ကျောက်ဖရုံပင်ဟာ မြန်မာနိုင်ငံမှာ ရာသီဥတုမရွေး စိုက်ပျိုးဖြစ် ထွန်းနိုင်တဲ့အပြင် တန်ဖိုးမဖြတ်နိုင်တဲ့ အစွမ်းထက်အာနိသင်တွေ ကိန်းအောင်းနေတာကိုလည်း အံ့သြဖွယ်ရာတွေ့ရပါတယ်။ ကျောက် ဖရုံမှာ အချိုမျိုးနဲ့ အခါးမျိုးဆိုပြီး နှစ်မျိုးရှိပါတယ်။ အခါးမျိုးရဲ့အသီးဟာ အချိုမျိုးလောက် အလုံးမကြီးပါဘူး။ အချိုမျိုးကနေ ခါးသွားတဲ့ ဖရုံခါးဆိုတာလည်း ရှိပါတယ်။ မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ ကျောက်ဖရုံအခါးမျိုးဟာ အချိုမျိုးထက် အစွမ်းပိုထက်တယ်လို့ဆိုပါတယ်။
မြန်မာ့တိုင်းရင်းဆေးကျမ်းအများစုမှာ ကျောက်ဖရုံသီးဟာ ချိုတယ်။ အနည်းငယ်ဖန်တယ်လို့ ပြဆိုထားပါတယ်။ ကျောက်ဖရုံသီးရဲ့ ဂုဏ်နဲ့စွမ်းရည်ကို တင်ပြရရင် အားအင်ကိုတိုးပွားစေတယ်။ သုက် ကိုပွားစေပါတယ်။ အသီးမှည့်ဟာ ဝမ်းမီးကို တောက်စေပါတယ်။ ဆီးအိမ်ကို သန့်ရှင်းစင်ကြယ်စေပြီး ကြေကျက်လွယ်ပါတယ်။ အပူကို ငြိမ်းစေပြီး သည်းခြေဒေါသကို နိုင်နင်းပါတယ်။ သွေးလေနဲ့ပတ်သက်တဲ့ ရောဂါများကို သက်သာပျောက်ကင်းစေပါတယ်။ ဒါကြောင့် မြန်မာတို့ဟာ ကျောက်ဖရုံသီးကို ဟင်းချက်စားရုံတင်မကဘဲ ယိုအ နေနဲ့လည်း စားသုံးကြတာဖြစ်ပါ တယ်။

ကျောက်ဖရုံပင်ဟာ တစ်ပင်လုံး ဆေးစွမ်းစုံလင်ပါတယ်။ ကျောက်ဖရုံမြစ်ကို အမှုန့်ပြုပြီး ကော်ဖီဇွန်း ၂ ဇွန်းစာ နေ့စဉ် သောက်ပေးရင် သွေးလျှံ၊ သွေးသွန်၊ သွေးအန်ရောဂါများ၊ မီးယပ်သွေး ဆင်းလွန်တာ၊ မီးယပ်အဖြူဆင်း ရောဂါတွေကို သက်သာပျောက် ကင်းစေပါတယ်။ ကျောက်ဖရုံသီးကို အရည်ရအောင်ကြိတ်ညစ်ယူပါ။ အဲဒီ ကျောက်ဖရုံရည် သုံးကျပ်သားမှာ ဂျုံပြာဆား၊ ရှိန်းခိုအနည်းငယ် ထည့်သောက်ပေးရင် ဆီးအိမ်ရောင်တာ၊ ဆီးအောင့်တာ၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်မှာ ကျောက်တည်တာ၊ ဆီးချုပ်တာ စတဲ့ အ လွန်ကြောက်စရာကောင်းလှတဲ့ ဆီးရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်။

မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ ကျောက်ဖရုံသီးဟာ သည်း ခြေလွန်ဖောက်ပြန်လို့ သည်းခြေပျက်တဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကုသရာမှာလည်း အသုံးဝင်ကြောင်းတွေ့ရပါတယ်။ သည်းခြေလွန်ကဲလို့ စိတ်ကျန်းမာရေးဖောက် ပြန်သူတွေဟာ များသောအားဖြင့် ဒေါသထွက်လွယ်ပြီး သူတစ်ပါးကို ရန်လိုတတ်ပါတယ်။ မျက်စိတွေနီ နေတတ်ပါတယ်။ သွေးစမ်းကြည့် ရင်ပူပြီး အလွန်ထကြွနေလေ့ရှိပါတယ်။ နှလုံးခုန်နှုန်းမြန်နေတတ်ပါတယ်။ အအိပ်အနေနည်းတတ်ပါတယ်။ ဒီလိုလက္ခဏာတွေ့ရင် သည်းခြေကြောင့် စိတ်ကျန်းမာရေး ချို့တဲ့ရတာ ဖြစ်ပါတယ်။ ဒီအခါ ကျောက်ဖရုံသီး သတ္တုရည် တစ်ကျပ်သား၊ ကုံကုမံ တစ်ရွေးသား၊ သကြားနှစ်ပဲသား ရောစပ်လို့ ဟင်း စားဇွန်းတစ်ဇွန်းစာသောက်ပေးရင် သည်းခြေဖောက်ပြန်တာအတွက် အလွန်အကျိုးရှိပါတယ်။

ကျောက်ဖရုံသီးကို အမောရောဂါ၊ အဖောရောဂါတွေအတွက် ဓာတ်စာအဖြစ် ချက်ပြုတ်ကျွေးမွေးနိုင်ပါသေးတယ်။ တိုင်းရင်းဆေး သမားတော်များက အသည်းရောင် အသားဝါရောဂါ ဝေဒနာရှင်တွေ ကို ကျောက်ဖရုံသီးကို မကြာခဏ ဟင်းချက်စားလို့ပဲဖြစ်ဖြစ် ယိုအနေ နဲ့ပဲဖြစ်ဖြစ် တစ်ပတ်ကို သုံးလေး ကြိမ်နှုန်းနဲ့ တစ်လလောက်စားပေးရင် အမော၊ အဖော၊ အသည်းရောင် အသားဝါရောဂါတွေသာမက ခံ တွင်းအနံ့ဆိုးတာ၊ ချိုင်းချွေးနံ့မကောင်းတာ၊ ကိုယ်နံ့မကောင်းတာတွေ သက်သာပျောက်ကင်းစေပါတယ်။

နာနာနယအာဟာရစွယ်စုံကျမ်းမှာ ကျောက်ဖရုံသီးကို စားမြိန်ဖွယ် ဟင်းလျာတစ်မျိုးအဖြစ် ချက်ပြုတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ နည်းကတော့ ကျောက်ဖရုံသီးကို အခွံနွာပြီး အတုံးလေးတွေ တုံးထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးခြောက် သင့်တင့်ရုံရောထောင်းလို့ နနွင်း၊ နှမ်းဆီနဲ့ ဆီသတ်ပေးပါ။ ဆီသတ် ပြီးတဲ့အခါ တုံးထားတဲ့ ကျောက်ဖရုံသီးကိုထည့်ပြီး ရေနည်းနည်းနဲ့ နူးအိလာအောင် ချက်ရပါမယ်။ ရေခမ်းရင် အပေါ့အငံအတွက် ဆားသင့်ရုံထည့်လို့ မဆလာခတ်ပါ။ ဒီအခါ အသင့်စားနိုင်တဲ့ ကျောက်ဖရုံသီးဟင်းတစ်ခွက် ရပါ ပြီ။ ဒါတင်မက ကျောက်ဖရုံသီးကို ကြာဆံနဲ့တသွယ်၊ ပဲနီလေးနဲ့တွဲလို့ တဖုံ၊ ငရုတ်ကောင်းခတ်လို့ ဟင်း ခါးအဖြစ်တစ်နည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားနိုင်ပါတယ်။

ကျောက်ဖရုံပင်ဟာ မြန်မာနိုင်ငံမှာ နေရာဒေသမရွေး၊ ရာသီဥတုမရွေး ပေါက်ရောက်ဖြစ်ထွန်းတဲ့ သီးပင်စားပင် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပြီး တိုင်းရင်းဆေး ပညာအရ ကျောက်ဖရုံပင်ရဲ့ အမြစ်၊ အပွင့်၊ အရွက်၊ အသီး၊ အစေ့တို့ကို သုံးနိုင်တဲ့ စွယ်စုံစားဆေးပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ရွှေနန်းစံ

Health Care