လူတိုင်းလူတိုင်း ရောဂါများကင်း ရှင်းပြီး၊ စိတ်၏ ကျန်းမာခြင်း၊ ကိုယ် ၏ကျန်းမာခြင်းနှင့် ပြည့်ဝမှသာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့် အခြားကိစ္စအဝဝများ ကို ဆောင်ရွက်နိုင်ပါမည်။ ထိုနည်း အတူ နား၊ နှာခေါင်းနှင့် လည်ချောင်း ဆိုင်ရာ အစိတ်အပိုင်းများသည်လည်း ရောဂါသန့်ရှင်း၊ ကျန်းမာခြင်းနှင့်ပြည့်စုံရန် လိုအပ်ပါသည်။ လူတိုင်းသတိမမူမိသော နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများ ကင်းဝေးစေရန် ဆောင်ရွက်ရပါမည်။

(၁) နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများ

နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနှင့်ပတ်သက်၍ မြောက် များစွာရှိပါသည်။ ရောဂါအများစု သည် ပတ်ဝန်းကျင်မှတစ်ဆင့် ဖြစ် ပေါ်လာတတ်ပြီး ရောဂါ၏ သဘာဝ ကို သိရှိနားလည်ပြီး ကြိုတင်ကာကွယ် နိုင်ပါသည်။ အချို့ရောဂါများသည် မွေး ရာပါရောဂါများဖြစ်ပြီး ခန္ဓာကိုယ်တွင်း ဓာတ်ချို့ယွင်းခြင်းကြောင့် ဖြစ်ပေါ်လာ၍ ကြိုတင်ကာကွယ်၍ မရပါ။ နား၊ နှာခေါင်း၊ လည်ချောင်းသည် ခန္ဓာကိုယ်၏ ဒွာရ (၉)ပေါက်နှင့် ဆက်နွယ်နေသောကြောင့် ရောဂါပိုးများ အချိန်မရွေး ဝင်နိုင်ပါသည်။ ၎င်းမှတစ်ဆင့် အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ရောဂါပျံ့နှံ့နိုင်ပြီး ကျန်းမာရေးကို များစွာ ထိခိုက်နိုင်ပါသည်။

(၂) နားရောဂါများ

နားရောဂါများမှာ နားကိုက်ခြင်း၊ နားလေးခြင်း၊ နားလေထွက်ခြင်း၊ နား ပြည်ယိုခြင်းနှင့် နားကြောင့် မူးဝေခြင်း တို့ဖြစ်ပြီး အဖြစ်များသော ရောဂါများ ဖြစ်ပါသည်။

နားကိုက်ခြင်းသည် ကြိုတင်ကာ ကွယ်၍ရသော ဝေဒနာတစ်ခုဖြစ်ပါသည်။ နားကိုထိခိုက်ဒဏ်ရာရခြင်း၊ နားအုံတွင် အနာပေါက်ခြင်း၊ ရောင်ရမ်းခြင်း၊ နားကော်ခြင်း၊ မသန့်ရှင်းသောလက်ဖြင့် ထိုးခြင်း၊ ရေဝင်ခြင်း နှင့် သင်္ကြန်အချိန်အခါတွင် ထိခိုက်ခံ ရခြင်းတို့ကြောင့် နားကိုက်တတ်ပါသည်။ နားလေးခြင်းနှင့် နားလေထွက်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါသည်။ နားလေးပါက ကလေးသူငယ်များတွင် စာသင်ရန် ခက်ခဲခြင်း၊ စကားပြောထိုင်းခြင်း၊ အလုပ် လုပ်ရာတွင် ခက်ခဲခြင်း၊ လူမှုဆက်ဆံရာတွင် လူရာမဝင်ခြင်းနှင့် စိတ်ဓာတ် ကျဆင်းခြင်းများ ခံစားရနိုင်ပါသည်။ နားလေးရောဂါသည် မွေးရာပါဖြစ်တတ်သော်လည်း စောစီးစွာကုသပါက လူညွန့်တုံးခြင်းမှ ကာကွယ်နိုင်ပါသည်။ ဆရာဝန်ညွှန်ကြားချက်မပါ သော ပဋိဇီဝ ဆေးအပြင်းများကြောင့် နားလေးတတ်ခြင်းများလည်း ရှိပါသည်။ နားပြည်ယိုရောဂါနှင့် နားတွင်း အရည်စုရောဂါများကြောင့် နားလေးတတ်ပါသည်။ နှာစေး၊ ချောင်းဆိုး၊ အအေးပတ်ရာမှ နားပြည်ယိုရောဂါနှင့် နားတွင်းအရည်စုရောဂါရနိုင်ပါသည်။

နားပြည်ယိုရောဂါနှင့် နားတွင် အရည်စုရောဂါများကို မကုသပဲထားပါက နားလေးတတ်ပါသည်။ အချို့ သော လူနာများတွင် နားမှ ဦးနှောက်သို့ ရောဂါပျံ့နှံ့သွားပြီး အသက်ဆုံးရှုံး တတ်ပါသည်။ လသားကလေးအရွယ် တွင် နို့အန်ရာမှ အန်ဖတ်များ နားလေပြွန်ပိတ်ဆို့ခြင်းကြောင့် ဖြစ်တတ် သည်ကို သတိထားရပါမည်။

(၃) နားရောဂါများ မဖြစ်စေရန် ဆောင်ရွက်ခြင်း

နားရောဂါများ မဖြစ်စေရန် ကြို တင်ကာကွယ်နိုင်ပါသည်။ နားကို ထိခိုက်ဒဏ်ရာမရရှိစေရန် ဂရုစိုက်ရပါမည်။ အနာမဖြစ်စေရန်လည်း သတိထားရပါမည်။ မသန့်ရှင်းသောပစ္စည်းများနှင့် နားကော်ခြင်း မပြုလုပ်သင့်ပါ။ ဆရာဝန်ညွှန်ကြားသည့်ဆေးနှင့် အညွှန်းကို တိကျစွာ မလိုက်နာပါက အာရုံကြောထိခိုက်ပြီး နားလေးတတ်သည်ကို သတိထားရပါမည်။ နှာစေး၊ ချောင်းဆိုး၊ အအေးပတ်ရောဂါ မဖြစ်စေရန် နွေးထွေးစွာနေရပါမည်။ ရေချိုးဆင်ခြင်ရပါမည်။ နှာစေး၍ နှပ်ကို နှာခေါင်းပေါက် နှစ်ဖက်စလုံးပိတ်ပြီး မညှစ်သင့်ပါ။ နှပ်ညှစ်လျှင် နှာခေါင်းပေါက် တစ်ပေါက်တည်းကိုသာ လက် နှင့်ပိတ်ပြီး ကျန်တစ်ပေါက်မှ ဖြည်းညှင်းစွာ ညှစ်ထုတ်သင့်ပါသည်။ လသားကလေးအရွယ် ကလေးများ နို့ အန်ပါက ကလေးခေါင်းကို အရှေ့သို့ ငုံ့ပေးခြင်းဖြင့် အန်ဖတ်ပိတ်ဆို့ခြင်းကို ကာကွယ်နိုင်ပြီး နားပြည်ယိုရောဂါ လည်း မဖြစ်ပွားနိုင်ပါ။ နားပြည်ယို ရောဂါနှင့် နားလေးရောဂါများဖြစ်ပါက စောစီးစွာ တတ်ကျွမ်းနားလည်သော နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်များနှင့် ပြသရပါမည်။ ကလေး စကားပြောနောက်ကျခြင်းသည် နားရောဂါနှင့် ဆက်နွယ်တတ်၍ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံသို့ ပြသရပါမည်။ ဆူညံသံကြောင့် နားရောဂါ ဖြစ်တတ်၍ ကြိုတင်ကာကွယ်ရပါ မည်။

(၄) နှာခေါင်းရောဂါများ

နှာစေး၊ ချောင်းဆိုး၊ အအေးပတ် ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ် ပြီး ရက်ပိုင်းအတွင်း ပျောက်ကင်းသွားနိုင် ပါသည်။ သို့ရာတွင် ထိရောက်စွာမကု သပဲထားပါက နားရောဂါများ၊ ထိပ် ကပ်နာရောဂါနှင့် လည်ချောင်းရောဂါ များဖြစ်တတ်ပါသည်။ ထိပ်ကပ်နာရောဂါ၊ နှာပုပ်ရောဂါ နှင့် နှာချေရောဂါများသည် နာတာရှည် နှာခေါင်းရောဂါများဖြစ်ပါသည်။ နှာစေး၊ ချောင်းဆိုး၊ အအေးပတ်ခြင်း ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုနည်းခြင်းကြောင့် ဖြစ်တတ်ပါသည်။

(၅) နှာခေါင်းရောဂါများ မဖြစ်စေရန် ဆောင်ရွက်ခြင်း

နှာခေါင်းရောဂါများ မဖြစ်စေရန် ကိုယ်ခံအားကောင်းအောင် အာဟာရ ပြည့်ဝသော အစားအစာများ စားပေး ရပါမည်။ လူထူထပ်သည့်နေရာကို ရှောင်ကြဉ်ရပါမည်။ မရှောင်နိုင်ပါက နှာခေါင်းစည်းကို အသုံးပြုရပါမည်။ ကြာရှည်စွာအအေးမိခြင်း မဖြစ်စေရန် နေထိုင်ရပါမည်။ ရောဂါဖြစ်လာပါက အနားယူရပါမည်။ သက်ဆိုင်ရာ ကျန်း မာရေးဝန်ထမ်းများနှင့် ပြသရပါမည်။ နှပ်ညှစ်ရာတွင်လည်း မှန်ကန်သော နှပ်ညှစ်နည်းအတိုင်း အသုံးပြုရပါမည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းရပါမည်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ရပါမည်။ ရောဂါ ဖြစ်ပါက နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်များနှင့် တိုင်ပင်ပြသရပါ မည်။

(၆) လည်ချောင်းရောဂါများ

ပြည်သူလူထုအတွင်း အများဆုံး ဖြစ်တတ်သော လည်ချောင်းရောဂါ များမှာ လည်ချောင်းနာခြင်း၊ အာသီး ရောင်ခြင်း၊ အသံဝင်ခြင်းနှင့် လည် ချောင်းကင်ဆာတို့ဖြစ်ပါသည်။ လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း၊ အ သံဝင်ခြင်း စသောရောဂါများသည် ခံတွင်းမသန့်ရှင်းခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် နှာခေါင်းရောဂါများ ကြောင့်ဖြစ်တတ်ပါသည်။

လည်ချောင်းရောဂါသည်၊ ကွမ်းစားခြင်း၊ ဆေးဝါးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်း တို့ကြောင့်လည်း ဖြစ်တတ်ပါသည်။ လည်ချောင်းကင်ဆာရောဂါ ပိုမိုဖြစ် တတ်ပါသည်။ လည်ချောင်းကင်ဆာ ရောဂါသည် အသက်အရွယ် မရွေးကို ဖြစ်စေနိုင်ပါသည်။ အသံပြွန်လမ်း ကြောင်း၊ အသက်ရှူပြွန်လမ်းကြောင်း နှင့် အစာပြွန်လမ်းကြောင်းကို ပိတ်ဆို့ ထိပါးစေပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်သော ရောဂါဖြစ်ပါသည်။

လည်ချောင်းကင်ဆာ ရောဂါ လက္ခဏာများမှာ အသံဝင်ခြင်း၊ လည်ချောင်းတွင် ခုလုခုလုဖြစ်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အစာမျိုရန်ခက်ခဲခြင်း၊ လည်ပင်းတွင် အကျိတ်သေးသေးလေးများ စတင်ထွက်ခြင်းတို့ ဖြစ်ပါသည်။

(၇) လည်ချောင်းရောဂါမဖြစ်စေရန် ဆောင်ရွက်ခြင်း

လည်ချောင်းရောဂါမဖြစ်စေရန် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ရပါမည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းရပါမည်။ နှာခေါင်းရောဂါများ ဖြစ်ပါက စနစ်တကျကုသရပါမည်။ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်းနှင့် အရက်သောက် ခြင်းကို ရှောင်ကြဉ်ရပါမည်။ လည် ချောင်းရောဂါများ ဖြစ်ပါက တတ်ကျွမ်းနားလည်သော နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်များနှင့် ပြသရပါမည်။

(၈) အကြံပြုချက်

နား၊ နှာခေါင်း၊ လည်ချောင်းများဆိုင်ရာ အစိတ်အပိုင်းများ ရောဂါဘယ ကင်းဝေးမှသာလျှင် တစ်ကိုယ်လုံး ကျန်းမာနိုင်ပါသည်။ ရောဂါတစ်ခုချင်း အလိုက် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရပါမည်။ ကျန်းမာ ရေးဝန်ထမ်းများသာမက ပြည်သူတစ် ရပ်လုံးအနေဖြင့် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများ ကင်းဝေးစေရန် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အ ကြံပြုအပ်ပါသည်။

ဒေါက်တာကောင်းစံ

Health Care