ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြသောသူတွေပဲဗျာ အတူတူပဲလို့ ပြောကြသည်။ လူတိုင်း သူ့အရည်အချင်းနဲ့သူရှိကြသည် ဆိုပြီး တစ်ချို့ကပ်သပ်ပြောကြပြန်တယ်။ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်သည်တော့မှန်သော်လည်း အဲဒီခေါင်းခွံထဲက ဦးနှောက်ရဲ့အလုပ်လုပ်နိုင်မှု၊ တွေးခေါ်ဆင်ခြင်သုံးသပ်နိုင်မှု၊ သင်ယူနိုင်မှု စသည်ကတော့ ဘယ်တူကြမှာလဲ။ လူတိုင်းမှာ သူ့အရည်အချင်းနဲ့သူရှိသည်ဆိုတာကလည်း ထမင်းစားရေသောက် အရည်အချင်း၊ ခိုင်းတဲ့အတိုင်းလုပ်တတ်သော အရည်အချင်းကိုလည်း အရည်အချင်းလို့ သတ်မှတ်ဖို့ခက်ပါသည်။ လူတိုင်းလုပ်တတ်ကိုင်တတ်တာကို သူလည်းလုပ်တတ် တာ မဆန်းလှပါဘူး။ အရည်အချင်းထက် လူပဲကွာ ဒါလောက်တော့သိတာပေါ့၊ လုပ်တတ်တာပေါ့လို့ ပြောနိုင်ပါတယ်။

လူနှင့်တိရစ္ဆာန်ယှဉ်လာသည့်အခါ ဇာတ်တူသားလူကိုသာ ဦးစားပေးရပါသည်။ ဆိုဆုံးမမရတော့ ခွေးထက်မိုက်တဲ့ကောင်၊ ခွေးလောက်မှ သစ္စာမရှိ၊ ခွေးမွေးတာကမှ အိမ်လုံတယ်ဆိုပြီး ခွေးကလူထက်တန်ဖိုးရှိသလိုလို ခိုင်းနှိုင်းသုံးကြသည်။ ခွေးကတော့ အစာဝအောင်ကျွေးထားလျှင် သူ့တာဝန်က ခြံလုံဖို့၊ သူခိုးသည် ခွေးကြိုက်တတ်သောအစာကို ချကျွေးနိုင်လျှင် ခြံမလုံ၊ ခွေးကိုသွားပြီး ဘယ်ရုပ်ဘယ်ပုံနဲ့လူ လာခိုးသွားသလဲ မေးလို့မရ။ လူကတော့ရသော်လည်း အဲဒီလူကပဲ တစ်ခါတလေ သူ့အကျိုးအတွက် အိမ်ထဲကရှိသမျှ အကုန်မသွားတတ်သည်ဆိုတော့ ခွေးလိုသစ္စာရှိသော၊ သခင်ကိုသိတတ် သော လူစောင့်လူယုံဖြစ်ဖို့လိုပါတယ်။ လူယုံသတ်လို့သေဆိုသော စကားတောင်ရှိပါရဲ့။

မည်သို့ပင်ဆိုစေ လူနှင့်တိရစ္ဆာန်ယှဉ်လာလျှင် လူကိုသာကြည့်ရသည်မဟုတ်ပါလား။ လူတောင်မှ တန်ဖိုးရှိသောလူနှင့် တန်ဖိုးမဲ့သောသူဆိုပြီးယှဉ်လာလျှင် တန်ဖိုးရှိသောသူကိုသာ ကြည့်ရမှာပေါ့။ တန်ဖိုးရှိသောသူက အများကောင်းကျိုး ချမ်းသာကို ပြုနိုင်စွမ်းလို့မဟုတ်ပါလား။ တချို့လူများသည် အရက်ကဇော်တွေသောက် ဘာအလုပ်မှ ဟုတ်တိပတ်တိမလုပ်၊ ဖခင်အရာဖြစ်လျှင်တောင် ဖခင်တာဝန်မကျေ၊ လူကလည်း ရာဇဝင်လူဆိုး လူမိုက်၊ ထိုလူနှင့် နိုင်ငံ၏အနာဂတ်ကြယ်ပွင့် လေးများနှင့်ယှဉ်လျှင် ကောင်းကျိုးပြုသော အနာဂတ်ကြယ်ပွင့်လေးများနှင့်ယှဉ်လျှင် ကောင်းကျိုးပြုသော အနာဂတ် ကြယ်ပွင့်များ အသက်ဆုံးရှုံးသွားလျှင် နှမြောမိတာအမှန်၊ တစ်ဖက်သတ်ရေးတာမဟုတ် လူကောင်းလူတော် လူရည်မွန်များ အသေစောလျှင် နှမြောရပါသည်။

မကြာသေးခင်က ဖျာပုံမြို့နယ်တွင် ဆရာဝန်(၆)ဦးလိုက်ပါလာသော ကိုယ်ပိုင်ယာဉ်က လမ်းမီးကွန်ကရစ်တိုင်တင်ပြီး တံတားကုန်းဆင်း ပေ ၁ဝဝ ဝန်းကျင်တွင် ညဘက်ရပ်ထားသော ယာဉ်ကိုဝင်တိုက်မိလို့ ဆရာဝန် (၃) ယောက် ပွဲချင်းပြီး သေသွားပါတယ်။ ဝေဖန်သံမျိုးစုံကိုကြားရသည်။ နောက်ကတိုက်တဲ့ကားမှားသည်။ ရပ်ထားသောကားမှားသည် စသဖြင့် ပေါ့။ တကယ်တော့ စည်းကမ်းသည် လူ၏တန်ဖိုးမဟုတ်ပါလား။ ကားကို တွေ့ကရာလမ်းလယ်ရပ်တာ၊ တစ်စီးရှေ့ တစ်စီး ထပ်ရပ်တာ၊ အကွေ့နေရာတွင်ရပ်တာ၊ မီးပွိုင့်နားတွင်ရပ်တာ၊ သူများယာဉ်ထွက်မရအောင် ရှေ့ကပိတ်ရပ်တာ စတဲ့ စည်းကမ်းမဲ့မှုများကြောင့် ပြဿနာမဖြစ်လျှင်တော့ ဘာမျှမဖြစ်သော်လည်း ပြဿနာဖြစ်လာတော့ ခံရသူအတွက် မကောင်းဖြစ်ပြီးမှ ပြင်ခြင်းဆိုတာ ပေးဆပ်ခြင်းများစွာနှင့်အဆုံးသတ်ခြင်းဆိုတော့ အသိဉာဏ် ဆင်ခြင်တုံတရားများ လူတိုင်းတွင်ရှိသင့်ပါသည်။

ဖျာပုံတံတားသည် သိပ်မကျယ်၊ ကုန်းတက်မှမောင်းလာသောယာဉ်သည် အလင်းရောင်မရှိချိန် မိမိ၏ရှေ့မီးကို အားကိုးပြီး မောင်းရသည်။ ကုန်းတက်ဆိုတော့ မီးက မိုးပေါ်ထောင်နေပါသည်။ တံတားပေါ်ရောက်ပြီး သိပ်မမောင်းရ။ (တံတားက ချောင်းကူးတံတား) ကုန်းဆင်းဖြစ်သွားရော၊ တံတားပေါ်တက်ဖို့ အရှိန်မြှင့်သည်။ တံတားပေါ်ရောက်တော့ အရှိန်က ကျန်နေသေး၊ ပြီးတော့ ကုန်းဆင်းဆိုတော့ အရှိန်ကပိုသွားသည်။ တံတားအတက်အဆင်းနေရာတွင် ယာဉ်ကျော်မတက်အောင်၊ ‘ဂ’ငယ်ကွေ့မကွေ့ရအောင် မျဉ်းဖြူနှစ်ကြောင်းဆွဲထားပါသည်။ ယာဉ်မောင်းသူကလည်း ထိုအချက်ကိုအပိုင်ယူပြီး မောင်းပုံရသည်။ တံတားအဆင်း ပေ (၁ဝဝ) အတွင်းမှာ နှစ်လမ်းမောင်းတွင်မှ တစ်ဖက်လမ်း မျဉ်းသေနှစ်ကြောင်းကို ယာဉ်တစ်စီးကပ်ရှောင်လို့ရအောင် မီးတိုင်တင်သည့်ကားက ရပ်ထားသည်။ ဘွားကနဲတွေ့လိုက် သဖြင့် ယာဉ်မောင်းက ကားကိုလွတ်အောင် မောင်းသော်လည်း အလွန်နီးကပ်သဖြင့် ယာဉ်မောင်းမလွတ်ဘဲ ယာဉ်မောင်းနှင့် နောက်တည့်တည့်ထိုင်နေကြသော လက်ထောက်ဆရာဝန်မနှစ်ယောက် သေဆုံးသွားရပါသည်။

ပြောရလျှင် အနာဂတ်၏ကြယ်ပွင့် ပညာတတ်ဆရာဝန်သုံးယောက် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားကြသည်ကို လူတိုင်းနှမြောကြသည်။ မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ဥပဒေမှာ လွဲနေသည်များရှိပါသည်။ ရှေ့ကားကို နောက်ကား တိုက်က နောက်ကားအမှား၊ ရှေ့ကားက လုပ်ချင်တာလုပ်တာမျိုးကြပြန်တော့ ဘယ်လိုပြောမလဲ။ ဒါတွေကိုသိကြသော ကားသမားတချို့ကရှေ့ကိုကျော်တက်၊ နောက်ကတိုက်လျှင်ကျော်ဆိုပြီး လုပ်တတ်ကြသည်။ အမြန်လမ်းပေါ် တွင် နိုင်ငံတကာလိုဥပဒေမျိုး ပြဋ္ဌာန်းတာကိုတော့ ကြိုဆိုပါသည်။ ဆိုင်ကယ်၊ စက်ဘီး၊ လူဖြတ်လို့အတိုက်ခံရလျှင် ကားသမားတွင် တာဝန်မရှိတဲ့။

ယခင်ကလည်း ခုလိုဖြစ်သလိုရပ်ကြသည်။ ကားကြီးပဲ တိုက်ချင်ရင်တိုက်၊ ကားကြီးကနာစရာမရှိ လွဲမှားနေသောအတွေး ဖြစ်သည်။ တကယ်တော့ မျဉ်းဖြူနှစ်ကြောင်းဆွဲထားတာရယ်၊ တံတားအတက်အဆင်း ကင်းလွတ်နေရာတွင် ကားရပ်ခြင်း သည် သတ်ကွင်းထဲဝင်အောင် လုပ်နေသည်နှင့်တူသည်။ တံတားအတက်ဆိုက ကားမောင်းသမားက မြင်လွယ်နိုင်သည်။ မော်တော်ယာဉ်ဥပဒေအရ မရပ်ရနေရာတွင်ရပ်သဖြင့် အရေးယူနိုင်သလို လူသေရန် ကြိုတင်ကြံစည်မှုလို့ ဆိုနိုင်ပါသေး သည်။ မည်သို့ပင်ဖြစ်စေ မျှတသောတရားစီရင်ရေးကို လူတိုင်းလိုလားကြသည်။ စောင့်ကြည့်ကြသည်။ တကယ်တမ်း အဖိုးတန်ရတနာတွေ ဆုံးရှုံးသွားတာကတော့ စိတ်မကောင်းစရာပါ။ သေမင်းက လူတော်တွေကိုရွေးခေါ်တာလားကွယ်။

အေးကမ္ဘာဒေါက်တာချစ်

Health Care