နားထင်များတွင် ဖိအားတိုးခြင်းသည် ခေါင်းကိုက်ခြင်း (သို့မဟုတ်) ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) ၏ လက္ခဏာရပ်တစ်ခုဖြစ်နိုင်သည်။ စိတ်ဖိစီးမှုများခြင်း၊ ဦးနှောက်ခွံရှိ လေလမ်းကြောင်းများ ပိတ်ဆို့ခြင်းနှင့် ခန္ဓာကိုယ်တွင်း တောင့်တင်းမှု များနေခြင်းတို့ကြောင့်လည်း ဖြစ်လေ့ရှိသည်။ ယခုဆောင်းပါးတွင် နားထင်ဖိအားတိုးမှု ဖြစ်စေနိုင်သည့် အကြောင်းရင်းများ၊ ရောဂါလက္ခဏာနှင့် ကုသမှုနည်းလမ်းများ၊ ဆရာဝန်နှင့် မဖြစ်မနေ သွားရောက်ပြသသင့်ချိန်တို့ကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

(၁) စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း (Tension Headache) 

အဖြစ်အများဆုံး ခေါင်းကိုက်ဝေဒနာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး စိတ်ဖိစီးမှုများခြင်း၊ ကြွက်သား တောင့်တင်းခြင်းတို့ကြောင့် အဓိက ဖြစ်နိုင်သည်။

“ရောဂါလက္ခဏာများ”

– ဇက်ပိုးမှစတင်၍ ဉီးခေါင်းတစ်ပြင်လုံး ကိုက်ခဲခြင်း

– နာရီအနည်းငယ်မှ ရက်အတန်ကြာ ခေါင်းကိုက်ဝေဒနာ ခံစားရခြင်း

– ဦးခေါင်းကို ဖျစ်ညှစ်ထားသကဲ့သို့ တင်းကျပ်စွာ ခံစားရခြင်း

ကုသမှု- ဆရာဝန်ညွှန်ကြားချက်မလိုသော အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ သက်တောင့်သက်သာ အနားယူခြင်း စသည့်နည်းလမ်းများဖြင့် ကုသနိုင်သည်။ ကြွက်သား တောင့်တင်းမှုကြောင့် မျက်နှာနှင့် နားထင်တို့တွင် ဖိအားတိုးလာသည်ဟု ခံစားရပါက အပူကပ်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်း၊ အကြောလျှော့ခြင်းများ ပြုလုပ်နိုင်သည်။

(၂) ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)

နားထင်ဖိအားတိုးခြင်း အပါအဝင် အတန်အသင့်မှ ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်သည်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်စေသည့် အခြေခံအကြောင်းရင်း တိကျစွာမရှိသော်လည်း ခန္ဓာကိုယ်တွင်း ဟော်မုန်းဓာတ်ပြောင်းလဲခြင်း၊ စိတ်အတက်အကျမမှန်ခြင်း၊ အားအင်ကုန်ခမ်းပြီး အိပ်ရေးပျက်ခြင်း၊ အစားအသောက် (ချောကလက်၊ ချိစ်၊ ကော်ဖီ၊ အရက်)နှင့် ဆေးဝါးများ (အိပ်ဆေး၊ ကိုယ်ဝန်တားဆေး၊ ဟော်မုန်းဖြည့်ဆေး)၊ ပတ်ဝန်းကျင်၏ သက်ရောက်မှုများ (ပိတ်လှောင်နေသော အခန်း၊ ကျယ်လောင်သောအသံနှင့် တဖျပ်ဖျပ်လှုပ်နေသော ဖန်သားပြင်များ)သည် ရောဂါဖြစ်ပွားမှုကို အစပျိုးစေနိုင်သော အကြောင်းရင်းများဖြစ်သည်။

“ရောဂါလက္ခဏာများ”

-ခေါင်းတစ်ခြမ်း တဒုတ်ဒုတ်ကိုက်ခဲခြင်း

– ပျို့ချင်/အန်ချင်၊ မအီမသာဖြစ်ခြင်း

– အလင်းနှင့် အသံတို့ကို ခံစားတုံ့ပြန်မှု မြင့်မားလာခြင်း

– နာရီအနည်းငယ်မှ ရက်အတန်ကြာ ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သည့်အခါ ပိုမိုဆိုးရွားခြင်း

ကုသမှု- သက်ဆိုင်ရာသမားတော်နှင့် ပြသစစ်ဆေးပြီး ရောဂါအတွက် လိုအပ်သော ဆေးဝါးများကို ပုံမှန် မှီဝဲသောက်သုံးရန် လိုအပ်သည်။

(၃) လည်ပင်းဆစ်ရိုး ပြဿနာများကြောင့် ခေါင်းကိုက်ခြင်း (Cervicogenic Headache) 

လည်ပင်းဆစ်ရိုးဆိုင်ရာ ပြဿနာများနှင့် ဆက်စပ်ဖြစ်ပွားသော ခေါင်းကိုက်ခြင်းဖြစ်သည်။ လည်ပင်းဆစ်ရိုး ဒဏ်ဖြစ်ခြင်း၊ ကျိုးခြင်း၊ ပိုးဝင်ခြင်း၊ ကင်ဆာဖြစ်ခြင်းနှင့် အဆစ်ရောင်ရောဂါ (Rheumatoid Arthritis)တို့ကြောင့် ဖြစ်နိုင်သည်။

“ရောဂါလက္ခဏာများ”

– နားထင်များတွင် ဖိအားတိုးခြင်းနှင့်အတူ လည်တိုင်၏ လှုပ်ရှားနိုင်စွမ်း လျော့နည်းလာခြင်း

– လည်ပင်းလှုပ်ရှားသည့်အခါ ခေါင်းကိုက်ဝေဒနာပိုဆိုးခြင်း

– ခေါင်းတစ်ခြမ်းကိုက်ခြင်း

– ဦးခေါင်း(သို့) လည်ပင်းအနောက်ခြမ်းမှ မျက်စိအနောက်ပိုင်းအထိ နာကျင်ကိုက်ခဲခြင်း

ကုသမှု- တက်ကျွမ်းနားလည်သော ဆရာဝန်နှင့် ပြသပြီး လည်ဆစ်ရိုးအား ထုံစေရန် အာရုံကြောပိတ်ဆေး (Nerve Blocks)ထိုးနှံခြင်းဖြင့် ဝေဒနာကို သက်သာရာ ရစေနိုင်သည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ နှိပ်နယ်ပေးခြင်း၊ ရူပကုထုံး စသည့်နည်းလမ်းများဖြင့်လည်း ကုသနိုင်သည်။

(၄)ဦးခေါင်းခွံရှိ လေလမ်းကြောင်းပြဿနာများ (Sinus Problems)

ဦးခေါင်းခွံရှိ လေလမ်းကြောင်းများ ပိုးဝင်ခြင်း၊ ရောင်ယမ်းခြင်းတို့ကြောင့် နဖူးနှင့်နားထင်များတွင် ဖိအားတိုးမှု ဖြစ်ပေါ်စေသည်။

“ရောဂါလက္ခဏာများ”

– နှာပိတ်ခြင်း

– ချောင်းဆိုးခြင်း

– နှာခေါင်းမှ အဝါရောင်(သို့) အစိမ်းရောင် အကျိအချွဲများထွက်ခြင်း

– သွားကိုက်ခြင်း

– နှာခေါင်းနှင့် လည်ချောင်းအနောက်ပိုင်းတွင် ချွဲသလိပ်ကပ်ခြင်း

ကုသမှု- အများစုတွင် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်သည့် နှာပိတ်သက်သာဆေးများ (Decongestants)၊ ပါရာစီတမောနှင့် စတီးရွိုက်မပါသော အရောင်ကျဆေးများဖြင့် ပျောက်ကင်းလေ့ရှိသည်။ ရောင်ယမ်းမှုသည် ဘက်တီးရီးယားပိုးကူးစက်ခြင်းကြောင့်ဖြစ်လျှင် ဆရာဝန်နှင့်ပြသပြီး သင့်တော်သော ပဋိဇီဝဆေး သောက်သုံးရန် လိုအပ်သည်။

(၅)နားထင်သွေးကြောရောင်ယမ်းခြင်း (Temporal Arteritis)

ဉီးခေါင်းဘေး တစ်ဖက်တစ်ချက်ရှိ သွေးလွှတ်ကြောများ ရောင်ယမ်းခြင်းကြောင့် နားထင်များတွင် နာကျင်ကိုက်ခဲမှုဝေဒနာ ထပ်တလဲလဲ ခံစားရနိုင်သည်။ အသက်(၅၀)ကျော်အရွယ်များနှင့် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။

“ရောဂါလက္ခဏာများ” 

– နားထင်များတွင် ပြင်းထန်စွာ တဒုတ်ဒုတ် ကိုက်ခဲခြင်း

– အဖျားတက်ခြင်း

– အစားအသောက်ပျက်ခြင်း

– ကိုယ်အလေးချိန်ကျဆင်းခြင်း

– ဉီးရေပြား နာကျင်ခြင်း

– အစာဝါးသည့်အခါ မေးရိုးနာကျင်ခြင်း

ကုသမှု- ဆရာဝန်နှင့် သွားရောက်ပြသပြီး အရောင်ကျဆေး(Steroid)ကို ဆေးပတ်လည်အောင် သောက်သုံးရမည်ဖြစ်သည်။

(၆) ဦးနှောက် အမြှေးရောင်ရောဂါ (Meningitis)

ဦးနှောက်အမြှေးပါးကို ဘက်တီးရီးယားပိုး ကူးစက်မှုကြောင့် ရုတ်တရက် ခေါင်းကိုက် ခြင်း၊ နားထင်ဖိအားတိုးခြင်းများဖြစ်နိုင်သည်။

“ရောဂါလက္ခဏာများ”

– အဖျားတက်ခြင်း

– ဇက်တောင့်ခြင်း

– စိတ်ထြွေပားခြင်း

– ပျို့ချင်/အန်ချင်၊ မအီမသာဖြစ်ခြင်း

– အလင်းကို ခံစားတုံ့ပြန်မှုမြင့်မားလာခြင်း

ကုသမှု- ဆရာဝန်ညွှန်ကြားသော ပဋိဇီဝဆေးဝါးများဖြင့် ကုသမှုခံယူရမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်း ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်သည်။

(၇) ဦးခေါင်းဒဏ်ရာရခြင်း (Head Injury)

ဦးခေါင်း(သို့) ဉီးနှောက်ကို တစ်စုံတစ်ခုနှင့် ထိခိုက်မိခြင်းကြောင့် ဒဏ်ရာရရှိသော အခြေအနေဖြစ်သည်။ မပြင်းထန်သော ဉီးခေါင်းဒဏ်ရာရရှိသူများ၏ (၉၀)ရာခိုင်နှုန်းတွင် ခေါင်းကိုက်ဝေဒနာ ခံစားရလေ့ရှိသည်။

“ရောဂါလက္ခဏာများ”

– ထိခိုက်မိပြီး (၇)ရက်အတွင်း နားထင်များအပါအဝင် ဉီးခေါင်းတစ်ပြင်လုံး၌ ဖိအားတိုးမှုကို ခံစားရခြင်း

– ဉီးခေါင်းအနောက်ပိုင်းတွင် တဒုတ်ဒုတ် နာကျင်ကိုက်ခဲခြင်း

ကုသမှု- မပြင်းထန်သော ဉီးခေါင်းဒဏ်ရာရရှိသူများအနေဖြင့် ကောင်းစွာ အနားယူခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်း၊ ဝလင်စွာ အိပ်စက်ခြင်း၊ ကဖင်းမှီဝဲမှုလျှော့ချခြင်း စသည့်နည်းလမ်းများကို လုပ်ဆောင်နိုင်သည်။ ခေါင်းကိုက်ဝေဒနာအတွက် သောက်သုံးသင့်သော ဆေးဝါးများကိုလည်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ အကြံပြုချက် တောင်းခံရန် လိုအပ်သည်။

(၈)နားထင်မေးရိုးဆစ် ပြဿနာများ (Temporo Mandibular Disorders) 

မေးရိုးနာကျင်ခြင်းမှတဆင့် မျက်နှာ၊ နားထင်နှင့် လည်ပင်းတို့တွင် ဖိအားတိုးမှုဖြစ်ပေါ်စေနိုင်သည်။

“ရောဂါလက္ခဏာများ”

– မေးရိုးတောင့်တင်းပြီး ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း

– အိပ်ပျော်နေစဉ်နှင့် နိုးလာချိန်တို့တွင် သွားကြိတ်ခြင်း

– ပါးစပ်ဖွင့်/ပိတ်ရာ၌ နာကျင်ခြင်း

– အောက်သွားနှင့် အပေါ်သွား အံဝင်ခွင်ကျမဖြစ်ခြင်း

ကုသမှု- နားထင်မေးရိုးဆစ် ပြဿနာအများစုမှာ ယာယီခံစားရခြင်းသာဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်မလိုသော အနာသက်သာဆေးများ သောက်သုံးနိုင်သည်။ မေးရိုးတင်းခြင်း၊ သွားကြိတ်ခြင်းတို့သက်သာစေရန် သွားဘက်ဆိုင်ရာ အထောက်အကူကိရိယာများကို အသုံးပြုနိုင်သည်။

(၉) ဦးနှောက်အကျိတ် (Brain Tumor) 

နားထင်များတွင် ဖိအားတိုးမှုကို ထပ်တလဲလဲ ခံစားနေရပါက ဦးနှောက်အတွင်း ကင်ဆာ(သို့) ကင်ဆာမဟုတ်သော အလုံး/အကျိတ်များ ရှိနေနိုင်ကြောင်း ကြုံတောင့်ကြုံခံ အခြေအနေတစ်ရပ်အဖြစ် သိထားသင့်သည်။

“ရောဂါလက္ခဏာများ” 

– ပျို့ချင်/အန်ချင်၊ မအီမသာဖြစ်ခြင်း

– မောပန်းခြင်း – ကိုယ်တစ်ခြမ်းထုံခြင်း၊ တောင့်ခြင်း

– ခန္ဓာကိုယ်ဟန်ချက်မညီခြင်း

– အမြင်ဝါးလာခြင်း

– တက်ခြင်း

– စိတ်ထြွေပားခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း

– ပြောဆိုဆက်ဆံရာ၌ အခက်အခဲဖြစ်ခြင်း

– ပတ်ဝန်းကျင်နှင့် ကင်းကွာခြင်း

– ပင်ကိုယ်စရိုက်ပြောင်းလဲခြင်း

ကုသမှု- ဆရာဝန်နှင့် အမြန်ဆုံး ပြသစစ်ဆေးသင့်သော အခြေအနေဖြစ်သည်။ အကျိတ်အရွယ်အစား၊ တည်နေရာနှင့် ကင်ဆာဟုတ်/မဟုတ် ဆိုသည့်အချက်များအပေါ် မူတည်၍ စတီးရွိုက်ဆေးပေးခြင်း၊ ခွဲစိတ်ဖယ်ရှားခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆေးသွင်းခြင်း စသည့်နည်းလမ်းတို့ကို ရွေးချယ်ကုသနိုင်သည်။

“ဆရာဝန်နှင့် မဖြစ်မနေ သွားရောက်ပြသသင့်ချိန်” 

နားထင်များတွင် ဖိအားတိုးမှုကိုထပ်တလဲလဲ ခံစားလာရခြင်း၊ ခေါင်းတစ်ခြမ်း အဆက်မပြတ်ကိုက်ခြင်း၊ ရုတ်တရက် အလွန်ပြင်းထန်စွာ ခေါင်းထိုးကိုက်ခြင်း၊ ခေါင်းကိုက်သည့်အကြိမ်ရေ သိသာစွာ တိုးလာခြင်း၊ မကြာခဏ ပြင်းထန်စွာ ခေါင်းကိုက်မှုနှင့်အတူ မူလရောဂါအခံရိြှခင်း စသည့်လက္ခဏာများ ခံစားနေရပါက ဆရာဝန်နှင့်အမြန်ဆုံးပြသပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ အချိန်မီ ပြုလုပ်ရန် လိုအပ်သည်။ အချုပ်ဆိုရသော် သာမန်လူတစ်ဉီးအနေဖြင့် နားထင်ဖိအားတိုးခြင်းကို အကြောင်းအမျိုးမျိုးကြောင့် ကြုံတွေ့ခံစားရနိုင်သည်။ သို့ဖြစ်ရာ နေ့စဉ်ဘဝတွင် စိတ်ဖိစီးမှုများကို လျှော့ချခြင်း၊ လူနေမှုပုံစံပြုပြင်ပြောင်းလဲခြင်းတို့ကို အဓိက လုပ်ဆောင်ရမည့်အပြင် လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး အကြံဉာဏ်ရယူသင့်ကြောင်း တိုက်တွန်း ရေးသားလိုက်ပါသည်။

ယု(ဆေး-၁)