယ်ဝခြင်းကြောင့် ပျက်စီးနေသည့် ဆံသားကို ကုသပေးပြီး ဗောက်ပျောက်အောင်ပါ စွမ်းဆောင်နိုင်ပါသည်။

(၅) ဒေါက်ခွရွက်

စိမ်းစိုစိုနှင့် ဒေါက်ခွရွက်သည် ဆံပင်သန်စွမ်းမှုအတွက် လိုအပ်သည့် ဗီတာမင် B,C,နဲ့ E၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊မဂ္ဂနီဆီယမ်နဲ့ အိုမီဂါ 3 ဖက်တီးအက်စစ်တို့ ပါဝင်သည့် အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ ထိုအစွမ်းသတ္တိများပါဝင်သည့် ဒေါက်ခွရွက်သည် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်သည့် အထူးအစားအစာတစ်မျိုးပင် ဖြစ်ခဲ့သည်။

ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်သည့် အခြားအစိမ်းရောင်ရှိသည့် ဟင်းသီး ဟင်းရွက်များတွင် ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ကိုက်လန်တို့ ပါဝင်ပါသည်။

(၆) မုန်လာဥနီ

မုန်လာဥနီသည် မျက်စိအတွက် ကောင်းသလို ဆံပင်ကျွတ်ခြင်းအတွက် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါသည်။ မုန်လာဥနီမှာ ဆံပင်သန်စွမ်းစေရန်အတွက် အရေးပါသည့် အာဟာရ ဘီတာကယ်ရိုတင်းဓာတ် လုံလောက်စွာပါရှိပါသည်။ သူ့တွင်ပါဝင်သော ဗီတာမင်အေကလည်း ဦးရေပြားအတွက် ကောင်းမွန်သော သဘာဝအဆီထုတ်လုပ်ပေးရန် အထောက်အကူပြုပါသည်။

(၇) ဖရုံစေ့နှင့် နေကြာစေ့

ဖရုံစေ့ကို ဆံပင်ကျွတ်ခြင်းအတွက် ကယ်တင်မည့် အကောင်းဆုံး စူပါအစားအစာများအတွင်းမှ တစ်ခုအဖြစ် လက်ခံထားကြပါသည်။ ထို့ကြောင့် သန်စွမ်းလှပသည့် ဆံကေသာရရှိနိုင်ရန် သူ့ကို နေ့စဉ်စားသောက်ရမည့် အာဟာရများတွင် ထည့်သင့်ပါသည်။ ဖရုံစေ့မှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် E၊ ဗီတာမင် B တွေ၊ သံဓာတ်၊ ပိုတက်စီယမ်၊ ဘိုင်အိုတင်း၊ ဆီလီနီယမ်၊ သွပ်နှင့်ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါသည်။ ဖရုံစေ့များမှာ ဆံပင်သန်စွမ်းထူထဲ၊ နက်မှောင် တောက်ပလာစေနိုင်သည့် အိုမီဂါ 6 ဖက်တီးအက်စစ်လည်း အများအပြားပါရှိပါသည်။

ရှေးယခင်ကတည်းက လူကြီးများက အာဟာရပြည့်၀ မျှတအောင်စားလျှင် အ သက်ရှည် အနာမဲ့သလို လှပစေသည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် မျိုးစုံ သော ပြုပြင်ထားသည့် အစားအစာများ၊ ဆိုးဆေးများ၊ ဆံပင်ပုံအမျိုးမျိုး သွင်းလာခြင်း၊ မိမိကိုယ်ကို ပိန်အောင် အားနည်းအောင် ပြုလုပ်နေခြင်းနှင့် ဆံပင်ကိုကိုယ်ကိုယ်တိုင်ပင် နည်းမျိုးစုံနှင့် ဖျက်ဆီးနေကြခြင်းကြောင့် ကေသာအလှ ပျက်စီးလာကြခြင်းဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်အတွက်ပါ အကျိုးဖြစ်ထွန်းစေသော အထက်ပါ အာဟာရများစားရင်း အားလုံးကိုသုံးစွဲ၍ ကျန်းမာသန်စွမ်းသော ကေသာအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။ သိသလောက် မျှဝေလိုက်ရပါသည်။

ပန်းအိမ်

Health Care