မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ကုမ္ပဏီတွေရဲ့ကောင်းမှုကြောင့် နိုင်ငံသားအားလုံးနီးပါး အင်တာနက် ၤ Facebook စတာတွေကို သုံးလာနိုင်ကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ထုံးစံအတိုင်း ကြိုတင်ပြင်ဆင်မှုတွေမလုပ်ဘဲ ပြုပြင်ပြောင်းလဲမှု တွေလုပ်လို့ ကောင်းကျိုးထက် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ သာဓကတွေ အများကြီးရှိခဲ့ဖူးပါတယ်။ တစ်ချိန်က ဂျပန်နိုင်ငံမှာ နှစ် ၂ဝ လောက် အသုံးပြုခဲ့တဲ့ ကားတစ်စီးကို မြန်မာနိုင်ငံမှာ သိန်းထောင်ဂဏန်း ပေးဝယ်စီးရတဲ့ခေတ်ကနေ ပေါပေါလောလော ဝယ်စီးတဲ့ခေတ်ကို ဘာပြင်ဆင်မှုမှမရှိဘဲ ပြောင်းလဲခဲ့ပါတယ်။ ဒါ့ကြောင့် အခုဆိုရင် ရန်ကုန်မြို့တော်မှာ ငါးသိန်းကျော်သော မော်တော်ကားတွေဟာ ရပ်စရာနေရာရှာရ၊ ရန်ကုန်လိုင်စင်ရဖို့မျှော်ရ၊ မိမိနေထိုင်တဲ့တိုက်ခန်းရှေ့မှာ ကိုယ့်ကားတစ်စီးရပ်နိုင်ဖို့နေရာ အသည်းအသန်လုရနဲ့ ဒုက္ခတွေများကုန်တော့ပါတယ်။
ဒီလိုပဲ တစ်ချိန်က တယ်လီဖုန်းတစ်လုံးကို တိုက်ခန်းတစ်ခန်းစာဖိုးလောက် တန်ကြေးပေါက်ခဲ့ပေမယ့် ခေတ်ပြောင်း ခေတ်လွဲမှာ ဖုန်းတစ်လုံးကို ၁၅ဝဝ ကျပ်အထိ ဈေးချလိုက်တဲ့အခါမှာတော့ တစ်နိုင်ငံလုံး ဂျွမ်းပြန်ကုန်ပါတယ်။ ထုံးစံအတိုင်းပဲ လုပ်ချင်တာသာသိပြီး Well Planned မလုပ်ခဲ့တော့ အခုဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ သက်ရောက်လျက်ရှိပါတယ်။

အင်္ဂလန်လို သက်တမ်းရင့် ဒီမိုကရေစီနိုင်ငံမှာတောင် အသက် ၁၈ နှစ်မပြည့်ဘဲ Facebook အကောင့် ဖွင့်မရတဲ့အချိန်မှာ မြန်မာနိုင်ငံမှာတော့ လူတစ်ယောက်တည်းနဲ့ အကောင့်ပုန်းတွေ အများကြီးဖွင့်လို့ရနေပါတယ်။ Facebook ကို တစ်လွဲ အသုံးချပြီး နိုင်ငံရေးအကျိုးအမြတ်၊ စီးပွားရေးအကျိုးအမြတ်၊ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်တွေရရှိဖို့ ပြောင်ပြောင်တင်းတင်း အသုံးချနေတာတွေ မြင်တွေ့နေရပါတယ်။ တစ်ချို့ မီဒီယာတွေမှာရှိတဲ့ Contents တွေကို ဗြောင်ယူပြီး မိမိအဖွဲ့အစည်း အတွက် အသုံးချနေတာတွေ မြင်တွေ့နေရပါတယ်။ ကုန်ကုန်ပြောရရင် အမျိုးသမီးနဲ့ ပျော်ပါးချင်တဲ့ ဖောက်သည်တွေ အတွက် Facebook ပေါ်ကနေ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကို ဗြောင်ကြေငြာထားတာလည်း ရှိပါတယ်။ ရုပ်သံထုတ်လွှင့်တဲ့ Events တွေကို တရားမဝင်ရိုက်ကူးပြီး Facebook ပေါ်ကနေ လိုင်စင်မရှိဘဲ တိုက်ရိုက်ထုတ်လွှင့်မှု တွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာကြပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းနှင့် ကျန်းမာရေးဝန်ကြီး ဌာနမှာ မှတ်ပုံတင်မထားတဲ့ ကာမအားတိုးဆေးတွေ၊ လိင်ကြီးထွားဆေးတွေကိုလည်း Facebook ပေါ်မှာ ခွင့်ပြုချက်မရ ဘဲ ကြော်ငြာပြီး ရောင်းဝယ်ဖောက်ကားမှု ပြုနေကြပါတယ်။

အဆိုးဆုံးကတော့ Facebook ပေါ်ကနေ မိမိနဲ့ သဘောထားမတိုက်ဆိုင်တဲ့သူတွေကို ဆဲရေးတိုင်းထွာပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုပြုခြင်းပါပဲ။ ဒီကနေ တဖြည်းဖြည်း မြင့်တက်လာပြီး အခုဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ Facebook ဟာ နိုင်ငံရေးအသုံးပြုရာလက်နက်၊ ဘာသာတရား အသုံးပြုရာလက်နက်၊ စီးပွားရေးအသုံးပြုရာလက်နက်အဖြစ် ပြောင်းလဲသွား ခဲ့ပြီဖြစ်ပါတယ်။ ဒါတွေအားလုံးရဲ့ အချုပ်ကတော့ မြန်မာနိုင်ငံမှာ အင်တာနက်ကို အသုံးပြုပြီး ကျူးလွန်တဲ့ ပြစ်မှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ ဥပဒေတွေ မပြဋ္ဌာန်းနိုင်လို့ ဖြစ်ပါတယ်။

ပြည်သူ့အစိုးရလို့ပြောတဲ့ NLD အစိုးရ သက်တမ်းဟာ ၂ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း အစိုးရကိုပါ ဒုက္ခပေးနေတဲ့ Facebook ကို ထိန်းချုပ်မယ့် Cyber Law ရေးဆွဲပြဋ္ဌာန်းမှု မလုပ်နိုင်သေးသလို နိုင်ငံတည်ငြိမ်ရေးကို နှောက်ယှက်မယ့် လူနှင့်အဖွဲ့အစည်းတွေကို ရှာဖွေဖော်ထုတ်မယ့် Social Network Control ကော်မတီမျိုးလည်း မရှိသေးပါဘူး။ အခု စလုပ်ရင်တောင် အချိန်တွေ အတော်နှောင်းနေပါပြီ။ ဘာလို့လဲဆိုတော့ Facebook ရဲ့ ရိုက်ခတ်မှုအရှိန်ကြောင့် မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရမယ့် Issue တွေ၊ ပြဿနာတွေကို အကြောင်းပြုပြီး အစိတ်စိတ် အမွှာမွှာ ပြိုကွဲလျက်ရှိပါတယ်။ သိသာထင်ရှားတဲ့ ဖြစ်ရပ်တွေထဲက ထုတ်နှုတ်ဖော်ပြရမယ်ဆိုရင် လက်ရှိအစိုးရသက်တမ်း မှာ မြန်မာနိုင်ငံအတွင်း အနက်ရှိုင်းဆုံးသဘောကွဲလွဲမှုကတော့ ဘာသာရေး ပြဿနာဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ ဘာသာကို ခုခံကာကွယ်ရင်းနဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ကုလသမဂ္ဂက အရေးယူမယ့်အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေ ရပြီဖြစ်ပါတယ်။

ဒုတိယပြဿနာကတော့ လက်ရှိအစိုးရနဲ့ တပ်မတော်ကြား သွေးခွဲမှုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းနှစ်ခုရဲ့ခေါင်းဆောင်တွေကြားမှာ နိုင်ငံ့ရေးရာတွေဖြေရှင်းဖို့ ထိတွေ့မှုတွေ စဉ်ဆက်မပြတ်ရှိနေပေမယ့် Facebook ပေါ်မှာတော့ သူ့လူ ကိုယ့်လူူ လော်ဘီတွေကတော့ အ ပြင်းအထန်တိုက်ခိုက်ကြလျက်ရှိပါ တယ်။ဒါ့ပြင် လက်ရှိ NLDအစိုးရရဲ့ ထုတ်ပြန်ကြေငြာချက် အတုပြုလုပ်ပြီး တင်တာတွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေ မပြောဘဲနဲ့ ပြောသယောင် ရေးသားပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ကြား နားလည်မှုလွဲမှားအောင် Facebook ကိုအသုံးချပြီး ဆောင်ရွက်နေတာတွေကိုလည်း တားဆီးနိုင်ခြင်း မရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာ အမျိုးသားရင်ကြားစေ့ရေးကို နက်နက်ရှိုင်းရှိုင်း ဖျက်ဆီးပစ်နေတယ်ဆိုတာ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေကိုယ်တိုင် သတိပြုမိပုံ မပေါ်ပါဘူး။ မညီညွတ်ခြင်းရဲ့ အရှုံးဟာ တိုင်းပြည်ရဲ့ အရှုံးဆိုတာကိုလည်း သဘောပေါက်ပုံ မပေါ်ပါဘူး။ Facebook ကြောင့် နိုင်ငံတွင်းမှာ ဘယ်လောက်သဘောထား ကွဲသလဲဆိုရင် ရုပ်ရှင်လောကတောင် တောသားနှင့်မြို့သားဆိုပြီး အုပ်စုနှစ်စု ကွဲသွားခဲ့ပြီဖြစ်ပါတယ်။
ရုပ်ရှင်မျိုးဆက်သစ်လူငယ်တွေဖန်တီးတဲ့ ရုပ်ရှင်ကားတစ်ကားကို အခြေပြုပြီး ဝါရင့်အကယ်ဒမီ သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်ရဲ့ ဝေဘန်ပြောကြားချက်ကို အကြောင်းပြုပြီး Facebook က နှစ်ခြမ်းခွဲလိုက်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မဲပြာပုဆိုး ရုပ်ရှင်ကားတွေကို ဆန့်ကျင်တဲ့ ပရိသတ်တွေနှင့် အရင် လူဟောင်းတွေကြားမှာ Facebook ကနေ တိုက်ခိုက်မှုတွေ သည်းသည်းမဲမဲလုပ် ဆောင်နေကြပါတယ်။ ဒီတိုက်ပွဲဟာ ဘယ်သူ့ဘယ်သူမှ အနိုင်ရမှာမဟုတ်ပဲ နိုင်ငံသားတွေကြားမှာ ခါးသီးတဲ့ အမုန်းတရားတွေပဲ အမြတ်ကျန်ရစ်ခဲ့ပါတယ်။
ဒါ့ကြောင့် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနက မြန်မာကျပ်ငွေ သန်းပေါင်း ၆၄၂၆ အကုန်အကျခံပြီး Facebook ကို ထိန်းချုပ်ဖို့ ဆောင်ရွက်လာပါတယ်။ ဒီကိစ္စမှာလည်း ငွေကြေးချို့တဲ့တဲ့ တိုင်းပြည် တစ်ပြည်မှာ သုံးစွဲတာ များလွန်းတယ်လို့ ဝေဖန်မှုတွေ ပေါ်ထွက်လာပါတယ်။ ဒီငွေပမာဏကို နိုင်ငံတော်သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေထဲက ရယူသုံးစွဲမှုကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မာ့ဇူကာဘတ် ပိုင်တဲ့ Facebook ဌာနချုပ်မှာ မြန်မာလူမျိုးတွေ ခန့်အပ်ပြီး စောင့်ကြည့်နေချိန်မှာ မြန်မာနိုင်ငံက ဒီလောက်ငွေပမာဏသုံးပြီး လုပ်ဖို့လိုသလားဆိုသူတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ မည်သည့် ကိစ္စပဲလုပ်လုပ် ဆန့်ကျင်ဖက် ဝေဘန်ငြင်းခုံသူတွေကတော့ အမြဲရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့် မိမိနဲ့ အမြင်မတူတဲ့ ကိစ္စရပ်ကို အချက်အလက် ကိန်းဂဏန်းနဲ့ ဆွေးနွေးငြင်းခုံသူက နည်းပါးပြီး မိမိ အနိုင်ရပြီးရော နည်းလမ်းပေါင်း စုံသုံးပြီး ငြင်းခုံတဲ့သူက များပါတယ်။ မိမိ ရှုံးနိမ့်တယ် နိမ့်ပါးတယ်ထင်ရင် တစ်ဖက်လူရဲ့ အား နည်းချက်တွေကို ရှာဖွေဖော်ထုတ်ပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကျဆင်းစေဖို့ Facebook ပေါ်တင်ကြတော့ တာပါပဲ။ ဒါကြောင့် အခုဆိုရင် မြန်မာနိုင်ငံကို “မနာလိုခြင်း နိုင်ငံတော်”လို့ ကင်ပွန်းတပ်လာကြပါတယ်။

Facebook ကြောင့် ပြောင်းလဲသွားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းပေါ်မှာ အွန်လိုင်းပေါ်မှာ နာမည်ကြီးတဲ့ စီစဉ်တင်ဆက်သူ ကိုမောင်မောင်အေးက သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ အခုလိုရေးသားထားတာကို တွေ့ရပါတယ်။
“ကိုယ်တို့ လူမျိုးတွေက ပူလောင်မှု ဒေါသ၊ မောဟကင်းပြီး ငြိမ်းချမ်းတဲ့လူမျိုးတွေပါ”
(သေသွားပြီးရင်ပြောပါတယ်)
“ကိုယ်တို့လူမျိုးတွေက အတင်းအဖျင်းဆို ပြောကိုမပြောတာ”
(စာနဲ့ပဲရိုက်ပို့ကြတယ်လေ)
“ကိုယ်တို့လူမျိုးတွေက မနာလိုမှုကင်းတဲ့ လူမျိုးတွေပါ”
(ကင်း = King )
“ကိုယ်တို့လူမျိုးတွေက အမြဲ စည်းလုံးညီညွတ်ချက်”
(တစ်ယောက်တည်းရှိနေတဲ့ အခါတိုင်းမှာပေါ့)
ဒီသုံးသပ်ချက်တွေဟာ လက်ရှိ မြန်မာလူမျိုးတွေ သုံးစွဲနေတဲ့ Facebook ပေါ်မှာ ရှိနေမရှိနေ ဆန်းစစ်နိုင်ပါပြီ။

ဇော်သက်ထွေး

Health Care