Social distancing ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် လူတွေနဲ့ဝေးရာပင်လယ်ပြင်ကြီးဟာ social distancing ပြုလုပ်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်နေပါတယ်။ ဆိုလိုတာက သင်သာသန်းကြွယ်သူဌေးတစ်ဦးဆိုရင် ဇိမ်ခံရွက်သင်္ဘောကြီးစီးပြီး ပင်လယ်ပြင်ထဲမှာ ရွက်လွှင့်သွားလာနေနိုင်မှာဖြစ်ပါတယ်။

ပုဂ္ဂလိကပိုင်ဇိမ်ခံရွက်သင်္ဘောတွေဟာ ချမ်းသာကြွယ်ဝခြင်းရဲ့ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့နေတဲ့အချိန်မှာတော့ ချမ်းသာကြွယ်ဝခြင်းအပြင် အလုံခြုံဆုံးနေရာတစ်ခုလည်း ဖြစ်လို့နေပါတယ်။

ရွက်သင်္ဘောငှားရမ်းသူတွေဟာ အခုလိုအချိန်မျိုးမှာ သူတို့ရဲ့ရွက်သင်္ဘောတွေကို ကျန်းမာရေးအတွက် isolation ပြုလုပ်ဖို့အကောင်းဆုံးနေရာနဲ့ အလုံခြုံဆုံးနေရာအဖြစ် ကြော်ငြာနေကြပြီး isolation လုပ်ချင်သူသူဌေးကြီးတွေအတွက် ငှားရမ်းပေးနေကြပြီဖြစ်ပါတယ်။ ရွက်သင်္ဘောအရွယ်အစားပေါ်မူတည်ပြီး ငှားရမ်းခဟာ တစ်ပတ်ကို ဒေါ်လာ ၁၂၀,၀၀၀ ကနေ ဒေါ်လာ ၆၀၀,၀၀၀ အထိ ကျသင့်မှာဖြစ်ပါတယ်။

အပျော်စီးသင်္ဘောပေါ်မှာ လူတွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီး လူတွေထောင်နဲ့ချီပြီးအကူအညီမဲ့ခဲ့ပေမယ့် လူချမ်းသာတွေအတွက်ကတော့ တစ်မျိုးတစ်ဘာသာဖြစ်လို့နေပါတယ်။ ဇိမ်ခံရွက်သင်္ဘောတွေဟာ သင်္ဘောကို ပိုးသတ်ဆေးဖျန်းပြီး သင်္ဘောသားတွေအပါအဝင် ခရီးသည်အားလုံးကိုပါ ဗိုင်းရပ်စ်ကူးစက်ခံထားရမှုရှိမရှိစစ်ဆေးပြီး အားလုံးရောဂါကင်းတယ်ဆိုမှ ပင်လယ်ပြင်ကိုရွက်လွှင့်မှာဖြစ်ပါတယ်။

International Yacht Company က CEO ဖြစ်သူ Stefanos Makrymichalos က “ရွက်သင်္ဘောတစ်ခုချင်းစီကို ပိုးသတ်ဆေးနဲ့သန့်ရှင်းထားပြီး လေကိုလည်းသန့်စင်ထားလို့ သန့်ရှင်းသပ်ရပ်မှုကတော့ ထိပ်ဆုံးမှာရှိပါတယ်။ တချို့ရွက်သင်္ဘောတွေမှာဆိုရင် ရောဂါကူးစက်မှုကိုထိန်းချုပ်ပေးနိုင်တဲ့ အထူးလေသန့်စင်စက်တွေ တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် လေထုကိုပိုပြီးသန့်ရှင်းစေဖို့ အိုဇုန်းထုတ်လွှတ်စက်တွေကိုလည်း လိုအပ်တဲ့အခန်းတိုင်းအတွက်အသုံးပြုနိုင်မှာဖြစ်ပါတယ်” လို့ဆိုပါတယ်။

ဇိမ်ခံရွက်သင်္ဘောငှားရမ်းတဲ့ခရီးသည်တွေဟာ COVID-19 ရောဂါကူးစက်မှုမှရှောင်ကြဉ်ဖို့နဲ့ တစ်ကိုယ်တည်း အေးအေးဆေးဆေးနေနိုင်ဖို့အတွက် ပုံမှန်သွားလေ့သွားထမရှိတဲ့နေရာတွေ ဥပမာ – နော်ဝေး၊ အလက်စကာတို့လိုနေရာတွေကို သွားရောက်ဖို့တောင်းဆိုနေကြပါတယ်။

အောက်မှာဖော်ပြပေးမှာကတော့ ကမ္ဘာ့အကောင်းဆုံးဇိမ်ခံရွက်သင်္ဘောတချို့နဲ့ ၎င်းသင်္ဘောတွေရဲ့ လက်ရှိတည်နေရာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

Eclipse

ဒီဇိမ်ခံရွက်သင်္ဘောကိုပိုင်ဆိုင်တဲ့သူကတော့ ချယ်လ်ဆီးဘောလုံးအသင်းပိုင်ရှင် ရုရှားဘီလီယံနာသူဌေးကြီး Oligarch Roman Abramovich ပဲဖြစ်ပါတယ်။ ဒီရွက်သင်္ဘောဟာ အရှည် ၁၆၂.၅ မီတာရှိပြီး ကမ္ဘာ့စတုတ္ထအရှည်ဆုံးရွက်သင်္ဘောလည်းဖြစ်ပါတယ်။ ဒီရွက်သင်္ဘောမှာ ရေကူးကန်နှစ်ကန်ပါဝင်ပြီး တစ်ကန်ဟာရေအနက်ကိုချိန်ညှိနိုင်ပြီး dancing floor အဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းသမားတွေရဲ့ဒစ်ဂျစ်တယ်ကင်မရာရန်ကကာကွယ်ဖို့ anti-paparazzi shield တွေလည်းပါဝင်ပြီး ဒုံးကျည်ကာကွယ်ရေးစနစ်လည်းပါဝင်ပါတယ်။ လက်ရှိမှာတော့ Caribbean Island ကမ်းခြေနားမှာတည်ရှိနေပါတယ်။

Kismet

ဒီရွက်သင်္ဘောကတော့ NFL အသင်း Jacksonville Jaguars ကလပ်ပိုင်ရှင်ဖြစ်သူ ပါကစ္စတန်လူမျိုးအမေရိကန် Shahid Khan ဖြစ်ပါတယ်။ Kismet ဟာ မကြာသေးခင်ကပဲ Caribbean ပင်လယ်နားက Sint Maarten နားမှာရှိခဲ့ပေမယ့် အခုအခါမှာတော့ Shahid နေထိုင်တဲ့ဖလော်ရီဒါပြည်နယ်ကို ဦးတည်သွားနေပြီဖြစ်ပါတယ်။

Flying Fox

ကောလဟာလသတင်းတွေအရ ဒီသန်း ၄၀၀ တန်ရွက်သင်္ဘောကြီးကို Amazon သူဌေးဖြစ်သူ Jeff Bezos က ပိုင်ဆိုင်တယ်လို့သိရပေမယ့် သူ့ကုမ္ပဏီကတော့ငြင်းဆိုထားပါတယ်။ ဘယ်သူပဲပိုင်ဆိုင်သည်ဖြစ်ပါစေ လက်ရှိမှာတော့ ရွက်သင်္ဘောဟာ Maldives က Bandos ကွျန်းအပန်းဖြေကမ်းခြေမှာ ရပ်နားဖို့ဦးတည်ခုတ်မောင်းနေပါတယ်။

Kingdom 5KR

ဒီရွက်သင်္ဘောပေါ်ကိုတော့ Never Say Never Again ဂျိန်းစ်ဘွန်းဇာတ်ကားမှာ ဂျိန်းစ်ဘွန်းကိုယ်တိုင်ရောက်ရှိခဲ့ဖူးပါတယ်။ ဒီဇိမ်မ်ခံရွက်သင်္ဘောကိုတော့ ဘရူနိုင်းနိုင်ငံဆူတန်ဘုရင် Adnan Khashoggi နဲ့ Donald Trump တို့ပိုင်ဆိုင်ခဲ့ဖူးပြီး လက်ရှိမှာတော့ ဆော်ဒီအာရေးဗီးယားမင်းသား AI-Waleed bin Talal ကပိုင်ဆိုင်ပါတယ်။ ဒီရွက်သင်္ဘောမှာတော့ ကုန်းပတ် ၅ ထပ်ရှိပြီး အခန်း ၁၁ ခန်းပါဝင်ပါတယ်။ လက်ရှိမှာတော့ Sam Remo မှာကျောက်ချရပ်နားထားပါတယ်။

Aviva

ဒီဇိမ်ခံရွက်သင်္ဘောကြီးကိုတော့ တော့တင်ဟမ်စပါးစ်အသင်းပိုင်ရှင်နဲ့ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ Tavistock Group တို့ရဲ့ပိုင်ရှင်ဖြစ်သူ ဘီလီယံနာသူဌေးကြီး Joe Lewis ပဲဖြစ်ပါတယ်။ တင်းနစ်အားကစားဝါသနာပါတဲ့ သူဌေးကြီး Lewis ဟာ သူ့ရဲ့ဇိမ်ခံသင်္ဘောပေါ်မှာ အခန်းတွင်းတင်းနစ်ကွင်းတစ်ကွင်းနဲ့ Squash တင်းနစ်ခန်းတစ်ခန်းကို ထည့်သွင်းပါတယ်။ လက်ရှိအချိန်မှာတော့ ဖလော်ရီဒါပြည်နယ်က Fernandina ကမ်းခြေမှာရောက်ရှိနေပါတယ်။

Health Care