နွေရာသီမှာဖြစ်နိုင်တဲ့ ရောဂါတွေက ရေရှားပါးမှု၊ သောက်သုံးရေပြတ်လပ်မှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှု နည်းခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အစာအဆိပ်သင့်ခြင်းရောဂါ၊ အထက်လှန်အောက်လျှော ရောဂါများ၊ အပူကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ ကြွက်တက်ခြင်း၊ ခရမ်းလွန်ရောင်ခြည်သင့်ခြင်း၊ အသားအရေ ညိုမည်းစွဲခြင်း၊ အရေပြားဓာတ်မတည့်ခြင်း၊ အရေပြားယားနာများ၊ အပူကြောင့် သွေးလန့်ခြင်း၊ (Heat Stroke) တို့ဖြစ်ပေါ်နိုင်ကာ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

သောက်သုံးရေပြတ်လပ်ခြင်း၊ ရေမသန့်ခြင်းကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုကျဆင်းလာသလို မသန့်ရှင်းတဲ့ ရေကို သောက်သုံးရလို့ ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းကိုက်ရောဂါတွေ ခံစားကြရပါတယ်။

ဝမ်းလျှောရောဂါမှာ ဘက်တီးရီးယား အီးကိုလိုင်း (E-Coli) ဘယ်ဆယ်လယ်ရီ (Bacillary) နှင့် အမီးဘားဝမ်းကိုက်ရောဂါ (Amoebic dysentry) တို့ဖြစ်ပွားနိုင်ပါတယ်။ ရောဂါရှိသူရဲ့မစင်(Faeces)ကို ယင်(Fly)နားပြီး ပျံသန်း(Flight)ကာ အစာ(Food)မှာနားလို့ မသန့်ရှင်းတဲ့လက်ချောင်း(Fingers)များ နဲ့စားသောက်ရင် (5Fs) ကြောင့် ဝမ်းလျှောဝမ်းပျက်နဲ့ ဝမ်းကိုက်ရောဂါများဖြစ်စေနိုင်ပါတယ်။

လုံခြုံစိတ်ချရတဲ့ အစားအစာကိုရဖို့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ လတ်ဆတ်ဖို့လိုသလို၊ ဝယ်ယူ လာတဲ့ပစ္စည်းတွေကို ဆားရေမှာ (၁၅)မိနစ်ခန့်စိမ်ပြီး ရေစင်စင်ဆေးပြီးမှ ဓာတုသြဇာနဲ့ ဓာတုပိုးသတ် ဆေးဒဏ်မှ ကာကွယ်နိုင်မှာဖြစ်တယ်။

လှီးဖြတ်စားသောက်ရမယ့် ဇွန်း၊ ခက်ရင်းစတဲ့ အသုံးအဆောင်ပစ္စည်းများ သန့်ရှင်းစင်ကြယ်ရေး၊ အစားအသောက်များ ချက်ပြုတ်ကိုင်တွယ်မယ့် ဝန်ထမ်းများ၊ အိမ်အကူ၊ အလုပ်သမားများ တစ်ကိုယ်ရည် သန့်ရှင်းစင်ကြယ်ရမယ်။

အစားအစာမချက်ပြုတ်မီ ထည့်ထားမယ့်ရေခဲသေတ္တာ၊ ချက်ပြုတ်ပြီးထည့်ထားမယ့် ရေခဲသေတ္တာ ခွဲထားရမယ်။ ပိုမိုကောင်းမွန်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအနေနဲ့ အစာမစားမီ၊ အစာမပြင်မီ၊ မကိုင်တွယ်ခင်လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့်(၂ဝ)ထက်ကျော်ကျော် ဆေးကြောဖို့လိုပါတယ်။ သောက်သုံးရေမှာ ရေသန့်သောက် သုံးနိုင်တယ်။ ရေသန့်မရရင် ရေကို ကြိုချက်သောက်၊ အအေးခံပြီး သောက်သုံးနိုင်တယ်။ စထရပ်တိုကော့ကပ် (Streptococcus) ရောဂါပိုးဟာ လေနဲ့အတူ၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းကနေ အစာအိမ်ထဲဝင်ရောက်     သွားကာ စားသုံးသူထံ ကူးစက်နိုင်တယ်။ အစာထုတ်လုပ်တဲ့ အလုပ်သမား၊ အိမ်ဖော်တွေ ကူးစက်ရောဂါ ကင်းရှင်းဖို့လိုအပ်သလို ကျန်းမာရေးကင်းစင်ကြောင်း တစ်လအတွင်းစစ်ဆေးထားရှိမှုရှိရပါမယ်။ ရှောင်တစ်ခင်စစ်ရာမှာ သလိပ်နဲ့ လက်ကြားအရည်တွေကို စစ်ဆေးသွားသင့်တယ်။

တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း၊ လက်များ ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် (၂ဝ)ကြာဆေးကြောခြင်းမပြုရင် ဝမ်းလျှော၊ ဝမ်းပျက်စေတဲ့ရောဂါပိုးအမျိုးမျိုး အလွယ်တကူဝင်ရောက်နိုင်မှာပဲဖြစ်တယ်။ တကယ်ဝမ်းရောဂါရရင် စားဆေး နိုဘက်တင် (Norbactin)၊ မက်ထရို (Metro)နဲ့ ဒီကိုတေး (Dicotil) တစ်နေ့သုံးကြိမ်နဲ့ လေးရက်ဆက် သောက်ဖို့၊ ဓာတ်ဆားရည်သောက်ပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်နဲ့ စနစ်တကျပြသဖို့လိုတယ်။

အပူကြောင့် ရေဓာတ်ဆုံးရှုံး ခြင်း၊ ကြွက်တက်ခြင်းမှကာကွယ်ဖို့ နေအလွန်ပြင်းတဲ့ နေ့လည် (၁၂) နာရီမှ ညနေ(၃)နာရီအထိ အလုပ်မှအနားယူစေခြင်း၊ အစောပိုင်းအချိန် (သို့) ညနေပိုင်း (၅းဝဝ) နာရီနောက်ပိုင်း လုပ်ဆောင်ခြင်းမျိုး ပြောင်းသင့်တယ်။ မလွှဲသာလို့ နေပူထဲလုပ်ရရင် လုံလောက်တဲ့ အဆောင်းအကာများ၊ နေရောင်ခံခရင်မ် (Cream) လိမ်းပေးသင့်တယ်။ (၂)နာရီကြာတိုင်း (၁)ကြိမ် လိမ်းပေးဖို့လိုတယ်။ (သို့)သနပ်ခါး လိမ်းပေးနိုင်ပါတယ်။

နေပူမှပြန်လာပြီး ရေနွေး (သို့) ဓာတ်ဆားရည်သောက်ဖို့လိုမယ့်အပြင်၊ ခရမ်းလွန်ရောင်ခြည် (၉၉ ရာခိုင်နှုန်း) ကာကွယ်တဲ့ မျက်မှန်တပ်ဆင်ပေးဖို့လိုပါတယ်။ နေရောင်မှာ ကြာကြာမလုပ်စေဘဲ အလှည့်နဲ့လုပ်စေခြင်း၊ အလွန်ပူပြင်းတဲ့နေရောင်မှာ အလုပ်မလုပ်စေခြင်းတွေ ရှောင်သင့်တယ်။ အပူကြောင့် သွေးလန့်ခြင်း၊ ရေဓာတ် ဆုံးရှုံးစေခြင်းမှ သွေးလန့် (Shock)ရကာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဟာ ညဖက်မှာ သုညဖြစ်ပြီး အလွန်ပူပြင်းတဲ့ နေ့လည် (၁၂)နာရီမှ(၂)နာရီ အတွင်း ခရမ်းလွန်ရောင်ခြည် အမှတ်(၁၂)ထိ ရှိနိုင်တယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားညိုမည်းစွဲခြင်း၊ အရေပြားဓာတ်မတည့်ခြင်း၊ အရေပြားယားနာများ၊ အင်ပြင်ထွက်ခြင်း၊ အရေပြားကင်ဆာနဲ့ မျက်စိမှာ သက်ကြီးရေတိမ် (Cataract) ဖြစ်နိုင်ပါတယ်။ နေပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်တတ်ဖို့လိုတယ်။

ရေဆာရင် ရေပဲသောက်သင့်တယ်။ အရက်၊ ဘီယာ၊ ရှောင်သင့်တယ်။ အရက်ဘီယာဟာ ခန္ဓာကိုယ်ထဲရှိ သွေးကို ညစ်နွမ်းစေလို့ ရေများများသောက်ဖို့လိုလာမှာပဲဖြစ်တယ်။ အချိုရည်ဗူးတွေလည်း မသောက်သင့်ဘူး။

ယခုနှစ် ၂ဝ၁၉ မှာ ကြက်၊ ငှက်တုပ်ကွေး (H7N9) တရုတ်နိုင်ငံမှာဖြစ်ပွားနေလို့ မြန်မာနိုင်ငံကို ကူးစက်ရောက်ရှိ လာနိုင်တယ်။ တရုတ်မှ အေးခဲကြက်သား၊ ကြက်ဥအပြင် ကြက်ငှက်အရှင်သွင်းတာကန့်သတ်သလို၊ ဟိမဝန္တာဆောင်းခိုငှက်တွေကြောင့် ကြက်၊ ငှက်တုပ်ကွေးဖြစ်နိုင်လို့ ဇီဝလုံခြုံမှုရရှိစေဖို့ ကြက်ငှက်တွေကို အိမ်နဲ့အနည်းဆုံး (၃)မိုင်ခန့်အကွာမှာ မွေးမြူဖို့လိုမယ့်အပြင်  “ဇီဝလုံခြုံမှု”  ဂရုစိုက်ဖို့လိုအပ်လှပါတယ်။

သည်နှစ်နွေမှာ ပိုမိုပူပြင်းရာ ရေအရင်းအမြစ်များ ခန်းခြောက်လာတယ်။ ယင်းကို အခွင့်ကောင်းယူပြီး ခြင်ကျားပေါက်ပွားမှုပိုလာစရာရှိရာ ဇီကာဗိုင်းရပ်စ် (Zika Virus) “ဘရာဇီးလ်မှာ ကပ်ရောဂါအသွင်” ဖြစ်ခဲ့သလို ခြင်ကျားရဲ့မူလရင်းမြစ် အာရှနဲ့ အာဖရိကဒေသမှာ ဖြစ်နိုင်ခြေရှိနေတယ်။ နိုင်ငံပေါင်း (၃၉)နိုင်ငံ ပျံ့နှံ့ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ နိုင်ငံခြားသူကိုယ်ဝန်သည်တစ်ယောက် ‘ငွေဆောင်’ကမ်းခြေ သွားရောက်ခဲ့ပြီး ဇီကာကူးစက်ခံရ ကြောင်း သိရှိခဲ့လို့ ငွေဆောင်ကမ်းခြေတည်းခိုရာဟိုတယ်နဲ့ တစ်မိုင်ပတ်လည် ခြင်ဆေးဖျန်းခြင်း၊ ခြင်ဆေးမှုတ် ခြင်းတွေလုပ်ခဲ့ရတယ်။ ဇီကာရောဂါဖြစ်ရင် တုပ်ကွေးရောဂါလို ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်ပြီး အလိုလိုပျောက်သွားတယ်။ ကိုယ်ဝန်သည်မိခင်မှာဖြစ်ရင် ဦးနှောက်သေး (Microcephaly) ဉာဏ်ရည်မပြည့်ဝတဲ့ကလေးတွေ မွေးဖွားလာနိုင်လို့ ကိုယ်ဝန်မယူကြဖို့ လက်တင်အမေရိက နဲ့ စင်္ကာပူတို့မှာ နှိုးဆော်ထားတယ်။ ခြင်ကျားမှ သွေးလွန်တုပ်ကွေးလည်းဖြစ်နိုင်လို့ ခြင်ကျားနှိမ်နင်းရေး ဆောင်ရွက်ဖို့လိုပါတယ်။

ရေများ ဖုံးအုပ်ခြင်း၊ သွန်ပစ်ခြင်း၊ လဲလှယ်ပေးခြင်း၊ ရေစစ်နဲ့ စစ်ခြင်း၊ ခြင်စားငါးမွေးခြင်း၊ ခြင်မပေါက်ပွားအောင် အဘိတ် (Abate) ဆေးခပ်ခြင်း၊ ခြင်ကိုက်မခံရအောင် မယ်လာသီယွန်း ပါရာသီယွန်(Malathion, Parathion) ဆေးဖြန်းခြင်း၊ ဆေးမှုတ်ခြင်း၊ ခြင်ဆေးစိမ်ခြင်ထောင်နဲ့ နေ့/ညအိပ်ခြင်း၊ ကလေးငယ်များ ခြင်ထောင်နဲ့ နေ့/ညသိပ်ခြင်းများပြုလုပ်သင့်ပါတယ်။

ဇီကာနှင့် သွေးလွန်တုပ်ကွေးအတွက် ကာကွယ်ဆေး၊ ကုသဆေး မပေါ်သေးပါ။ ဇီကာဗိုင်းရပ်စ်ဟာ လူနာရဲ့ ချွေး/သလိပ်တို့မှာပါဝင်ပြီး လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သလို မိခင်မှကလေးကို ကူးစက်နိုင်ကြောင်း အမေရိကန် ပြည်ထောင်စု စီဒီစီ(CDC)ရောဂါ ထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးဗဟို(Control of Diseere Centre) ကဆိုတယ်။ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကိုယ်ဝန်သည် (နိုင်ငံခြားသူ)တစ်ဦးရှိခဲ့ပြီး ဇီကာဗိုင်းရပ်စ် ဟုတ်/မဟုတ် ခွဲခြားနိုင်တဲ့ နောက်ဆုံးပေါ်စက်အသစ်များနဲ့ စမ်းသပ်ပေးနိုင်ပြီပဲဖြစ်တယ်။

နွေရာသီမှာ ရေအရင်းအမြစ်ရှားပါးလို့ ရေချွေတာပြီး သီးနှံစိုက်ပျိုးရတဲ့အခါ ရာသီဥတုကြောင့် သီးနှံအထွက်လျော့ပါးကာ စားနပ်ရိက္ခာဈေးကြီးမြင့်မှု၊ ပြတ်လပ်မှုတွေ ကြုံရနိုင်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းသူတွေက မြန်မာပြည်မြောက်ပိုင်း ရေခဲတောင်မှရေခဲများ အရေပျော်လို့ မြစ်ရေကြီးမှု ရုတ်တရက်ဖြစ်ပေါ်လာလို့ ဧရာဝတီမြစ်အထက်ပိုင်းတွေ၊ အောက်ပိုင်းတွေမှာပါ မြစ်ရေတိုးမှု ဖြစ်လာနိုင်ကြောင်း သတိပေးထားတယ်။ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ရာသီဥတုပြောင်းလဲသွားတာဟာ သစ်တောများပြုန်းတီးခြင်းနဲ့ ဂေဟစနစ်ပြောင်းလဲခြင်းတို့ကြောင့်ဖြစ်နေလို့ သစ်တောများ ပြုစုပျိုးထောင်ရေးက အရေးကြီးလာတယ်။

မြစ်ချောင်းများအတွင်းရှိရေတွေ စံချိန်တင်ကျဆင်းမှုမှကာကွယ်ဖို့ ဆည်မြောင်း၊ တာတမံများ ဆောက်လုပ်ကာ ရေသိုလှောင်ထားခြင်းဖြင့် အားသာချက်များ ရှိနေတာကြောင့် အလယ်ပိုင်းမိုးနည်းဒေသမှာ ဆည်မြောင်း၊ တာတမံများ ဆောက်လုပ်ခြင်း၊ မြစ်ရေတင်စီမံကိန်းများ တိုးချဲ့ဆောင်ရွက်လုပ်ကိုင်သင့်ပါတယ်။ မြေအောက် ရေသုံးစွဲမှုများပြားလာရင် ရေပြတ်လပ်မှုတွေ ပိုမိုဆိုးရွားလာနိုင်လို့ ဆည်မြောင်းများ တည်ဆောက်၊ သစ်တောများထိန်းသိမ်းခြင်းကသာ အပူချိန်ပြင်းထန်ခြင်း၊ ရေရှားပါးခြင်းတို့မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒေါက်တာလွင်သန့်

Health Care