ဒီတစ်ပတ်ဆောင်းပါးမှာတော့ ထိတွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားဓာတ်မတည့်ခြင်း(Allergic Contact Dermatitis) ဖြစ်ပွားတဲ့အခါမှာတွေ့ရတတ်တဲ့ အရေပြားပြောင်းလဲမှု၊ အရေပြားရောင်ယမ်းမှုစတဲ့သွင်ပြင် လက္ခဏာတွေရဲ့အကြောင်း ပြောပြချင်ပါတယ်။ အရေပြားဓာတ်မတည့်မှုဖြစ်စဉ်ရဲ့ ပြင်းထန်မှုဟာ ထိတွေ့မှု ဘယ်လောက်များသလဲ၊ ကိုယ်ခံအားနဲ့ဓာတ်မတည့်မှု ဘယ်လောက်ပြင်းထန်သလဲ စတဲ့အချက်တွေပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ အဲဒီလိုပဲ ဒီဓာတ်မတည့်မှုကိုဖြစ်စေတဲ့အရာနဲ့ ဓာတ်မတည့်မှုဖြစ်ပွားတဲ့ အရေ ပြားရဲ့ တည်နေရာတွေပေါ်မှာ မူတည်ပြီးလဲ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရောင်ယမ်းမှုဖြစ်စဉ်ဟာ ပြင်းထန်မှု ကွာခြားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင် အရေပြားရောင်ယမ်း မှုဖြစ်ပွားတဲ့နေရာကို ကြည့်ပြီး ထိတွေ့ဓာတ်မတည့်မှုဖြစ်စဉ်ကိုဖြစ်စေတဲ့ အကြောင်းရင်းခံကို စဉ်းစားလို့ရနိုင်ပါတယ်။ ဥပမာပြောရ ရင်နီကယ်နဲ့ အဝတ်အစားတွေကြောင့် ဖြစ်တဲ့ ထိတွေ့ဓာတ်မတည့်မှုဖြစ်ရပ်တွေမှာဖြစ်ပွားတဲ့ အရေပြားနေရာ ကိုကြည့်ပြီး ဒီအရာတွေကြောင့်ဖြစ်နိုင်တယ်ဆိုတာ သဲလွန်စရတာများပါတယ်။

ထိတွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားဓာတ်မတည့်မှုရဲ့ အခြေခံသွင်ပြင်လက္ခဏာဟာ အရေပြား ရောင်ယမ်းမှုရဲ့ သွင်ပြင်လက္ခဏာတွေပဲဖြစ်ပါတယ်။ အရေပြားနီရဲလာတာ၊ ရောင်လာတာ၊ အဖုလေးတွေထလာတာ၊ အဖုလေး တွေနဲ့ ရေကြည်ဖုလေးတွေရောနေတာ စတာတွေဟာ အရေပြားအတွင်း ရောင်ယမ်းမှုဖြစ်စဉ်ကနေဖြစ်တဲ့ သွင်ပြင်က္ခဏာတွေပဲဖြစ်ပါတယ်။ ထိတွေ့ရောင်ယမ်းမှုဖြစ်စဉ် ပြင်းထန်မယ်ဆိုရင် ရေကြည်ဖုထတာမျိုးအထိ တွေ့ရနိုင်ပါတယ်။ ဒီလိုရေကြည်ဖုတွေ ပေါက်ထွက်သွားမယ်ဆိုရင်တော့ အရေစိုစို အရေပြားရောင်ယမ်းမှုကို တွေ့ရမှာပါ။ ဒီလို အရေပြားထိတွေ့ဓာတ်မတည့်မှုဖြစ်စဉ်မှာ သိသာတဲ့ လက္ခဏာတစ်ခုကတော့ ယားယံမှုဖြစ်ပါ တယ်။

ဒီလိုမျိုး အရေပြားထိတွေ့ဓာတ်မတည့်မှုဟာ အချိန်ကြာကြာ ထပ်ပြီးဖြစ်နေနိုင်ပါတယ်။ ဓာတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေနဲ့ ဆက်တိုက်ထပ်ပြီး ထိတွေ့နေတာ ဒါမှမဟုတ် ထပ်ကာထပ်ကာ ထိတွေ့မှုဖြစ်ပွားနေတာ ဒါမှမဟုတ် မတူညီတဲ့ နောက်ထပ်အရေပြားကို ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေ၊ အရေပြားကို မှိုတက်တဲ့ အရာတွေနဲ့ထိတွေ့မိတာ စတာတွေကြောင့်ဖြစ်ပါတယ်။ အဲဒီလို ရေရှည်ဖြစ်လာတဲ့ အရေပြားဓာတ် မတည့်မှု ဖြစ်စဉ်မှာဆိုရင်တော့ အရေပြားဟာ ခြောက်သွေ့လာပြီး အကြေးခွံရှိလာတတ်ပါတယ်။ အပေါ်ယံအရေပြားဟာ ထူလာပြီး အရေပြားပေါ်က အရေးအကြောင်းတွေဟာ ပိုပြီးထင်ရှားလာပါတယ်။

ထူလာတဲ့အရေပြားမှာ ကွဲအက်တာတွေလဲ တွေ့ရတတ်ပါတယ်။ ဒီလို ကြာရှည်ဖြစ်တဲ့ အရေပြားရောင်ယမ်းမှုရဲ့ သွင်ပြင်လက္ခဏာတွေ ဟာ နှင်းခူ ဒါမှမဟုတ် အရေပြားကို လှုံ့ဆော်တဲ့ပစ္စည်းတွေနဲ့ ကြာရှည်ထိတွေ့မှုကြောင့်ဖြစ်တဲ့ အရေပြား ရောင်ယမ်းမှုစတာတွေမှာဖြစ်တဲ့ သွင်ပြင်လက္ခဏာတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ အဲဒီအတွက် နာတာရှည်ဖြစ် တဲ့ အရေပြားရောင်ယမ်းမှုမှာ သွင်ပြင်လက္ခဏာတွေ ကိုကြည့်ရုံသက်သက်နဲ့ ကိုယ်ခန္ဓာအတွင်းက သူ့ဟာသူ ဖြစ်လာတဲ့ နှင်းခူလား၊ ထိတွေ့ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ အရေပြားရောင်ယမ်းမှုလား၊ လှုံ့ဆော်စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားရောင်ယမ်းမှုလားဆိုတာ တထစ်ချမပြောနိုင်ပါဘူး။ ဒီနေရာမှာ အရေပြားရောင်ယမ်းမှုဖြစ်ပွားစေတဲ့ အရေပြားနေရာတွေဟာ ဓာတ်မတည့်မှုဖြစ်စဉ်လားဆိုတာကို ပိုပြီး သဲလွန်စပေးနိုင်ပါတယ်။

ရောင်ယမ်းမှုဖြစ်ပွားတဲ့ ကိုယ်ခန္ဓာအရေပြားရဲ့ တည်နေရာဟာ ဖြစ်လာတဲ့ထိတွေ့မှု ဓာတ်မတည့်ခြင်း အကြောင်းခံကို ညွှန်ပြတတ်ပါတယ်။ ဥပမာပြောရရင် ရှူးဖိနပ်ကြောင့်ဖြစ်တဲ့ ဓာတ်မတည့်ထိတွေ့မှုဖြစ်စဉ်မျိုး ဖြစ်ပါတယ်။ ထိတွေ့မှုဖြစ်တဲ့ ရှူးဖိနပ်ရာအတိုင်းဖြစ်တဲ့ အရေပြားရောင်ယမ်းမှုဟာ ရှူးဖိနပ်ကြောင့်ဖြစ်တဲ့ ထိတွေ့ဓာတ်မတည့်မှုကို ဖော်ပြနေတာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုတော့ပြောစရာရှိပါတယ်။ ရှူးဖိနပ်ပြုလုပ် ထားတဲ့ ဘယ်ပစ္စည်းကို ဓာတ်မတည့်မှုဖြစ်နေတာလဲဆိုတာကတော့ နောက်ထပ်စစ်ဆေးဖို့လိုနေတာ ဖြစ်ပါ တယ်။ ရှူးဖိနပ်ပြုလုပ်ထားတဲ့ သားရေကြောင့်လား၊ သားရေနယ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေကြောင့်လား၊ အရောင်ဆိုးတဲ့ပစ္စည်းတွေကြောင့်လား စသည်ဖြင့် ဖြစ်စေနိုင်တဲ့ပါဝင်ပစ္စည်းတွေ အများကြီးရှိနေလို့ဖြစ်ပါတယ်။ လက်ကောက်ဝတ် နာရီဝတ်တဲ့နေရာမှာဖြစ်တဲ့ ထိတွေ့မှုဓာတ်မတည့်တာဆိုရင်တော့ နီကယ်ကြောင့် ဖြစ်မယ် လို့ ပိုပြီးနီးနီးစပ်စပ် ကောက်ချက်ချနိုင်မှာဖြစ်ပါတယ်။ လက်ပတ်နာရီ ဒါမှမဟုတ် လက်ကောက်ဝတ်မှာဝတ်ဆင် တဲ့ သတ္တုပစ္စည်းတွေမှာပါဝင်တဲ့ နီကယ်က အဓိကအားဖြင့် ထိတွေ့ဓာတ်မတည့်မှုဖြစ်စဉ်ကို ဖြစ်စေတတ်လို့ ဖြစ်ပါတယ်။

နောက်ထပ်ပြောစရာတစ်ခုကတော့ ထိတွေ့ဓာတ်မတည့်မှုဖြစ်စဉ်ကို ဖြစ်စေတဲ့အရာတွေဟာ ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေကို ပျံ့နှံ့နိုင်မှုဖြစ်ပါတယ်။ များသောအားဖြင့်ကတော့ လက်ချောင်းတွေ ကနေတစ်ဆင့် ဖြစ်ပါ တယ်။ ကုတ်ခြစ်မှုကြောင့်ဖြစ်တဲ့ အရေပြားဓာတ်မတည့်တဲ့နေရာနဲ့ အနီးတစ်ဝိုက်ကို ဓာတ်မတည့်ရောင်ယမ်းမှု တွေ ပျံ့နှံ့တာတွေ့ရနိုင်သလို တခြားနေရာခပ်ဝေးဝေးက အရေပြားမှာ သွားဖြစ်တဲ့ ထိတွေ့ဓာတ်မတည့်ရောင် ယမ်းမှုမျိုးလဲ တွေ့ရနိုင်ပါတယ်။ လက်နဲ့ လက်ချောင်းတွေရဲ့ အရေပြားအပေါ်ယံလွှာဟာထူတဲ့အတွက် သူ့တို့ အပေါ်မှာတော့ အရေပြားရောင်ယမ်းမှု မတွေ့ရဘဲ သူတို့ကနေတစ်ဆင့်သယ်ဆောင်လာတဲ့ ဓာတ်မတည့်မှုဖြစ် စေတဲ့ ပစ္စည်းတွေက ကိုယ်ခန္ဓာတစ်ခြားနေရာက အရေပြားတွေဆီရောက်ရှိပြီး ထိတွေ့ဓာတ်မတည့်မှု ဖြစ်စဉ် ဖြစ်စေကာ အဲဒီနေရာတွေမှာ အရေပြားရောင်ယမ်းမှု တွေ့ရတာမျိုးဖြစ်ပါတယ်။ လိင်အင်္ဂါ တစ်ဝိုက်အရေပြား၊ မျက်လုံးတစ်ဝိုက်အရေပြား၊ မျက်နှာပြင်အရေပြားနဲ့ လည်ပင်းက အရေပြားတွေမှာ ဒီလိုမျိုး လက်ချောင်းတွေက နေတစ်ဆင့် ဓာတ်မတည့်မှုဖြစ်စဉ် ဖြစ်စေတဲ့အရာတွေ ရောက်ရှိလာပြီးဖြစ်သွားတဲ့ ထိတွေ့ဓာတ်မတည့်မှု ဖြစ်ရပ်တွေကို တွေ့ရတာများပါတယ်။ ဒီကိုယ်ခန္ဓာအစိတ်အပိုင်းတွေက အရေပြားဟာ ယှဉ်ကြည့်မယ်ဆိုရင် တခြားကိုယ်ခန္ဓာအစိတ်အပိုင်းက အရေပြားတွေထက် အရေပြားအပေါ်ယံလွှာပါးလျနေလို့ဖြစ်သလို လက်ချောင်းတွေနဲ့ ထိတွေ့မှုများတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဖြစ်လို့လဲဖြစ်ပါတယ်။

ဒါကြောင့် ထိတွေ့မှုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်အရေပြား ရောင်ယမ်းမှုဖြစ်စဉ်တစ်ခုမှာ ဒီဓာတ်မတည့် ရောင်ယမ်းမှုက ဘယ်နေရာမှာစဖြစ်သလဲဆိုတဲ့အချက်ဟာ အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။ အဲဒီကနေ တစ်ဆင့် ဘယ်လိုပျံ့နှံ့သလဲဆိုတဲ့ပုံစံဟာ ဖြစ်စေတဲ့ အကြောင်းရင်းခံ ဓာတ်မတည့်ပစ္စည်းကို စဉ်းစားတဲ့နေရာ မှာ အထောက်အကူ အတော်လေးပေးနိုင်ပါတယ်။ ထိတွေ့မှုကြောင့်ဖြစ်တဲ့ အရေပြား ဓာတ်မတည့်မှုတွေကို ဖြစ်ပွားတဲ့နေရာအလိုက်ခွဲခြားပြီး  ကြည့်နိုင်ပါတယ်။ လက်တွေနဲ့ လက်မောင်းတွေမှာဖြစ်တာ၊ မျက်နှာမှာ ဖြစ်တာ၊ မျက်ခွံတွေမှာဖြစ်တာ၊ နှုတ်ခမ်းနဲ့ နှုတ်ခမ်းတစ်ဝိုက်မှာဖြစ်တာ၊ နားရွက်တွေမှာဖြစ်တာ၊ ဦးရေပြားမှာ ဖြစ်တာ၊ လည်ပင်းမှာဖြစ်တာ၊ ချိုင်းကြားတွေမှာဖြစ်တာ၊ ကိုယ်လုံးမှာဖြစ်တာ၊ လိင်အင်္ဂါနဲ့ စအိုတစ်ဝိုက် အရေ ပြားမှာဖြစ်တာ၊ ခြေသလုံးတွေမှာဖြစ်တာ၊ ခေါင်းတွေမှာဖြစ်တာ၊ ခြေဖဝါးတွေမှာဖြစ်တာ၊ တစ်ကိုယ်လုံးဖြစ်တာ၊ နေရောင်ခြည်ထိတွေ့မှုများတဲ့ အရေပြားတွေမှာဖြစ်တာ၊ အသားနုတွေမှာဖြစ်တာ စသည်ဖြင့် ဖြစ်ပွားတဲ့ အရေ ပြားနေရာကိုလိုက်ပြီး ကြည့်နိုင်ပါတယ်။

လက်ဖဝါးတွေမှာဖြစ်တဲ့ ထိတွေ့မှုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုဟာ အကြောင်းတော်တော်များများကြောင့် ဖြစ်နိုင်ပြီး ထိတွေ့ဓာတ်မတည့်မှုတွေရဲ့ သုံးပုံနှစ်ပုံလောက်မှာ လက်ဖဝါးအရေပြားရောင်ယမ်းမှု တွေ့ရတယ်လို့ ဆိုပါတယ်။ လက်ဖဝါးနဲ့ လက်ဖျံလက်မောင်းတွေမှာ အစင်းလိုက်တွေ့ရတဲ့ ရောင်ယမ်းမှုဟာ သစ်ပင်ပန်းပင်တွေ ကြောင့်ဖြစ်ပွားတာမျိုး တွေ့ရတတ်ပါတယ်။ မျက်နှာမှာဖြစ်တဲ့ ထိတွေ့ဓာတ်မတည့်မှုတွေဟာ အမွှေးနံ့သာတွေ၊ ဆံပင်ဆိုးဆေးတွေ၊ အလှပြင်ပစ္စည်းတွေ၊ လက်သည်းဆိုးဆေးတွေနဲ့ အဲဒီပစ္စည်းတွေထဲမှာပါဝင်နေတဲ့ ဓာတု ပစ္စည်းတွေကြောင့် ဖြစ်တာများပါတယ်။ မျက်ခွံမှာဖြစ်ပွားတဲ့ ထိတွေ့မှုဓာတ်မတည့်ခြင်းတွေကတော့ မျက်နှာ ပြင်အရေပြားမှာ ဓာတ်မတည့်မှုဖြစ်စေတဲ့ပစ္စည်းတွေကြောင့် ဖြစ်ပွားတာကိုတွေ့ရပါတယ်။ နှုတ်ခမ်းနဲ့ ပါးစပ် တစ်ဝိုက်အရေပြားမှာဖြစ်ပွားတဲ့ ဓာတ်မတည့်မှုတွေကတော့ နှုတ်ခမ်းဆိုးဆေးတွေ၊ အလှပြင်ပစ္စည်းတွေနဲ့ အဲဒီထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့်ဖြစ်နိုင်သလိုအစားအသောက်တွေ၊ သွားရည်တွေကြောင့်လဲ ဖြစ်ပွား နိုင်တာဖြစ်ပါတယ်။

သွားတိုက်ဆေးလို ပစ္စည်းမျိုးတွေကြောင့်၊ နီကယ်လိုသတ္တုတွေကြောင့် ဖြစ်ပွားတာမျိုးလဲ တွေ့ရတတ်ပါတယ်။ နားရွက်တွေမှာဖြစ်ပွားတဲ့ထိတွေ့မှု ဓာတ်မတည့်ခြင်းတွေကတော့ နားဆွဲတွေ၊ နားညှပ် တွေကြောင့် အဖြစ်များတဲ့ နီကယ်ဓာတ်မတည့်မှုတွေများပြီး တခြားသောနားရွက်နဲ့ထိတွေ့တဲ့ ပစ္စည်းတွေ (ဥပမာ လိမ်းဆေးတွေ မျက်မှန်ကိုင်းတွေ) စတာတွေထဲမှာ ပါဝင်နေတဲ့ဓာတ်မတည့်တဲ့ပစ္စည်းတွေကြောင့်လဲ ဖြစ်ပွားတာကို တွေ့ရပါတယ်။ ဦးရေပြားမှာဖြစ်ပွားတဲ့ ထိတွေ့ဓာတ်မတည့်မှုဟာ တခြားနေရာက အရေပြား တွေနဲ့နှိုင်းယှဉ်ရင် အဖြစ်နည်းတယ်လို့ဆိုနိုင်ပေမယ့် ဆံပင်ဆိုးဆေးတွေ၊ အလှပြင်ပစ္စည်းတွေနဲ့ အဲဒီပစ္စည်း တွေထဲမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေကြောင့်ဖြစ်ပွားမှုကို တွေ့ရပါတယ်။ လည်ပင်းမှာတော့ လည်ဆွဲတွေ၊ အင်္ကျီဇစ်တွေမှာပါတဲ့ နီကယ်လို သတ္တုတွေကြောင့် ဓာတ်မတည့်မှုဖြစ်နိုင်သလို အမွှေးနံ့သာတွေကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကိုလဲတွေ့ရတတ်ပါတယ်။ ချိုင်းနဲ့ကိုယ်လုံးမှာတော့ ဓာတ်မတည့်မှုဖြစ်စဉ်ဟာ ချွေးနံ့ပျောက် ဆေးတွေ၊ ရေမွှေးတွေနဲ့ အဝတ်အထည်တွေကြောင့်ဖြစ်တာများပါတယ်။ လိင်အင်္ဂါနဲ့ စအိုတစ်ဝိုက်ဖြစ်ပွားတဲ့ ထိတွေ့ဓာတ်မတည့်မှုတွေကတော့ လိမ်းဆေးတွေကြောင့်ဖြစ်တာများပါတယ်။ ခေါင်းတွေ သားရေတွေမှာဖြစ် တဲ့ ဓာတ်မတည့်မှုတွေကတော့ အဝတ်အစားတွေ၊ သားရေတွေ၊ လိမ်းဆေးတွေကြောင့်ဖြစ်တာမျိုးဖြစ်ပါတယ်။ ခြေဖဝါးမှာဖြစ်တဲ့ ဓာတ်မတည့်မှုတွေကတော့ ဖိနပ်နဲ့သားရေတွေ၊ ရာဘာ၊ နီကယ် စတာတွေကြောင့်ဖြစ်တာ များပါတယ်။

ထိတွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားဓာတ်မတည့်မှုဟာ အထက်မှာဖော်ပြခဲ့သလိုပဲ အရေပြားရောင်ယမ်းမှုအဖြစ် တွေ့ရတာများပါတယ်။ သွင်ပြင်လက္ခဏာအားဖြင့်လဲ တခြားသော အရေပြားရောင်ယမ်းမှုတွေနဲ့ ဆင်တူနေ တတ်တာမို့ ထိတွေ့မှုကြောင့်ဖြစ်နေတဲ့ ဓာတ်မတည့်မှုဟာ ကြာရှည်ဖြစ်ပွားနေတတ်ပါတယ်။ ဒါကြောင့် ထိတွေ့ ဓာတ်မတည့်မှုဖြစ်နိုင်မလားဆိုတာကို ကြာရှည် ဒါမှမဟုတ် ထပ်ကာထပ်ကာဖြစ်နေတဲ့ အရေပြားရောင်ယမ်းမှု တွေမှာ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ထိတွေ့ဓာတ်မတည့်မှုဖြစ်စဉ်မှာ အဓိကကျတဲ့အချက်က ဖြစ်စေတဲ့ အရာကို မထိတွေ့စေဖို့ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အရေပြားရောင်ယမ်းမှုတွေဖြစ်ရင် ထိတွေ့ဓာတ်မတည့်မှု ဖြစ် နေတာလားဆိုတာသိရှိပြီး အဲဒီဓာတ်မတည့်မှုကိုဖြစ်စေတဲ့ပစ္စည်းကို ရှောင်ရှားနိုင်ဖို့ အရေပြားရောင်ယမ်းမှုတွေ ကြာရှည်ဖြစ်မနေစေဖို့ ရည်ရွယ်ပါတယ်။

ဒေါက်တာကေ (အရေပြား)

Health Care